၂၀၁၈ ခုနှစ်အတွင်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ
2019.01.02

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရေး အပြောင်းအလဲကြီးတစ်ခုဖြစ်တဲ့ သမ္မတအပြောင်းအလဲမှာ ပြည် သူတွေက အသစ်တက်လာခဲ့တဲ့ သမ္မတဦးဝင်းမြင့်အနေနဲ့ ယိမ်းယိုင်နေတဲ့ မြန်မာပြည်ရဲ့ တရားစီရင် ရေးကို ပြန်တည့်မတ်လာ နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီနှစ်အတွင်း တရားစီရင်ရေးကဏ္ဍမှာ ဘယ်လိုအပြောင်းအလဲတွေရှိခဲ့ပါသလဲ။ RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
၂၀၁၈ ခုနှစ်အတွင်း တရားစီရင်ရေးကဏ္ဍ အပြောင်းအလဲ
(ဝေမာထွန်း)
■ “သူကဥပဒေပညာရှင်လည်းဖြစ်တော့ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ အခုလက်ရှိရှိနေတဲ့ အခြေအနေတွေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ကျနော်တို့ မျှော်လင့်ပြီး သူ့ကို ကြိုဆိုကြတာပေါ့ဗျာ။”
“လွှတ်တော်ထဲမှာ အမြဲကြားနေရတာ သူကဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ ဆိုတယ်။ တရားသူကြီးတွေကို ပြတ်ပြတ်သားသားလုပ်ဖို့ မမှန်မကန်လုပ်တဲ့ တရားသူကြီးတွေကိုလည်း အရေးယူဖို့ ရဲရဲရင့်ရင့် ပြောတာတွေမြင်ရတော့ မျှော်လင့်တာပေါ့။”
“တရားဥပဒေစိုးမိုးရေးနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိထိမိမိကိုင်တွယ်လိမ့်မယ်။ နောက်တစ်ချက်က တရားရုံးတွေကို ထိထိမိမိကိုင်တွယ်လိမ့်မယ်။”
အခုကြားခဲ့ရတာတွေက ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတဖြစ်လာတဲ့အပေါ် တရားရေးဝန်ထမ်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ အခြေခံလူတန်းစားတွေ မှတ်ချက်ပြုပြောခဲ့တဲ့စကားတွေဖြစ်ပြီး RFA ရဲ့ ရေဒီယိုအစီစဉ်တွေမှာ ထုတ်လွှင့်ပေးခဲ့တာတွေထဲက ပြန်ပြီးကောက်နုတ်တင်ပြလိုက်တာပါ။
သမ္မတဦးဝင်းမြင့်ဟာ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
သူအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့ကတည်းက ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို ပြန်တည့်မတ်မယ်လို့ ပြည်သူတွေကို ကတိပေးထားပါတယ်။
“ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ဖို့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီးများနဲ့ တွေ့ဆုံပြီး တရားရုံးအသီးသီးအား တရားသူကြီးအဆင့်ဆင့်က တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းရပါလိမ့်မယ်။ ဥပဒေရဲ့ရှေ့မှောက်မှာ အားလုံးအညီအမျှဖြစ်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါမယ်။”
ဒါက ဧပြီလ ၁၇ ရက်နေ့က သမ္မတဦးဝင်းမြင့်က တရားရေးပိုင်းနဲ့ ပတ်သက်ပြီး သူဆောင်ရွက်လိုတဲ့အရာတွေကို နှစ်သစ်ကူးမိန့်ခွန်းထဲ ထည့်သွင်းပြောခဲ့တာကို ပြန်ကြားရတာပါ။
သမ္မတကြီးရည်မှန်းတဲ့ တရားစီရင်ရေးပုံစံကို ဒီနှစ်ထဲ ဘယ်လောက်အတိုင်းအတာထိ အကောင် အထည်ဖော်ခဲ့နိုင်ပါပြီလဲ။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို မှတ်ချက်ပြုပါတယ်။
“တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ရင် တရားလွှတ်တော်ရှေ့နေကနေ သမ္မတဖြစ်လာတဲ့ သမ္မတကြီး ဦးဝင်းမြင့် လက်ထက်မှာ တိုးတက်မှုလေးတွေတော့ ရှိပါတယ်။ သို့ပါသော်လည်း အဓိကကျတဲ့အပိုင်းတွေမှာ လိုအပ် ချက်လေးတွေ ရှိနေသေးတယ်။ အခုတရားရုံးတချို့မှာ တရားသူကြီးတချို့က အမှုသည်တွေနဲ့ ရှေ့နေ၊ ရှေ့ရပ်တွေအပေါ်မှာ ဥပဒေအတိုင်း မဟုတ်တဲ့ ဆက်ဆံမှုတွေ၊ သုံးသပ်မှုတွေ၊ ဒို့လက်ထဲမှာ စီရင်ချက်ရေး ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အစွဲအလမ်းနဲ့ လွဲမှားစွာလုပ်တာတွေရှိတယ်။ တပ်ပိုင်းဆိုင်ရာနဲ့ ဖြစ်တဲ့ကိစ္စတွေမှာ တရားရုံးတွေက အတော်သတိထားပြီး အမှုစစ်ဆေးဆုံးဖြတ်နေကြတယ်။ ဥပမာ- မြစ်ကြီးနားမှာဖြစ်တဲ့ ကိစ္စဆိုရင် ပုဒ်မ ၅၀၀ အသေရေဖျက်မှုတောင် ထောင်ကျရတယ်ဆိုတော့ တပ်က ဝင်မစွက်ဖက်သည့် တိုင်အောင် အလိုလိုနေရင်းနဲ့ တရားသူကြီးတွေက ဘယာ ဂတိတွေဖြစ်ကုန်တာ အဲဒါပါ။”
သမ္မတဦးဝင်းမြင့်အနေနဲ့ ဒီ ၉ လတာကာလအတွင်း တရားစီရင်ရေးလမ်းကြောင်း တည့်မတ်ရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ ပြန်ကြည့်မယ်ဆိုရင် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို တရားရုံးက အမှုရုပ်သိမ်းကြောင်း ဆုံးဖြတ်ခဲ့တာကို သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်စိစစ်စေခဲ့မှုဟာ မြန်မာပြည်တရားစီရင်ရေးရဲ့ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုပါ။
အဲဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရသူဘက်က လာဘ်ငွေယူခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိ ၅ ဦးနဲ့ ရွှေပေါက္ကံနယ်မြေ စခန်းမှူး ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတင်နိုင်ခဲ့တာက တရားရေး အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးဇော်မင်းလှိုင်က ဥပဒေအကြောင်းနားလည်တဲ့ သမ္မတအုပ်ချုပ်နေတဲ့ ကာလမို့ ဒီအမှုက ပြန်စစ်ခွင့်ရခဲ့တာလို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ဥပဒေလောကထဲက မဟုတ်တဲ့ သမ္မတ၊ ဥပဒေအကြောင်း နားမလည်တဲ့ သမ္မတဆို ဒီလို ပြန်စစ်ပေး ရကောင်းမှန်း မသိဘူး။ မသိတဲ့အတွက် အဲဟာကြီးက မြုပ်သွားမှာ။ အဂတိလိုက်စားမှုကို ရှောင်ရှားပြီး နည်းနည်းလေးတွန့်သွားတယ်၊ ဒီကိစ္စက ဒါပေမဲ့ ကြောက်သလားဆို မကြောက်ပါဘူး။ မဏ္ဍိုင်ကြီးတစ်ခုလုံးကို တည့်မတ်အောင်လုပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ သမ္မတသွားတဲ့လမ်းကြောင်းကို တည့်မတ်စွာလိုက်ဖို့လိုတယ်။ ဂဏန်းသွားသွားနေတဲ့ ထွေအုပ်တွေ၊ တရားစီရင်ရေးမဏ္ဍိုင်က တရားသူကြီးတွေ အဲဒါတွေအားလုံး အမြစ်ဖြတ်ပြီး ကောင်းကောင်းမွန်ထိန်းကြောင်းနိုင်မှ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လိမ့်မယ်။”
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေးနဲ့ ပတ်သက်လို့ သမ္မတရဲ့ တခြားသော လှုပ်ရှားဆောင်ရွက်မှုတွေကို ထပ်ပြောရမယ်ဆိုရင် သမ္မတဖြစ်ဖြစ်ပြီးချင်း ၁၁ ရက်မြောက်နေ့မှာ ဦးဝင်းမြင့်ဟာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တရားလွှတ်တော်ချုပ်တရားသူကြီးတွေကို တွေ့ဆုံခဲ့သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့တာရှိပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ်။
