မြန်မာစစ်တပ်ကို ဘဏ္ဍာငွေ ပံ့ပိုးရာရောက်နေတဲ့ ဂျပန် ကုမ္ပဏီများ
2022.04.27

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံက လုပ်ငန်းတွေကို တချို့ ပြည်ပကုမ္ပဏီတွေက ရပ်နားလိုက်ပေမယ့် ဂျပန်နိုင်ငံက ကုမ္ပဏီကြီးတွေ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် မြန်မာစစ်တပ်ကို ဘဏ္ဍာငွေပံ့ပိုးရာရောက်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဂျပန် ကုမ္ပဏီ ၇ဝ ရာခိုင်နှုန်းလောက် တစ်နှစ် နှစ်နှစ်လောက် လုပ်ငန်း တိုးချဲ့ ဒါမှမဟုတ် လုပ်ငန်း မပျက်ဆက်လက် လုပ်ကိုင်နေမယ်လို့လည်း ဂျပန် ပြည်ပကုန်သွယ်ရေး အသင်းက ပြောထားပါတယ်။
သီလဝါ အထူးစီးပွားရေးဇုံ၊ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ Yoma Central ဆောက်လုပ်ရေး စီမံချက်၊ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းစီမံချက်တွေမှာ ဂျပန်ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေပါတယ်။
ENEOS Corporation၊ Sumitomo Corporation၊ Marubeni Corporation နဲ့ Mitsubishi Corporation စတဲ့ ဂျပန်ကုမ္ပဏီ လေးခုက ဆောင်ရွက်နေတဲ့ စီမံချက်တွေက စစ်တပ်နဲ့ ဘဏ္ဍာရေးအရ ဆက်စပ်နိုင်တယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးချိတ်ဆက်လုပ်ကိုင်နေသူတွေနဲ့ ကုမ္ပဏီတွေအကြောင်း သုတေသနလုပ်နေတဲ့ Justice for Myanmar က ထောက်ပြပါတယ်။
ဂျပန်နိုင်ငံဟာ ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့တာကစလို့ မြန်မာနိုင်ငံနဲ့ နီးစပ်ပြီး စီးပွားရေးကို ဦးစားပေးတဲ့နိုင်ငံလို့ တိုကျိုအခြေစိုက် Myanmar Global Support Foundation က Ko Bunny က ဝေဖန်ပါတယ်။
နီပွန် ရေနံနဲ့ စွမ်းအင် ကော်ပိုရေးရှင်းကို နံမည်ပြောင်းထားတဲ့ ENEOS Corporation ဟာ ရေနံတူးဖော်ရေး၊ တင်သွင်းရေးနဲ့ ရေနံစိမ်းသန့်စင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံချက်က နုတ်ထွက်ဖို့ ရည်ရွယ်တယ်လို့ မတ် ၂၅ ရက်က ပြောတဲ့အကြောင်း Reuters သတင်းကဖော်ပြပါတယ်။
မလေးရှားအစိုးရလည်ပတ်နေတဲ့ Petronas နဲ့ ဂျပန် Mitsubishi Corp တို့က ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံချက်က အစုရှယ်ယာတွေ ဖေဖော်ဝါရီလမှာ လွှဲပြောင်းနေတယ်လို့ သတင်းတွေ ပေါ်ထွက်ပြီး အဲဒီလိုဆုံးဖြတ်တာပါ။
ရဲတံခွန်စီမံချက်က နုတ်ထွက်ဖို့ Justice for Myanmar က Mitsubishi Corporation နဲ့ ENEOS Corporation ကို စာပေးပို့ပြီးတဲ့နောက် စီမံချက်က နုတ်ထွက်ဖို့ စီစဉ်တယ်လို့ သတင်းထွက်လာပါတယ်။
Justice for Myanmar ကတော့ စစ်တပ်ဆီ ငွေ စီးဝင်နေတဲ့ ဒီစီမံချက်နဲ့ အဆက်ဖြတ်ဖို့ ထောင့်စုံက စီစဉ်ပါလို့ ဆက်လက်တိုက်တွန်းတဲ့အကြောင်း ဧပြီ ၂ဝ က ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်က တိုက်ရိုက်ရင်းနှီးမြှုပ်နှံထားတာမဟုတ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်းနဲ့ Mitsubishi Corporation က လုပ်ကိုင်နေတာလို့ စောဒက တက်ထားပါတယ်။
သီလဝါအထူးစီးပွားရေးဇုန် စီမံချက်မှာ မာရူဘီနီကော်ပိုရေးရှင်းက ဓာတ်မြေသြဇာစက်ရုံစီမံချက်ရှိပြီး စီမံချက် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌသစ်ခန့်အပ်ထားပါတယ်။ ဒီအတွက် ဒီစီမံချက်တစ်ခုလုံးကို စစ်တပ်ကပါဝင်ပတ်သက်မှာကို စိုးရိမ်ရတယ်လို့ Justice for Myanmar ကပြောပါတယ်။
သီလဝါဆိပ်ကမ်းစီမံချက်နဲ့ ပတ်သက်လို့လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ စာချုပ်ချုပ်ဆိုပေမယ့် ဝန်ကြီးဌာနတွေကို စစ်တပ်က ချုပ်ကိုင်ထားတဲ့အတွက် စစ်တပ်ဆီ ငွေစီးဝင်တာ တားမြစ်ဖို့ ဖြစ်နိုင်ခြေ မရှိနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
Yoma Central ဆောက်လုပ်ရေး စီမံချက်က နိုင်ငံပိုင် မြန်မာ့ရထားမြေမှာ ဆောက်လုပ်နေတာ ဆိုင်းငံ့ထားတယ်ဆိုပေမယ့် မြေငှားရမ်းခက မြန်မာစစ်တပ်ဆီ စီးဝင်-မဝင် မသေချာတဲ့အတွက် စိုးရိမ်စရာရှိတယ်လို့ ပြောပါတယ်။