စစ်ကောင်စီသန်းခေါင်စာရင်း မြို့နယ်အချို့မှာ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရ
2024.10.07

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ နယ်မြေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေက မြို့နယ်ငါးခုမှာ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့က သန်းခေါင်စာရင်း ကောက်ယူနေသူတွေအတွက် မြို့ပြင်ကနေ လုံခြုံရေးယူပေးနေတဲ့ ခမရ- ၃၀၉ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကသာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကိုးယောက် ကျွန်တော်တို့က ဖမ်းလိုက်တယ်ပေါ့နော်။ အဓိကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့နေရာမှာ ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်"
တိုက်ပွဲအချိန်တစ်နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ကသာမြို့နယ်က PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့တုန်းကတော့ သူတို့ သန်းခေါင်စာရင်းကောက်တာတွေ လုပ်တယ်။ ဒီသန်းခေါင်စာရင်း ကောက်တဲ့ အချိန်မှာလည်း သူတို့ ဒီ ခမရ-၃၀၉ ကနေပြီးတော့ ဒီစစ်ကောင်စီတပ်သားတွေက မြို့ပြင်ဘက်ထွက်ပြီးတော့ လုံခြုံရေးယူပြီး ကင်းပတ်တာတွေ ရှိတယ်ပေါ့နော်။ အဲဒီလို ကင်းပတ်တဲ့အချိန်မှာ ဒီတော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားတာတွေ ရှိတယ်။ တိုက်ပွဲကြာချိန်ကတော့ မနက် ၁၁ နာရီကနေ ဖြစ်တာဆိုတော့ ၁၂ နာရီ အထိပဲပေါ့နော်။ တစ်နာရီလောက်ပဲ ရှိတယ်။ အထိအခိုက်ကတော့ အခြေအနေမသိရဘူးဗျ”
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ကသာမြို့နယ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကစလို့ စစ်ကောင်စီက လုံခြုံရေးအစောင့်အရှောက်တွေနဲ့ သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပေမဲ့ သန်းခေါင်စာရင်းကောက်ယူမှုက ရပ်သွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိရှိရသေးဘူးလို့ ပြောဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်း စတင်ကောက်ယူ
သန်းခေါင်စာရင်းနဲ့ဆက်စပ်ပြီး ရန်ကုန်က ရပ်ကွက်အုပ်ချုပ်ရေးရုံးနှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ
အမာမြို့မှာ သန်းခေါင်စာရင်းအတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း အောက်တိုဘာ ၆ ရက်နေ့က သန်းခေါင်စာရင်းကောက်ယူနေတဲ့ ကျောင်းဆရာမ ခြောက်ဦးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာန စာရေးမတစ်ဦး စုစုပေါင်း ဝန်ထမ်းလူခုနစ်ဦးကို PDF အဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကတော့ သူတို့ဖမ်းထားတာက စုစုပေါင်းကိုးဦးအထိရှိပြီး စစ်ကောင်စီရဲ့ လုပ်ငန်းစဉ် တွေမှာ ပါဝင်နေလို့ ဖမ်းဆီးအရေးယူတာလို့ RFA ကို ပြောပါတယ်။
“မနေ့က ကျွန်တော်တို့ အားလုံးဆိုလို့ရှိရင် စာရေးမ တစ်ယောက်ပါဆိုလို့ရှိရင် ကိုးယောက်ပေါ့။ ကိုးယောက် ကျွန်တော်တို့က ဖမ်းလိုက်တယ်ပေါ့နော်။ အဓိကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့နေရာမှာ ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်တယ်ပေါ့နော်။ အခုလက်ရှိလည်း ကျွန်တော်တို့က သူတို့ကို စစ်ဆေးချက်တွေ မေးမြန်းနေတယ်ပေါ့နော်။ ပအဖရဲ့ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်ပေါ့နော်”
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရအောင် ရွေးကောက်ပွဲ ကျင်းပဖို့ သန်းခေါင်စာရင်းကောက်ယူနေတာဖြစ်ပြီး ဒီဆောင်ရွက်ချက်တွေကိုလက်မခံနိုင်တာ ကြောင့် ပူးပေါင်းပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အောက်တိုဘာလ ၃ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြိုနယ်မှာလည်း အောက်တိုဘာလ ၄ ရက်နေ့က သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်စခန်းငါးခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၁) တပ်ရင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် လောင်းလုံးမြို့နယ်မှာ သန်းခေါင်စာရင်း မကောက်ယူရသေးသလို ပုလောမြို့နယ်မှာတော့ ကောက်ယူမှုတွေ ရပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း အောက်တိုဘာ ၁ ရက်နေ့က မြို့တွင်းရပ်ကွက်တချို့မှာ သန်းခေါင် စာရင်းကောက်ယူနေချိန် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၄ ရက်နေ့မှာတော့ သန်းခေါင်းစာရင်းကောက်ယူရာမှာပါဝင်နေတဲ့ တီးတိန်မြို့က စစ်ကောင်စီအဖွဲ့ဝင် ဦးကမ်းလျန်ထန်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland) က ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက စကစထဲမှာ စီမံ ၂ မှာ တာဝန်ယူထားတယ် ဒီအာဏာသိမ်းပြီးမှနော်။ အဲဒါကြောင့် ဖမ်းရတာ။ ဒီ Census (သန်းခေါင်စာရင်း) နဲ့ ပတ်သက်ပြီးတော့ သူနည်းလမ်းပေါင်းစုံနဲ့ တက်တက်ကြွကြွ ထဲထဲဝင်ဝင် ပါဝင်တာမို့လို့။ စကစတွေနဲ့ ပေါ်ပေါ်တင်တင် လက်တွဲတာမျိုးရှိတယ်။ အဲဒါကြောင့်မို့လို့ စံပြအနေနဲ့ ဖမ်းထားတာဖြစ်တယ်”
ချင်းညီနောင်အဖွဲ့က သူတို့ ထိန်းချုပ်ရာနယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်းပါဝင်တာမလုပ်ဖို့နဲ့ ကူညီပံ့ပိုးသူတွေကို အရေးယူမယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်နဲ့ ချင်းပြည်နယ်ပြောခွင့်ရ အတွင်းရေးမှူး ဦးအောင်ချိုက RFA က ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ဆန့်ကျင်ကြဖို့နဲ့ ပါဝင်သူတွေကို အရေးယူမယ်လို့ထုတ်ပြန်ထားသလို ဖမ်းဆီးမှုတွေပါ ရှိနေတာပါ။
ဒီထုတ်ပြန်ချက်တွေကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးကို အထူးသတိထားနေတယ်လို့ ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့မှာပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဘယ်နေ့ ကောက်ရမယ်။ ဘယ်ဒေသကို ဘယ်နေရာကို ကောက်ရမယ်ဆိုတာ ကြိုတော့မပြောဘူး။ သူတို့ သတ်မှတ်ထားတဲ့ သူတို့ အတိုင်းအတာနဲ့ပေါ့နော် ကျွန်တော်တို့က နောက်နေ့ကောက်မယ်ဆိုလို့ရှိရင် အဲဒီ ကောက်မဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့က အချက်အလက်ကို အချိန်နဲ့ပေါ့နော် အဲလိုပဲပို့တာ။ လုံခြုံရေးကတော့ ရပ်ကွက်က ကူညီတယ်။ တပ်နဲ့ ရဲနဲ့က လုံခြုံရေးလုပ်ပေးတယ်”
သန်းခေါင်စာရင်းကောက်ယူတဲ့အပေါ် ပြည်သူအများစုကတော့ မဖြေလို့မရတဲ့ အခြေအနေကြောင့်သာ မေးခွန်း တွေဖြေရပေမဲ့ အများစုက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ မပါဝင်ချင်ကြတာတွေ့ရတယ်လို့ သူက ပြောပါတယ်။
သန်းခေါင်စာရင်းအချက်အလက်တွေကို သန်းခေါင်စာရင်းကလွဲပြီး အခြားနေရာတွေမှာ အသုံးမပြုရဘူးလို့ ဥပဒေမှာပြဋ္ဌာန်းထားပေမဲ့ စစ်ကောင်စီလက်ထဲရောက်နေတဲ့အချက်အလက်တွေက လုံခြုံမှုမရှိနိုင်တာကြောင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ်မှာ စိုးရိမ်ပူပန်မှုတွေလည်းရှိနေကြတာပါ။ ဒီလိုစိုးရိမ်မှုတွေကြောင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ဆန့်ကျင်တုံ့ပြန်မှုတွေက ဆက်လက်ရှိနေဦးမယ်လို့ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။
“သန်းခေါင်စာရင်း ကောက်တယ်ဆိုတဲ့ နည်းလမ်းကလည်း ဘာကို တစ်ဖက်မှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေလဲဆိုတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကိုယ်နဲ့ အမြင်မတူတဲ့ ဒီနိုင်ငံရေးသပိတ်တွေကို လုပ်တဲ့ လူငယ်တွေကို ဖမ်းဆီးဖို့အတွက်ကို ဒီအမည်စာရင်းပြုစုတာမျိုးဆိုတဲ့ ပုံစံမျိုးတွေလည်း တစ်ဖက်မှာ မြင်နေတယ်ပေါ့။ မြင်နေတယ်ဆိုတော့ အဲဒီအပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုတွေကတော့ ကျွန်တော့်ထင်တယ်။ ပိုပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ ထင်တယ်ပေါ့”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းက အချက်အလက်တွေကို မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ခန့်မှန်းလူဦးရေ ၅၆ သန်းနဲ့ ခန့်မှန်းအိမ်ထောင်စုပေါင်း ၁၃ သန်း ခန့်ကို အခြေခံတွက်ချက်ပြီး ကောက်ယူမှာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်းကြီးဌာနက ဩဂုတ် ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်း ခန့်ကို စာရင်းစစ်၊ စာရင်းကောက်သူ လေးသောင်းနှစ်ထောင်ခန့်နဲ့ ကောက်ယူဖို့ လျာထားတယ်လို့လည်း ပြောဆိုထားပါတယ်။