သမ္မတ ဦးဝင်းမြင့်မပါတဲ့ ကာလုံအစည်းအဝေး ဥပဒေနဲ့မညီလို့ ဝေဖန်နေကြ
2023.01.20

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
သမ္မတ ဦးဝင်းမြင့်မပါဘဲ ဆောင်ရွက်မယ့် ကာလုံအစည်းအဝေးဟာ ဥပဒေနဲ့ မညီဘူးလို့ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
“ကာလုံအစည်းအဝေးမှာ တကယ် ကမကထပြုပြီးတော့မှ လုပ်ရကိုင်ရမယ့်သူက နိုင်ငံတော်သမ္မတဖြစ်တယ်။ တစ်နည်းအားဖြင့် တည်ဆဲဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် တည်ရှိနေတာ ဦးဝင်းမြင့်ဖြစ်တယ်။ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတအဖြစ် သက်ရှိထင်ရှားရှိနေပါလျက်နဲ့ ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေက အဲဒီကာလုံမှာ အကြီးအကဲအနေနဲ့ လုပ်တာသည် ဥပဒေနဲ့ညီမညီ ဒါက ဥပဒေရေးရာ ပြဿနာဖြစ်တယ်။ ဒါကို ဘယ်သူက ဆုံးဖြတ်ရမှာလဲဆိုတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ရမှာဖြစ်တယ်။ ကာလုံအစည်းအဝေးမခေါ်ခင်မှာ ခုံရုံးရဲ့အဆုံးအဖြတ်ခံယူရမှာ။ ခုံရုံးရဲ့အဆုံးအဖြတ်မပါဘဲ မိမိသဘောအလျှောက် ဆောင်ရွက်တာက ဥပဒေနဲ့မညီဘူးလို့ပဲ သုံးသပ်ရမယ်။”
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတော့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေကို ဖမ်းဆီးပြီး အဲ့အချိန်က ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် ကာလုံ အစည်းအဝေးခေါ်ယူကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုင်းပြည်အာဏာအရပ်ရပ် လွှဲပေးတယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွေမှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တက်ရောက်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကလည်း စစ်ကောင်စီ ကျင်းပမယ့် ကာလုံအစည်းအဝေးဟာ အတုအယောင်သာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အခုကာလုံမှာရှိတဲ့ဟာတွေက အာဏာသိမ်းခေါင်းဆောင် ကာချုပ်ခေါ်တဲ့ ပုဂ္ဂိုလ်နဲ့ သူ့ရဲ့အပေါင်းအပါတွေပဲ ဖြစ်နေတာပေါ့။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကာလုံခေါ်မယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာလို့ရတာ နှစ်နှစ်ပြည့်သွားပြီ။ ပြည့်သွားတဲ့အချိန်မှာ ကာလုံက အခြေခံဥပဒေအရ ခေါ်ရမယ်။ အဲဒါကြောင့် အတုအယောင်ကာလုံအစည်းအဝေးခေါ်ပြီး သူတို့လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောပေါ့။”
အဲဒီအစည်းအဝေးမှာ ဘာတွေဆွေးနွေးကြမလဲဆိုတာ စစ်ကောင်စီဘက်က ထုတ်မပြောထားပေမယ့် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အစီအမံတွေ၊ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာနိုင်ခြေရှိတယ်လို့ ဥပဒေပညာရှင်တွေနဲ့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
“တော်လှန်ရေးအင်အားစုတွေရော ပြည်သူတွေကရော ဆန္ဒမဲပေးဖို့ ဘယ်လောက်ပဲ ဆန့်ကျင်နေပါစေ သူတို့ လုပ်စရာရှိတာ လုပ်မှာပဲဗျ။ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲကို အခုချိန်ကတည်းက အသိအမှတ်မပြုဘူးလို့ ပြောထားတယ်။ နောက် သူတို့(စစ်ကောင်စီ) ဖွဲ့မယ့် အစိုးရကိုလည်း နိုင်ငံတကာက လက်ခံချင်မှ လက်ခံမှာပေါ့။ လက်မခံလည်း သူတို့(စစ်ကောင်စီ)ကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အစိုးရဖွဲ့မယ်လို့ မြင်ပါတယ်။ အခုလည်း သူတို့ကို နိုင်ငံတကာက လူရာသွင်းတာမဟုတ်ပေမယ့်လည်း သူတို့ ဆက်လုပ်နေတာပဲ။ စစ်ဘောင်းဘီဝတ်ကနေ တိုက်ပုံနဲ့ ခေါင်းပေါင်းနဲ့ပြောင်းဝတ်တဲ့သဘောမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုတာ မပြုတာကို သူတို့(စစ်ကောင်စီ)အနေနဲ့ သိပ်ဂရုစိုက်လိမ့်မယ်လို့မထင်ဘူး။”
နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး သုံးသပ်သွားတာပါ။
တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကြေညာထားပေမယ့် နိုင်ငံတကာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုကြပါဘူး။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလည်း ဟန့်တားတိုက်ခိုက်နေတာကြောင့် တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိရင် ယာယီအစိုးရအဖြစ် အသွင်ပြောင်းမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
“သူ့အနေနဲ့ ကာလုံအစည်းအဝေးမှာ လုပ်ဖို့ရှိတာက ရွေးကောက်ပွဲအချိန် ကြေညာလို့ရမယ်။ ပြီးရင် ရွေးကောက်ပွဲနဲ့ ကြားကာလအတွင်းမှာ ကြားကာလအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ လိုလိမ့်မယ်။ ဒါက ဖွဲ့စည်းပုံအတိုင်းသွားရင် လုပ်ရမယ့်ဟာပေါ့။ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမကောင်းဘူး ဒါမှမဟုတ် ကျင်းပလို့ အဆင်မပြေဘူးလို့ထင်ရင် ယာယီအစိုးရအဖြစ် ပုံပြောင်းသွားမလားလို့ စဉ်းစားကြည့်လို့ရတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မြန်မာပြည် စစ်အုပ်ချုပ်ရေးအောက် လုံးလုံးလျားလျားရောက်သွားပြီ။ ၂၀၀၈ လည်း သူတို့(စစ်ကောင်စီ) ပယ်ဖျက်လိုက်သလိုဖြစ်သွားမှာပေါ့။”
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က နိုင်ငံရေးသိပ္ပံပညာ ပါမောက္ခ ဒေါက်တာထွန်းမြင့် ကလည်း စစ်ကောင်စီက ရွေးကောက်ပွဲမလိုတဲ့ တစ်ပါတီအာဏာရှင်စနစ်ကို သွားဖို့ ပြင်ဆင်ထားပုံရတယ်လို့ သုံးသပ်ပါတယ်။
“ဦးခင်ရီကို ပါတီဥက္ကဋ္ဌအနေနဲ့ ခန့်ပြီးတော့ တချို့ ရန်ကုန်မှာ ထွေအုပ်တွေနေရာကို ပါတီဝင်တွေကို ခန့်မယ်ဆိုတဲ့ စီမံကိန်းကို ကြည့်ခြင်းအားဖြင့် သူတို့(စစ်ကောင်စီ) တစ်ပါတီစနစ်နဲ့ ရွေးကောက်ပွဲမလိုဘဲ သွားဖို့ရာအတွက် ပြင်ဆင်ထားပြီးသားဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲဖြစ်လည်း ဒါက ရွေးကောက်ပွဲမဟုတ်ဘူး။ သူတို့လိုချင်တဲ့သူ ခန့်ဖို့ရာအတွက် ရွေးကောက်ပွဲသယောင်ဖြစ်အောင် ပြည်သူကိုလည်း နားလှည့်လို့ရမယ်လို့ ထင်တဲ့သဘော ရှိကောင်းရှိလိမ့်မယ်။ နိုင်ငံတကာကိုလည်း အထင်သေးထားတာရှိကောင်း ရှိလိမ့်မယ်။ သူတို့လုပ်ချင်ရာ လုပ်ဖို့ရာအတွက် ပြင်ဆင်ထားတဲ့ပုံစံ။”
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်လမ်းကိုပဲ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ယူဆပါတယ်။
“အခြေခံဥပဒေက ပေးထားတဲ့ပေးထားချက်အတိုင်းပဲ နစက က ဖေဖော်ဝါရီ ၁ရက်နေ့မှာ ကာလုံကို ပေးထားတဲ့ အာဏာပြန်လွှဲပေးရမှာပေါ့။ သေချာတာက အဲ့ဒီလိုလွှဲပြီးသွားရင် ကျွန်တော်တို့ မှန်းထားတာကတော့ ကာလုံကပဲ ရွေးကောက်ပွဲကို လုပ်မယ်ပေါ့နော်။ ဒုတိယအတွေးကတော့ ကာလုံကနေပဲ တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ ကော်မတီတစ်ခုလောက်ဖွဲ့၊ အဲဒီကော်မတီက ကိုင်တွယ်ပြီး ရွေးကောက်ပွဲအတွက် တာဝန်ပြန်ပေးမလားပေါ့ အဲ့တစ်ခုစဉ်းစားစရာရှိတယ်။ ကာလုံကတော့ ရွေးကောက်ပွဲသွားမယ့်လမ်းကြောင်းပဲ အဓိက ဆုံးဖြတ်ရမှာပေါ့။ နစကအနေနဲ့ ကာလုံကို အာဏာပြန်လွှဲပေးပြီးတဲ့နောက်မှာ မြေပြင်မှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲမလဲဆိုတာ ဒါလေးတွေတော့ နည်းနည်းစောင့်ကြည့်ရမယ် ထင်ပါတယ်။”
အာဏာသိမ်းစစ်တပ်က နိုင်ငံ့အာဏာကို ဆက်လက်ရယူထားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပြင်ဆင်နေတာတွေဟာ တရားမဝင်တဲ့လုပ်ရပ်တွေသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေ ဝေဖန်ကြပါတယ်။