တေးသီချင်းဗီဒီယို ဖန်တီးထုတ်လုပ်မှုတွေကို စစ်ကောင်စီ ကန့်သတ်တင်းကျပ်
2024.04.19

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ဆင်ဆာစနစ်ကို အသက်သွင်းလိုက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ဘီယာဗိုက် လို့ အမည်ရတဲ့ တေးသီချင်းဗီဒီယိုနဲ့ပတ်သက်လို့ အဆိုတော် မေသူ၊ သရုပ်ဆောင် အိုကေနဲ့ သက်ဆိုင်သူတွေအားလုံးကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) နဲ့ ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အနုပညာဖန်တီးမှုတစ်ခု ဆင်ဆာစနစ်နဲ့ ပထမဆုံးအရေးယူခံရတာလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
"အဆိုတော်နဲ့ သရုပ်ဆောင်တွေကို ယဉ်ကျေးမှုနဲ့ ဆန့်ကျင်လို့ဆိုပြီး ထောင် ခုနစ်နှစ်ချနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်လိုက်တာ ရယ်စရာကောင်းသားဗျ၊ အခု မေသူတို့ အမှုဖွင့်ခံရတာ သူတို့ ဆင်ဆာစနစ် အသက်သွင်းပြီးနောက် ပထမဆုံးပဲ၊ လိင်အသားပေးလို့၊ အရှက်သိက္ခာကင်းမဲ့တဲ့ရုပ်သံကို ထုတ်လွှင့်လို့ဆိုပြီး ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) နဲ့ အမှုဖွင့်လိုက်တယ်ဆိုရင် ယုန်လေးလည်း မော်ဒယ်တွေကို ဘစ်ကနီတွေဝတ်ပေးပြီး လိင်အသားပေးပြထားတဲ့ MTV ကို ၂၀၂၃ ထဲမှာ ထုတ်လွှင့်ပြသခဲ့တာပဲလေ၊ အမှုမဖွင့်တော့ဘူးလား၊ ဒါကြောင့် ဆင်ဆာစနစ်ဆိုတာ အာဏာရှင်တွေကျင့်သုံးတဲ့မူဝါဒလို့ ပြောကြတာဗျ"
အမှုဖွင့်အရေးယူခံထားရတဲ့ အဆိုတော် မေသူကတော့ သူ့ဆီကို အရေးယူထားကြောင်း အကြောင်းကြားစာ ရောက်မလာသေးဘူးလို့ RFA ကို ပြောပါတယ်။
"အခုထိ အကြောင်းမကြားသေးဘူး၊ လိုင်းကလည်း မမိတော့ မသုံးရသေးဘူး၊ လိုင်းပြန်ဖွင့်ပြီး ပြန်ဆက်မယ်နော်"
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဧပြီလ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ တေးသီချင်းဗီဒီယို ထုတ်လုပ် သူတွေဟာ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကာမရာဂလှုံ့ဆော်မှု မပါဝင်ရေး စတဲ့ မူဝါဒတွေကို မထိခိုက်အောင် တာဝန်ယူရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအချက်တွေနဲ့ ငြိစွန်းတဲ့ ထုတ်လုပ်မှု တွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း ပါရှိပါတယ်။ အခုပထမဆုံး အရေးယူခံရတဲ့ ဘီယာဗိုက် တေးသီချင်းဗီဒီယိုနဲ့ ပတ်သက်လို့ အရှက်သိက္ခာကင်းမဲ့တဲ့ ရိုက်ကူးထုတ်လွှင့်မှုလို့လည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
"ကိုယ့်ဘက်ကလည်း မတင်းကျပ်ရအောင်၊ ယဉ်ကျေးမှု လျော်ညီအောင်၊ မောင်နှမသားသမီးကြည့်နိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်ဖို့တော့လိုမယ်"
