စစ်ကောင်စီ တစ်နိုင်ငံလုံးရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ လေ့လာသူတွေပြော

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူ နေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲလုပ်မယ်လို့ ဇန်နဝါရီလ ၄ ရက်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်ပြီးဆန့်ကျင်ဖို့နဲ့ နည်းဗျူဟာအရ မှန်မှန်ကန်ကန် ဖြစ်အောင်လုပ်ဖို့ ဇန်နဝါရီလ ၁၇ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါ တယ်။
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ဖြစ်မှာမဟုတ်တဲ့အပြင် တစ်နိုင်ငံလုံး ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီရွေးကောက်ပွဲက ဒီမိုကရေစီနည်းကျ၊ ဒီမိုကရေစီကျင့်စဉ်အရ အကောင်အထည် ဖော်တာမျိုးထက် နိုင်ငံရေးအရ အသုံးချတဲ့ပုံစံမျိုးကိုပဲ သူတို့စဉ်းစားချက်ရှိတယ်။ ဒီရွေးကောက်ပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အချိုးကျကိုယ်စားပြုစနစ် (PR) ကို လွှတ်တော်သုံးရပ်စလုံးမှာ အကောင်အထည်ဖော်ဖို့ ကြိုးစားတာက ဘာကိုပြသလဲဆိုရင် နေရာကွက်ကွက် ကလေးတင် ရွေးကောက်ပွဲကို လုပ်ပြီးတော့ အဲဒီနေရာကို ခရိုင်လို့သတ်မှတ်မယ်။ အဲဒီခရိုင်ကိုမှ တချို့သောနေရာတွေ မှာ ကွက်ကျားကွက်ကျား ရွေးကောက်ပွဲလုပ်ပြီး ခရိုင်တစ်ခုလုံးကလုပ်တဲ့ ရွေးကောက်ပွဲ ဆိုပြီး အဲလိုမျိုးပုံဖော်ပြီးတော့ ခရိုင်မှာရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို အပြည့်ဖြစ်အောင် ကြိုးစားလိမ့်မယ်”
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင်ကြောင်းနဲ့ ခုခံတိုက်ခိုက်သွားလို့ ပြောဆိုထားပါတယ်။
"မရ၊ ရတဲ့နည်းနဲ့ လူထုဆန္ဒမဲတွေကို ဆန္ဒအလျောက် မဟုတ်ဘဲနဲ့ ပြီးမြောက်တယ်၊ အောင်မြင်တယ်ဆိုပြီးတော့ ကြေညာနိုင်အောင် ဘက်စုံကနေပြီးတော့ ကျင့်သုံးပါလိမ့်မယ်"
ဇန်လဝါရီ ၁၉ ရက်ညပိုင်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လ၀ကရုံးမှာ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း လုပ်နေချိန် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်ပြီး စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အလားတူ ၁၉ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သလို ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း အင်းတော်မြို့နယ်က ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းရွာမှာ လူဦးရေစာရင်း ကောက်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းနဲ့ ရုံးစာရေးမတစ်ဦးကို သထုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ် ခဲ့ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အထောက်အကူပြုလို့ ပစ်သတ်တာလို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“လူဦးရေစာရင်းလိုက်ကောက်တာ။ အဲဒါကို ကျနော်တို့ဆီက ရဲဘော်တွေက သူပြန်လာ တဲ့အချိန်မှာ ရုံးထဲကို ဝင်ပစ်တာ။ နှစ်ဦးစလုံးသေသွားတယ်။ အုပ်ချုပ်ရေးမှူးတွေသည် မတရားအာဏာလု၊ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အထောက်အကူပြုနေတာ။ နောက်တစ်ခုက အလိမ်အညာ ရွေးကောက်ပွဲကြီးကို သူတို့ (အုပ်ချုပ်ရေးမှူးတွေ) က အကောင်အထည်ဖော်လိမ့်မယ်။ အဲဒါကြောင့် အောက်ခြေအမြစ်ကို စဖြတ်တာ ပေါ့နော်”