၂၀၁၈ သြဂုတ်လထဲ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာကို သမ္မတ ဦးဝင်းမြင့်ရောက်တော့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းအမှုကို ပြန်စစ်ပေးဖို့ ဒေသခံတွေက တင်ပြခဲ့လို့ သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်စိစစ်တာတွေ ရှိခဲ့ပါတယ်။
ဒီအမှုကတော့ ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုလို ဒေသခံတွေမျှော်လင့်တဲ့ အခြေအနေ ပြန်မရောက်လာခဲ့ပါဘူး။
ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်လို့ သမ္မတညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်စိစစ်ရာမှာ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ လက်ပံတောင်းဒေသခံ ဒေါ်စန်းနွဲ့က
“အဲဒီအချိန်တုန်းကတော့ ပြောလို့ရှိရင် ဒီအမှုမှန်တွေကို ဖော်ထုတ်တော့မှာပဲ ဆိုပြီးတော့ အန်တီတို့က အားရဝမ်းသာရှိခဲ့တယ်။ သမ္မတရောက်လာလို့ တိုင်လိုက်သည့်အတွက်ကို မြို့နယ်တွေကော၊ အားလုံးက လေးလေးစားစားနဲ့ တွန်းတွန်းတိုက်တိုက်လေး ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာတွေရှိတော့ အန်တီတို့ တော်တော်လေးမျှော်လင့်ခဲ့တာပဲ။ ခုချိန်ထိတော့ ထူးခြားမှုမရှိတော့ စိတ်အားတော့ ငယ်သွားတာပေါ့။ တကယ့်ကို ပစ်မိန့်ပေးပြီး ပစ်သတ်တဲ့သူကို ထိထိရောက်ရောက်အရေးယူူဖို့ အမြဲတမ်းပြောပါတယ်။”
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာမှုကို တွက်ဆမယ်ဆိုရင် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ပြည်သူတွေရဲ့သဘောထားတွေနဲ့ ဘယ်လောက်ထပ်တူကြသလဲဆိုတာနဲ့ ယေဘူယျ မှန်းဆနိုင်ပါတယ်။
ဒီနှစ်ထဲ တရားရုံးတွေရဲ့ တရားစီရင်ချက်တွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတလို့ ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်ကြတဲ့ အမှုတွေလည်း ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း အင်းဒင်ရွာလူသတ်မှုအကြောင်း သတင်းရေးသားခဲ့တဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက် ဥပဒေ ပုဒ်မ ၃(၁)(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာ၊ အဲဒီအမှုနဲ့ ဆက်စပ်ပြီး ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျတ်တယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာ။
ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို RFA သတင်းဌာနကတဆင့် ထုတ်ဖော်ပြောခဲ့လို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချခဲ့ပြီး နောက်ဆက်တွဲ ပုဒ်မတွေနဲ့ အမှုဆက်လက်စွဲဆိုတာ၊ မြစ်ကြီးနားမှာ ကချင်စစ်ဘေးဒုက္ခသည်တွေ အကူအညီပေးရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့တဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက်နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ၅ သိန်းစီ ချမှတ်ခဲ့တာနဲ့ သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူဖမ်းဆီးရမိခဲ့တဲ့အတွက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)နဲ့ ဒီနှစ်ထဲ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တဲ့တာ တွေရှိခဲ့ပါတယ်။
