မြောက်ပိုင်း မဟာမိတ်နဲ့ တရုတ်ကြား အထင်အမြင်လွဲအောင် စစ်ကောင်စီ လုပ်ဆောင်လာကြောင်း လေ့လာသူတွေပြော
2023.11.29

မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်နေ့တခြား အရှိန်မြင့် လာတာနဲ့အတူ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတချို့လည်း ပြတ်တောက်နေပါတယ်။ အဲဒီစစ်ဆင်ရေးတွေကို တရုတ်ဘက်က ထောက်ခံနေပုံရတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိခဲ့ပါတယ်။ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့တချို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ စခန်းကြီးငယ် ၁၇၀ ကျော်၊ ရခိုင်ပြည်နယ်က တပ်စခန်း လေးဆယ်ကျော် ဆုံးရှုံးထားသလို လက်နက်ချတဲ့ စစ်သားလည်း ပြည်နယ် ငါးခုမှာ အနည်းဆုံး သုံးရာလောက် ရှိခဲ့ပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုး ကိစ္စရပ်တွေမှာ ထိခိုက်အောင် လုပ်တာမရှိဘူး”
ဒီအချိန်မှာပဲ စစ်ဆင်ရေး တစ်လပြည့်ဖို့ နှစ်ရက်အလို နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ MNDAA၊ TNL နဲ့ AA တို့ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံပိုင် မီဒီယာတွေ ကနေ စွပ်စွဲပြောဆိုလိုက် ပါတယ်။
“MNDAA၊ TNLA၊ AA အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ တရုတ် - မြန်မာ နှစ်နိုင်ငံ စီးပွားရေး ဆက်သွယ်ရေးမှာ အဓိကကျတဲ့ မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာ တံတားများကို ဖောက်ခွဲဖျက်ဆီးတာတွေ၊ လမ်းများ ပိတ်ဆို့တာတွေ၊ လမ်းတွေကို ဖျက်ဆီးတာတွေကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ စီးပွားရေး ဆက်သွယ်ရေးနဲ့ ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုဘဝ တည်ငြိမ်ရေးကို ထိခိုက်စေရုံ သာမကဘဲ နောက်ပိုင်း တရုတ် - မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ဆက်ဆံရေး မဟာဗျူဟာ ကျတဲ့ တရုတ် - မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်းကိုပါ အနှောင့်အယှက် ပေးလာတာကို တွေ့ရပါတယ်”
TNLA နဲ့ AA ပူးပေါင်းအဖွဲ့တွေက ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဇီးပင်ရွာ နားက တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၈ ရက်နေ့ထိ ဝင်ရောက်နေထိုင်ခဲ့ပြီး စခန်းထဲက ဆက်သွယ်ရေး နဲ့ လုံခြုံရေး ကိရိယာတွေ၊ လုပ်ငန်းသုံး ပစ္စည်းတွေကို ဖျက်ဆီးသွားတယ် လို့လည်း သူက စွပ်စွဲလိုက်ပါတယ်။
အဲဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို RFA က မေးကြည့်တော့ နိုင်ငံတကာ အထင်အမြင်လွဲအောင် စစ်ကောင်စီ လုပ်လေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒီဓာတ်ငွေ့ပိုက်လိုင်း စခန်းကတော့ ကျွန်တော်တို့ သွားရောက် တိုက်ခိုက်တာလည်း မရှိဘူး။ အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူး။ စစ်တပ်ဘက်ကတော့ အားလုံး သိပြီးသားလည်း ဖြစ်ပါတယ်။ သူတို့က ဒီလိုမျိုး စွပ်စွဲမှုတွေ အမြဲတမ်း ပြုလုပ်နေတဲ့ သတင်းတွေ မကြာခဏ ရေးနေကျ ဖြစ်ပါတယ်။ ဒီဟာကတော့ ပြည်သူလူထုကို အထင်အမြင် လွဲမှားအောင် လုပ်တာ၊ နိုင်ငံတကာတွေက အမြင်လွဲအောင် စွပ်စွဲပြီးမှ သတင်းရေးသား ဖော်ပြလေ့ရှိတယ်”
