ရိုဟင်ဂျာ ပဋိပက္ခ တာဝန်ယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိအားပေးခံရ


2018.09.21
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို NLD အစိုးရအနေနဲ့ အရေးယူဖို့ လိုတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hunt က ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေကတော့ NLD အနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေအရ တပ်မတော်ကို အရေးယူဖို့ရာ ဖြစ်နိုင်ချေမရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ထိခိုက်သွားနိုင်တယ်လို့ ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့်က မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို မညိုးနွမ်းစေချင်ဘူးဆိုရင် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပုန်းအောင်းခိုလှိုခွင့်မပေးဘဲ အရေးယူဖို့ တာဝန်ခံရမှာဖြစ်တယ်လို့ ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီး ဟန့်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ တပ်မတော်တာဝန်ရှိသူတွေကို အရေးယူဖု့ိ အရေးကြီးကြောင်း ပြောကြားရင်း တဆက်တည်းမှာပဲ တကယ်လို့ အဲဒီလို မြန်မာနိုင်ငံအနေနဲ့ အရေးယူမှုမရှိဘူးဆိုရင် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အပါအဝင် တခြားနည်းလမ်းတွေကို စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာ တာဝန်ခံအရေးယူမှုမရှိဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက ဒီကိစ္စကို ငြိမ်နေမှာ မဟုတ်ဘူးလို့လည်း ဗြိတိန်ဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေကတော့ လက်ရှိ အစိုးရအနေနဲ့ တပ်မတော်ကို အရေးယူကိုင်တွယ်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ကို မိမိ သွားရောက်ခဲ့ရာမှာ အာဏာပိုင်တွေက လူသူမရှိတဲ့ ပြန်လည်လက်ခံရေးစခန်းတွေကို လိုက်လံပြသခဲ့ကြပါတယ်၊ သူတို့ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ အဲဒီလို ပြန်လာဖို့အတွက် ယုံကြည်မှုရရှိရန် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သူတွေအပေါ် တရားဥပဒေနဲ့အညီ အရေးယူတာကို ဒုက္ခသည်တွေ မြင်တွေ့ရဖို့ လိုအပ်ပါတယ်၊ တကယ်လို့ တာဝန်ခံမှုနဲ့ တရားမျှတမှု မရှိဘူးဆိုရင် မြန်မာနိုင်ငံရဲ့သမိုင်းဟာ ခမာနီတွေတွေ ကမ္ဘောဒီးယားမှာ ကျူးလွန်ခဲ့သလို အမည်းစက်ထင်ကျန်ရစ်ပါလိမ့်မယ်လို့ ဝန်ကြီး ဟန့်က ပြောပါတယ်။

မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ တခြားနိုင်ငံတွေနဲ့တော့ မတူဘူးလို့ ဒေါက်တာတင့်ဆွေက ရှုမြင်ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ထောက်ခံပါသလားလို့ ဝန်ကြီး Hunt ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ အဲဒီကိစ္စအတွက် လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုလိုတယ်၊ အဲဒီလို ထောက်ခံမှု ရချင်မှရမှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ တခြားနည်းလမ်းတွေကို စဉ်းစားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သူက ပြောကြားခဲ့ရာမှာ အဲဒီလို လုပ်ဆောင်ဖို့အတွက် တရားစီရင်ရေးလုပ်ငန်းစဉ်တွေ အဆုံးသတ်ဖို့ လိုအပ်ဖွယ်ရှိတယ်လို့ ပြန်လည်ပြောကြားကြောင်း၊ ဒါပေမဲ့ မိမိက အကျိုးသင့်အကြောင်းသင့် ပြောကြားခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် က သူမ စဉ်းစားပါ့မယ်လို့ ပြောဆိုကြောင်းလည်း ဝန်ကြီး ဟန့် ကပြောပါတယ်။

တဆက်တည်းမှာပဲ လက်ရှိအခြေအနေဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ် ဖူးပွင့်စ မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်ဟာ နည်းလမ်းမှန်ကန်ပြီး ထိထိရောက်ရောက် စီရင်ဆုံးဖြတ်မှုရှိတယ်ဆိုတာ ကမ္ဘာကိုပြသဖို့ လိုအပ်ပါတယ်။ ဒီအမှုမှာ အဲဒီလို မဖြစ်ခဲ့ဘူးလို့ ယူဆစရာအချက်တချို့ရှိပါတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့် က ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံခွင့်တောင်းခံတာကို တပ်မတော်ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှု နဲ့ ပတ်သက်တဲ့ ကြားနာပွဲတခုကို စက်တင်ဘာ ၂၆ ရက်နေ့ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။