လူ့ယဉ်ကျေးမှုအရ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်လမ်းတွေနဲ့ တေးသီချင်းဗီဒီယို ထုတ်လွှင့်မှုတွေ အများအပြားရှိနေပေမယ့်လည်း အခု ဘီယာဗိုက် သီချင်းကိုမှရွေးပြီး အရေးယူပြတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ရန်ကုန်မြို့က ရုပ်ရှင်ဇာတ်ညွှန်းရေးသူတစ်ဦးက ထောက်ပြပါတယ်။
"အကြောင်းအရာတစ်ခုကိုနင်းပြီးတော့ နိုင်တဲ့သူကို လိုက်နှိပ်ကွပ်တယ်၊ အနုပညာကို အနုပညာလို့မမြင်ဘူး၊ ကိုးရိုးကားယားလုပ်နေတဲ့အထဲက ဒီသီချင်းကိုမှလာပြီးတော့ လုပ်တယ်ဆိုတော့ တစ်ယောက်ယောက်က မြှောက်လိုက်တာဖြစ်မယ်၊ အောက်လုံးတွေ ညစ်တီးညစ်ပတ်တွေပြောနေတာတွေအများကြီးပဲ ဒါတွေကိုကျ ဘာဖြစ်လို့ အရေးမယူသလဲ"
တေးသီချင်းဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်ပြသမှုတွေ မလုပ်ခင် ယခင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၉၆ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေအရ ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ဆီမှာ တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အမိန့်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီလိုကန့်သတ်ချက်တွေဟာ အခုကာလမှာ မရှိသင့်တော့ဘူးလို့လည်း ဇာတ်လမ်းတွဲတွေရိုက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ သူ့အမည်နဲ့ အသံကို အသုံးပြုခွင့်တော့ မပေးပါဘူး။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ ဂီတမှူးဖြစ်သူ ကိုနိုင်ဇော်ကတော့ အခုလို ဆင်ဆာစနစ်နဲ့ တင်းကျပ်တာကို မကြိုက်ပေမယ့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ညီတဲ့ ပြကွက်မျိုးလောက်ပဲ ထုတ်လွှင့်ပြသသင့်တယ်လို့ ပြောပါတယ်။
"မြန်မာနိုင်ငံမှာက independent နဲ့ Liberaty နဲ့ free နဲ့ကို မကွဲပြားဘူး။ လွတ်လပ်တယ်ဆိုတာက အတိုင်းအဆတစ်ခုအထိပဲ လွတ်လပ်သင့်တာလေ။ လွတ်လပ်ပြီဆိုတာနဲ့ စွတ်လုပ်ကြတာ။ ဘစ်ကနီတွေနဲ့ ဝတ်ရိုက်ကြတာတို့၊ နမ်းတာ၊ စုပ်တာတွေ တရားဝင်ပြတာတွေဟာ ရုပ်ရှင်ဘက်က မော်ဒယ်ဘက်က၊ သရုပ်ဆောင်ဘက်က အရမ်းဟော့ချင်လို့ ဖြစ်ချင်တဲ့ပြဿနာတွေကို ရှင်းရတာပိုများတယ်၊ ဆင်ဆာစိစစ်ရေး ပြဿနာကို ကျွန်တော်တို့လည်းမကြိုက်ပါဘူး။ ကိုယ့်ဘက်ကလည်း မတင်းကျပ်ရအောင်၊ ယဉ်ကျေးမှု လျော်ညီအောင်၊ မောင်နှမသားသမီးကြည့်နိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်ဖို့တော့လိုမယ်၊ မြန်မာနိုင်ငံဖြစ်နေလို့"
စစ်ကောင်စီက နောက်ထပ်လည်း အရေးယူမှုတွေရှိလာနိုင်တာကြောင့် တေးသီချင်းဗီဒီယိုထုတ်လုပ်သူတွေ အကြား စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ မြန်မာလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တေးသီချင်းဗီဒီယိုနဲ့ ရုပ်ရှင်တွေ ထုတ်လုပ်ဖန်တီးဖို့ အိပ်မက်တွေရှိကြပေမယ့် လက်ရှိ စစ်ကောင်စီရဲ့ ဆင်ဆာ စနစ်ဟာ လူငယ်တွေရဲ့ အိပ်မက်အတွက် ကြီးမားတဲ့အဟန့်အတားတစ်ခုဖြစ်နေတယ်လို့လည်း ရုပ်ရှင် အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။