ဒါတွေက သမ္မတကြီး မျှော်မှန်းတဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံးတန်းတူညီမျှဖြစ်ရေးဆိုတဲ့ ရည်မှန်းချက်ကို သွေဖီနေသလားဆိုတာက မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။
“အများစုက အများပြည်သူမျှော်မှန်းတဲ့ အဆုံးအဖြတ်တွေ မဖြစ်ခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ တရားစီရင်ရေး တစ်ခုတည်းတော့ မဟုတ်ဘူးဗျ။ တရားရုံး တစ်ခုထဲကနေ တိမ်းစောငင်းနေလို့တော့ မဟုတ်ဘူး။ အမှုစွဲတင်ကတည်းက မတင်သင့်တဲ့ ပုဒ်မနဲ့သော်လည်းကောင်း၊ မတင်သင့်တဲ့ လူကိုလည်းကောင်းစွဲတင်တာ၊ တရားခွင်ရောက်တဲ့အခါကျတော့လည်း တရားခွင်တရားသူကြီးအနေနဲ့ တရားခံကို မှားအပစ်ပေးတာ ငါအလုပ်မပြုတ်ဘူး၊ တရားခံကို မှားလွှတ်ပေးလိုက်ရင် ငါအလုပ်ပြုတ်ရချေရဲ့ ဆိုပြီးတော့မှ စိုးရိမ်ချက် ဘယာတွေရှိတယ်ဗျ။ အဲဒါတွေနဲ့ စဉ်းစားလိုက်တဲ့အခါ တရားခံတွေအတွက် အများကြီး နစ်နာသွားတာတွေရှိတာပေါ့ဗျာ။”
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အတွက် ရှေ့နေအဖြစ်ဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ သုံးသပ်ချက်ကို ကြားခဲ့ရတာပါ။
တရားခွင်အတွင်း ရှေ့နေတွေကလည်း တရားစီရင်ရေးကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် သမ္မတနဲ့ တွေ့ဆုံပြီး အကြံဉာဏ်ပေးလိုတာ၊ လိုအပ်ချက်တွေ တင်ပြချင်တာတွေ ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ ဒီအခွင့်အရေးကို သူတို့မရခဲ့ပါဘူး။
မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ဒါဟာ သမ္မတကြီးအတွက် အားနည်းချက်တစ်ခုများ ဖြစ်မလားလို့ မြင်ကြောင်း ပြောပါတယ်။
“ရှေ့နေတွေကို ဒီနေ့အထိ ခေါ်မတွေ့သေးဘူး သမ္မတကြီးက တရားလွှတ်တော်ရှေ့နေတွေနဲ့ဖြစ်စေ အထက်တန်းရှေ့နေတွေနဲ့ဖြစ်စေ တိုင်းနဲ့ပြည်နယ်တွေက ရှေ့နေတွေကို ပြောတာနော်။ ရှေ့နေတွေ သီးသန့် ခေါ်တွေ့တယ်၊ ဆွေးနွေးတယ်၊ အမြင်ဖလှယ်တယ်၊ အသံနားထောင်တယ်ဆိုတာမရှိဘူး။ အဲဒါအကြီးမားဆုံး ချို့ယွင်းချက် (၁)၊ တရားစီရင်ရေး ပြောင်းလဲဖို့ကိစ္စမှာ အရင်သမ္မတတွေလိုပဲ အရင်အကြီးအကဲတွေလိုပဲ အပေါ်က ရီပို့တွေ၊ နီးစပ်တဲ့သူတွေရဲ့ ပြောစကားတွေနဲ့ပဲ သွားနေတယ်ဆိုတဲ့ သဘော။”
ရှေ့နေတော်တော်များများကို မေးကြည့်တော့ သမ္မတကြီးကို သူတို့တွေ့ပြီး ပြောချင်နေတဲ့ အကြောင်းက
“ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကနေ တရားရေးဝန်ကြီးဌာန တောင်းဆိုထားတယ်လေ။ အဲဒါက တရားစီရင်ရေးကို ပြောင်းလဲသွားစေနိုင်တယ်။ အဲဒါကို ဆက်ဆောင်ရွက်မယ်။ သမ္မတကြီးဆီလည်း တင်ပြမယ်။ တကယ်လို့ တရားရေးဝန်ကြီးဌာန ပေါ်ပေါက်လာမယ်ဆိုရင် တရားစီရင်ရေးဟာ ပိုပြီးမြန်ဆန်သွက်လက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။”
မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောခဲ့တာပါ။ ရှေ့နေတွေက တရားရေးဝန်ကြီးဌာန ပေါ်ထွက်လာဖို့ စိတ်အားထက်သန်နေကြပါတယ်။
