ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပြန်ရှင်သန်လာနိုင်တဲ့ ၂၀၂၀
2020.01.10

တပ်မတော်တစ်ခုတည်းထားရှိရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုတဲ့အချက်တွေပါတဲ့ ဖက်ဒရယ် အခြေခံမူတွေကို ဆွေးနွေးပြီး မပြေလည်လို့ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းနေခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ JICM အစည်းအဝေးပြီးနောက် ပြေလည်မှုတွေ ပြန်ရလာခဲ့ပါတယ်။
သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဘယ်လိုပြေလည်မှုတွေရယူခဲ့ကြပါသလဲ။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးစွာချမှတ်ဖို့ ညှိနှိုင်းနေကြတဲ့ အခြေခံမူတွေထားရှိရေး ဆွေးနွေးနေရာမှာ သဘောထားမတူညီလို့ မပြေလည်ခဲ့ကြတဲ့ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တူညီတဲ့အချက် တစ်ခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်အောင် ထောက်ပံ့ကူညီခဲ့ပါတယ်။
အဲဒါကတော့ ၂၀၂၀ ခုနစ်ဟာ အားလုံးအတွက် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအရ အရေးကြီးတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့နှစ်ဆိုတဲ့ အချက်ပါပဲ။
ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်ဆိုပြီး ကြွေးကြော်သံနဲ့ တက်လာတဲ့ NLD အစိုးရအတွက် အစိုးရ သက်တမ်းနောက်ဆုံးနှစ်ဖြစ်တဲ့ ဒီနှစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ရောက်ဖို့ အလွန်အရေးပါနေသလို နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ တပ်မတော်အတွက်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာ တပ်မတော်ခေါင်းဆောင်တွေက နားလည်ကြပါတယ်။
“၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအရရော၊ ငြိမ်းချမ်းရေးအရရော အရေးကြီးတဲ့နှစ် ဖြစ်သလို စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေတဲ့နှစ်ဆိုတာလည်း သတိမမေ့ကြဘဲ ဒီလိုကန့်သတ်ချက်ကြားမှာပဲ စိန်ခေါ်မှုအသီးသီးကို စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားသွားကြရမှာဖြစ်ပါတယ်”
ဒါက ဇန်နဝါရီလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောသွားခဲ့တာပါ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ အစိုးရအပြောင်းအလဲနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အပြောင်းအလဲဖြစ်မှာကို စိုးရိမ်တဲ့အတွက် ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မယ့် အစီစဉ်တစ်ခုကို သဘောတူညီချက်ရဖို့က လက်ရှိအချိန်ဟာ အရေးကြီးတဲ့ ကာလဖြစ်နေပါတယ်။
အခုလ ၈ ရက်နေ့က တွေ့ဆုံမှုမှာ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကို အခုနှစ်ဧပြီလ မတိုင်ခင်ကျင်းပဖို့ အားလုံးက သဘောတူခဲ့ကြပါတယ်။
ဒါကြောင့် တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဒီနှစ်ဆန်းမှာပဲ ပြန်အသက်ဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေရာကနေ ပြန်စတင်လာနိုင်စေတဲ့ အကြောင်းအရာတွေက ဘာလဲလို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မေးကြည့်တော့ တချို့ပြောပြတာက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NCA လေးနှစ်ပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ အခြေခံမူတွေဟာ တိုင်းရင်းသားတွေဘက်က လိုလားနေတဲ့အချက်တွေထဲက တချို့နဲ့ ထပ်တူကျနေတာကြောင့်လို့ ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတဲ့ အစိုးရက လက်ခံတဲ့ ဖက်ဒရယ်မူဆိုတာက -
“ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှုတွေရှိရမယ်၊ သယံဇာတခွဲဝေမှုနဲ့ အခွန်အကောက် ခွဲဝေမှုတွေရှိရမယ်၊ ဖက်ဒရယ်ယူနစ်တွေ အားလုံးဟာ တန်းတူရည်တူရှိရမယ်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေရှိရမယ်။ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ် စတဲ့အခြေခံမူတွေကို ကျွန်မတို့ အစိုးရအနေနဲ့ မူအားဖြင့် လက်ခံထားပြီး ဖြစ်ပါတယ်။ အသေးစိတ်အခြေခံမူတွေ ချမှတ်ရာမှာ အားလုံးညှိနှိုင်းတိုင်ပင်ပြီး သဘောတူညီချက်တွေအဖြစ်ချမှတ်ဖို့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ကျွန်မတို့ အားလုံးပါဝင်နိုင်ကြဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီဖက်ဒရယ်မူတွေကို လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ညီလာခံမှာ သဘောတူပြီး ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်တယ်လို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်း က ပြောပါတယ်။