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာမှာလည်း ဇန်နဝါရီလ ၉ ရက်က အိမ်ထောင်စုစာရင်း ကောက်တဲ့အဖွဲ့ကို ထားဝယ်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီလ ၁၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ မြို့ဦးရပ်ကွက်မှာ လူဦးရေစာရင်း ကောက်တဲ့ ဝန်ထမ်းတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတော့ မရှိဘူးလို့ ပုလဲ PDF အမှတ် (၁၀) တပ်ရင်းတာဝန်ခံက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်သား ၁၀ ယောက်။ ရဲတပ်သား ၁၀ ယောက်။ အရပ်သားဝန်ထမ်း ခြောက်ယောက်နဲ့ မြို့ဦး ရပ်ကွက်ထဲကို ထွက်ပြီးတော့စာရင်းကောက်တာ။ အဲလို ကောက်တဲ့အချိန်မှာ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်တာ။ အပြန်အလှန်ပစ်ကြတာ။ ကျနော်တို့ အခုလိုမျိုး သွားတိုက်ရတဲ့အကြောင်းက ရွေးကောက်ပွဲလုပ်မှာကို သဘောမကျလို့ မဲစာရင်းကောက်မှာကို မလုပ်စေချင်လို့ ”
စစ်ကောင်စီကတော့ အခုလိုပစ်မှတ်ထားတိုက်ခိုက်နေတာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီး နေတာလို့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေကို ဖမ်းဆီးဖို့ ညွှန်ကြားထားပေမယ့် လုပ်ကြံသတ်ဖြတ် ဖို့တော့ မညွှန်ကြားထားဘူးလို့ RFA ကို ပြောထားပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူတဲ့ စစ်ကောင်စီရဲ့ ထွေအုပ် ဝန်ထမ်းလေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်မြို့ခံတစ်ဦးကတော့ ဇန်နဝါရီလ ၁၄ ရက်ကစပြီး ရပ်ကွက်အချို့မှာ လူဦးရေစာရင်း ကောက်ယူနေသလို အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ဖမ်းဆီးခံရမှာ ကိုတော့ စိုးရိမ်နေကြတယ်လို့ RFA ကို ပြောပါတယ်။
“ဒီလ ၁၄ ရက်နေ့က စကောက်တယ်။ ၁၇ ရက်နေ့မှာ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ကောက်တယ်။ စစ်တပ်ကပါတယ်။ လဝကပါတယ်။ ထွေအုပ်ပါတယ်။ နောက်ပြီး တော့ တခြားစာရေးဝန်ထမ်းတွေ လည်း ပါတယ်။ ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၃၊ ၄၊ ၁၊ ပေါ့ အဲဒီရပ်ကွက်တွေပဲ ကောက်သေးတယ်။ သူတို့ကတော့ အိမ်ထောင်စုစာရင်း လိုက်စစ်တယ်။ အိမ်ထောင်စုဇယားတွေပဲ လိုက်တောင်းတယ်”
နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လူထုရဲ့ဆန္ဒမပါသည့်တိုင် နိုင်ငံရေးထွက်ပေါက် ဖြစ်နေတာကြောင့် မဖြစ်မနေကျင်းပလိမ့် မယ်လို့ RFA ကိုပြောပါတယ်။
“ဒီအခြေအနေကတော့ သူ (စစ်ကောင်စီ) ကတော့ ကျင်းပမှာပါပဲ။ မဖြစ်မနေကျင်းပမှာ။ သူ့ရဲ့ နောက်ဆုံးနိုင်ငံရေး ထွက်ပေါက်ဖြစ်တာကိုး။ မရ၊ ရတဲ့နည်းနဲ့ လူထုဆန္ဒမဲတွေ ကို ဆန္ဒအလျောက် မဟုတ်ဘဲနဲ့ ပြီးမြောက်တယ် အောင်မြင်တယ်ဆိုပြီးတော့ ကြေညာ နိုင်အောင် ဘက်စုံကနေပြီးတော့ ကျင့်သုံးပါလိမ့်မယ်။ အဲဒါတွေလုပ်နေရင်းနဲ့ တစ်ချိန် တည်းမှာပဲ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတော့ ရွေးကောက်ပွဲအတွက် စာရင်းဇယား တွေ ကောက်နေရင်းနဲ့ ပြည်သူလူထုဘက်၊ နွေဦးတော်လှန်ရေးဘက် ပါဝင်နေတဲ့ PDF တွေ မြို့နယ်တွေကနေ ဘယ်လောက် ထွက်ခွာသွားလဲဆိုတဲ့ စာရင်းကိုရဖို့ ဆက်လက် ကြိုးပမ်းမှာပါ”
ဒီမိုကရေစီအင်အားစုနဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မဟာ ဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု (SIF) ကလည်း အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်ကောင်စီက ရာဇဝတ်မှုတွေ ဆက်ပြီးကျူးလွန်နိုင်တဲ့ တရားဝင်မှုကို လုပ်ဆောင်တာ ဖြစ်တဲ့အတွက် လက်မခံကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ တအာင်းတပ်မတော် (TNLA) နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကလည်း ရွေးကောက်ပွဲကို လက်မခံကြောင်း ၂၀၂၂ ခုနှစ်အတွင်းမှာ ပြောဆိုထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီရဲ့ အိမ်ထောင်စုလူဦးရေစာရင်း စတင် ကောက်ယူတဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ၁၉ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာပဲ ခုခံ တိုက်ခိုက်မှု (၂၆) ကြိမ်ရှိခဲ့ပြီး ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦးသေဆုံး ခဲ့ပါတယ်။