တရားရေးဝန်ကြီးဌာန မရှိတဲ့အတွက် သမာသမတ်မရှိတဲ့ တရားသူကြီးတွေကို ပြည်သူတွေက တန်ပြန်ထိန်းကြောင်းနိုင်မယ့် အခွင့်အရေးဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တရားသူကြီးတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားသူကြီးချုပ်ကပဲ အရေးယူဆောင်ရွက်နေတာပါ။ တိုင်ကြားစာတွေအရ တရားရေးဝန်ထမ်းတွေ၊ တရားသူကြီးတွေကို သတိပေးတာ၊ လစာလျော့တာ၊ ရာထူးတိုးရပ်ဆိုင်းတာ၊ ရာထူးအဆင့်လျော့ချတာ စတဲ့ အရေးယူမှုတွေတော့ရှိပါတယ်။
ဒါပေမဲ့ တရားသူကြီးတွေကို မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်ထောင်စု စသဖြင့် အဆင့်ဆင့် ထိန်းကျောင်းတဲ့နည်းစနစ်နဲ့ သွားနေတဲ့အတွက် ဆရာတပည့်ဆက်ဆံရေးတွေအရ ထိရောက်ကွပ်ကဲမှု မရှိတာတွေ တွေ့ရတယ်လို့ ပြောကြပါတယ်။
ဒီ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကာလတွေမှာတော့ ရှေ့နေရှေ့ရပ်တွေက သူတို့လိုလားနေကြတဲ့ တရားရေးဝန်ကြီးဌာန ပေါ်ပေါက်လာရေးအတွက် လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပမှာ ကြိုးပမ်းလာမှုတွေကို တွေ့မြင်လာရတော့မှာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့ ဦးအောင်သိန်းက တရားရေးဝန်ကြီးဌာနထားရှိရေးအတွက် လွှတ်တော်မှာ အဆိုတင်ဖို့ ရှိတယ်လို့ ပြောလာပါတယ်။
“အားနည်းချက်တစ်ခု ဒီနေဖြစ်နေတာက တရားရေးဝန်ကြီးဌာန မပေါ်နိုင်သေးတဲ့ ပြဿနာပေါ့။ ဒီလွှတ်တော်ပြန်ဖွင့်ရင်တော့ ကျနော်တို့က အဲဒါကို အဆိုတရပ်အနေနဲ့ တင်သွင်းဖို့တော့ရှိတယ်ခင်ဗျ။ ဇန်နဝါရီ ၂၁ လောက် ပြန်တက်ရမယ်ဆိုတော့ အဲဒီပြန်တက်ရမယ့် ဇန်နဝါရီ ၂၁ နောက်ပိုင်းမှာ ကျနော်တို့တင်ဖို့ အစီစဉ်ရှိတာပေါ့။ ပြီးခဲ့တဲ့ သက်တမ်းတွေမှာလည်း ကျနော်တို့ဖော်ဖို့ ကြိုးစားတယ်ခင်ဗျ။ ဒါပေမဲ့ စောပါသေးတယ်။ မတင်ပါသေးနဲ့ဦးလို့ ပြောလို့ ကျနော်တို့ မတင်ပါသေးနဲ့ဦးဆိုလို့ ကျနော်တို့ မတင်ခဲ့ရတာတွေရှိတာပေါ့နော်။”
ဥပဒေပညာရှင်အသိုင်းအဝိုင်းက ၂၀၁၈ ခုနှစ်အတွင်း တရားစီရင်ရေးကဏ္ဍမှာ သိသာတဲ့ တိုးတက် ပြောင်းလဲမှု မတွေ့ရတဲ့အတွက် အားရကျေနပ်မှုမရှိဘူးလို့ ပြောကြပေမယ့် ဥပဒေပညာရှင် သမ္မတတစ်ဦးအနေနဲ့ ကောင်းမွန်တဲ့အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ဆက်လက် ယုံကြည်နေကြပါတယ်။
ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ရေး အကောင်အထည်ဖော်ရာမှာ သမ္မတတစ်ဦးတည်း စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်းနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကစလို့ အဆင့်ဆင့်သော တရားသူကြီးတွေက အပြောင်းအလဲကောင်းအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ဖို့က အဓိက ကျပါတယ်။
သမ္မတတစ်ဦးရဲ့ လုပ်ပိုင်ခွင့်ထဲက အကောင်အထည်ဖော်နိုင်တဲ့အရာတွေထဲမှာဆိုရင် တရားသူကြီးတွေကို လုံလောက်တဲ့ လစာငွေပေးဖို့နဲ့ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် ဆက်လက်အရေးယူဖို့လိုတယ်ဆိုတဲ့ ထောက်ပြချက် တွေရှိပါတယ်။
ဒါ့အပြင် တရားသူကြီးတွေ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချမှတ်နိုင်ရေးမှာ အကြောက်တရား ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ရေးဖို့ သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်ရှင်။