ဓာတ်ငွေ့ထိန်းချုပ်ရေးစခန်းက ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ စစ်ကောင်စီ ပြောတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ သဘောထားကိုလည်း သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကို RFA က အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်း ပြန်တာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ၉၁ ရာခိုင်နှုန်း ရှိတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်က ကုန်သွယ်ရေးစခန်းတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့ လွတ်လပ် တဲ့ သုတေသန အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ISP Myanmar က နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း (CMEC) အပါအဝင် တရုတ်စီမံကိန်းတွေရှိတဲ့ မန္တလေး-မူဆယ် ရထားလမ်း၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စတဲ့ စီမံကိန်းဒေသ ခုနစ်ခုထက်မနည်းကိုလည်း မြောက်ပိုင်းအဖွဲ့တွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်တယ်လို့လည်း ISP Myanmar က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ပြောသလို တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို TNLA ဝင်ပြီး ဖျက်ဆီးသွားတယ် ဆိုတာ မဟုတ်ဘူးလို့ TNLA က ငြင်းလိုက်တဲ့အတွက် ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာ လတ်တလော စုံစမ်းလို့ မရသေးပါဘူး။
ဒါကြောင့် အခြားဘယ်အဖွဲ့တွေ ဖြစ်နိုင်သေးလဲ ဆိုတာသိနိုင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကို RFA က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရော NUG အစိုးရအနေနဲ့ပါ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုး ကိစ္စရပ်တွေမှာ ထိခိုက်အောင် လုပ်တာမရှိဘူးလို့ RFA ကို ပြောပါတယ်။
“အမျိုးသား ညီညွတ်ရေး အစိုးရနဲ့တကွ တော်လှန်ရေး အဖွဲ့အစည်းများက ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုးပေါ့နော်။ အထူးသဖြင့်တော့ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ တခြားနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ဟာတွေပေါ်မှာ ထိခိုက်မှု အနည်းဆုံး (သို့မဟုတ်) လုံးဝမရှိအောင် ကျွန်တော်တို့ဘက်က ကြိုးစားပါတယ်။ ဖြစ်လာမယ် ထင်ရင်လည်း သက်ဆိုင်ရာ ညီအစ်ကိုမောင်နှမချင်း မဟာမိတ်ချင်းကိုလည်း အမြဲတမ်းလည်း အကြံဉာဏ်တွေ ပေးပါတယ်။ ကျွန်တော်တို့ ဒီဟာမျိုးကို မလုပ်ပါဘူး ဆိုတာကိုတော့ ထပ်ပြီး ပြောချင်ပါတယ်”
တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောကလည်း စစ်ကောင်စီဟာ အကျပ်အတည်း တွေ့လာတာကြောင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ကြားမှာ အထင်အမြင် လွဲမှားအောင် လုပ်ဆောင်လာတာလို့ သုံးသပ်ပါတယ်။
“TNLA ပြောတာ မှန်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တရုတ်ကိုကျောပေးပြီး တိုက်နေရတာဖြစ်တော့ တရုတ်ကိုတော့ သူ ဟိုဒင်းပြုနိုင်မှာ မဟုတ်ဘူး။ ဒီတိုက်ခိုက်နေတဲ့ လူမျိုးစုတပ်ဖွဲ့တွေနဲ့ တရုတ်အကြား အထင်အမြင်လွဲအောင် လုပ်တာနဲ့တူတယ်။ သူတို့ (စစ်ကောင်စီ) မှာ စနစ်တကျ ဘယ်လို ရင်ဆိုင်မလဲဆိုတာ မရှိဘူး။ အဲဒါကြောင့် ဟိုလူက ဟိုဟာထလုပ်၊ ဒီလူက ဒီဟာထလုပ်နဲ့ တူတယ်။ တော်တော်ကို ဖရိုဖရဲ ဖြစ်နေပုံရပါတယ်။ သူတို့ လုပ်ဟန် ကိုင်ဟန် ပြောဟန် ဆိုဟန်တွေ ကြည့်ရတာလေ”
ဒီအတောအတွင်းမှာပဲ တရုတ်စစ်တပ်က မြန်မာနယ်စပ် ယူနန်ပြည်နယ် တောင်ပိုင်းမှာ နိုဝင်ဘာလ ၂၅ ရက်က စစ်ရေး လေ့ကျင့်ခဲ့သလို၊ စစ်ကောင်စီရဲ့ ရေတပ်နဲ့ ပူးတွဲ လေ့ကျင့်ဖို့ဆိုပြီး တရုတ် စစ်သင်္ဘော သုံးစင်း နိုဝင်ဘာလ ၂၈ ရက်မှာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်နေပါတယ်။ ဒီကြားထဲမှာပဲ တရုတ်နဲ့ စစ်ကောင်စီ ထိပ်ပိုင်း အရာရှိတွေ တွေ့တာ အနည်းဆုံး လေးကြိမ်ရှိခဲ့သလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်းဝမ်ပင်း (Wang Wenbin) ကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အဖွဲ့အစည်း အားလုံး အပစ်ရပ်ဖို့ တိုက်တွန်းထားပြီး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့အကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောထားပါတယ်။