“ကျွန်တော် တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ တောင်းခံတဲ့ အခြေခံမူထဲက အရေးကြီးဆုံးအချက် ခြောက်ချက်ကို သူသဘောတူတယ်။ ဒါအစိုးရ ပေါ်လစီဖြစ်တယ်ဆိုတာ သူတင်ပြလိုက်တယ်။ အဲဒါကြီးက အခု ကျွန်တော်တို့ ဆွေးနွေးပွဲတွေ အဆင်ပြေသွားတယ်။ ဒီညီလာခံကြီး ကျင်းပနိုင်တယ်ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ချပေးထားတဲ့ အခြေခံမူ ခြောက်ခုပေါ့နော် အဲဒါကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုနိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေနဲ့ ဆက်သွားလို့ရပါပြီ”
၂၀၂၀ မတိုင်ခင် အာဏာခွဲဝေမှု၊ ဘဏ္ဍာငွေခွဲဝေမှု၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ စတဲ့ ဖက်ဒရယ် အခြေခံမူတွေကို ချမှတ်ပြီး ဦးစားပေးအဆင့်အလိုက် ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ အလွန်မှာ ဆက်ဆောင်ရွက်ဖို့ တိုင်းရင်းသားအဖွဲ့တွေက လိုလားနေကြပါတယ်။ အရင်က မပြေလည်ခဲ့တဲ့ တပ်မတော် တစ်ခုတည်းထားရှိရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စတွေကိုတော့ ဦးစားပေးအဆင့်မှာ မထည့်သွင်းသင့်ဘူးလို့ လေ့လာသူတွေကလည်း ပြောကြပါတယ်။
NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နှောင့်နှေးမှုတွေရှိခဲ့ပေမယ့် လက်ရှိမှာ ဒီအခြေအနေကနေ ကျော်လွှားနိုင်ပြီလို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရမယ်၊ ဘယ်သူက အနိုင်ရမယ်ဆိုတာကို ကျွန်မတို့ တထစ်ချ မတွက်ဆနိုင်ပါဘူး။ NLD အစိုးရ တက်လာပြီးတဲ့နောက်မှာတော့ အတိုင်းအတာ တစ်ခုအထိ နှေးကွေးခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းဆန်လို့လည်း ရမှာမဟုတ်ပါဘူး။ တစ်ဆို့သွားတဲ့ နောက်ပိုင်းမှာဆိုရင် NLD အစိုးရကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အတွက် အကြိတ်အနယ်ကြိုးစားတာကို ကျမတို့ တွေ့ရတယ်။ အခုလည်းပဲ ရလာတဲ့ ရလာဒ်ဟာဆိုရင် အလုပ်အဖွဲ့ နှစ်ဖွဲ့စလုံး အကြိတ်အနယ်ဆွေးနွေးပွဲတွေကြောင့် အများကြီး ဖြစ်ပါတယ်”
၂၀၂၀ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေရအောင် တိုက်ပွဲတွေရပ်စဲအောင် လူထုက ဝိုင်းဝန်းတောင်းဆိုဖို့နဲ့ တပ်မတော်၊ အစိုးရ၊ အပစ်ရပ် တိုင်းရင်းသားတွေတင်မကဘဲ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ဖိအားပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
တရုတ်သမ္မတခရီးစဉ်အပြီးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြား ဆွေးနွေးမှုတွေဟာလည်း အကောင်းဘက်ကို ရောက်ရှိလာနိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ တဖက်သတ်စစ်ရပ်စဲမှုကို သူတို့ဘက်က ပြန်ကြေညာလာရတဲ့အထိ အနေအထားတွေ ပြန်ရောက်လာတာပေါ့လေ။ အဲလိုရှိလာတဲ့ အနေအထားအောက်မှာ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး အစည်းအဝေးတွေ လုပ်နိုင်တယ်ဆိုရင်တော့ ၂၀၂၀ အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှု တစ်စုံတစ်ရာရှိနိုင်ပါတယ်။ မြောက်ပိုင်း သုံးဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့လည်း တရုတ်သမ္မတ ခရီးစဉ်အပြီးမှာ ငြိမ်းချမ်းရေး စားပွဲမှာ တိုးတက်မှုတွေ တွေ့လာရလေမလားလို့ စောင့်မျှော်ရတဲ့ အနေအထားရှိပါတယ်”
ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာပြည်အတွက် အရေးကြီးတာကြောင့် နိုင်ငံတကာ ဖိအားကြောင့်ဖြစ်စေ၊ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကြောင့်ဖြစ်စေ အဖွဲ့အစည်းအားလုံး တက်တက်ကြွကြွ ပါဝင်လာတာဟာ ကောင်းမွန်တဲ့ပြောင်းလဲမှုလို့ ဆိုကြပါတယ်။
လက်ရှိအခြေအနေတွေအရ ၂၀၂၀ ခုနှစ်ဟာ မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေပြန်ရှင်သန်လာမယ့် နှစ်ဖြစ်လိမ့်မယ်လို့ အများအပြားက မှတ်ချက်ပေးကြပါတယ်။