စစ်ကောင်စီကို လက်နက်ပွဲစားလုပ်ပေးနေတဲ့ ကုမ္ပဏီ ၁၁၆ ခု ရှိကြောင်း Justice for Myanmar ထုတ်ပြန်

2022.08.11
စစ်ကောင်စီကို လက်နက်ပွဲစားလုပ်ပေးနေတဲ့ ကုမ္ပဏီ ၁၁၆ ခု ရှိကြောင်း Justice for Myanmar ထုတ်ပြန် ၂ဝ၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့အခမ်းအနား စစ်ရေးပြ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။
Photo: Reuters

မြန်မာအာဏာသိမ်း စစ်ကောင်စီအတွက်၊ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တန်ဖိုးရှိ၊ လက်နက်တွေနဲ့ တခြား စစ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့၊ မြန်မာနဲ့ စင်္ကာပူ ကုမ္ပဏီ ၁၁၆ ခု ရှိနေကြောင်း၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်း တင်နေတဲ့ Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းမှာပဲ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ စစ်တပ် အာဏာသိမ်းခဲ့ချိန်က စပြီး၊ အမှုဆောင် ညွှန်ကြားရေးမှူး ၂၆၂ ဦးက၊ အစုရှယ်ယာရှင်တွေနဲ့အတူ၊ ဦးဆောင် လုပ်ကိုင် နေခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ ၃၁ ခု အပါအဝင်၊ လူသိများတဲ့ ညွှန်ကြားရေးမှူး ၇၇ ဦး နဲ့ အစုရှယ်ယာရှင်တွေက စစ်တပ်အတွက် လက်နက်တွေ ထောက်ပံ့နေကြတာပါ။ ဒါ့ပြင် ကုမ္ပဏီ ၂၇ ခုနဲ့ ညွှန်ကြားရေးမှူး ၅၁ ဦး အပါအဝင်၊ အစုရှယ်ယာရှင်တွေကလည်း ၂၀၁၇ ခုနှစ်က စပြီး၊ လက်နက်တွေနဲ့ တခြားပစ္စည်းတွေ ပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။ အဲဒီနှစ်ဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တဲ့နှစ်ဖြစ်ကြောင်း Justice for Myanmar က ဖေါ်ပြပါတယ်။

အလားတူ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီ ၇၈ ခုထဲက၊ အနည်းဆုံး ကုမ္ပဏီ ၃၈ ခု ဟာလည်း၊ စင်္ကာပူ ကုမ္ပဏီတွေနဲ့ ဆက်နွယ်ပတ်သက်နေကြောင်း သိရပါတယ်။ စင်္ကာပူဟာ မြန်မာ စစ်ကောင်စီအတွက်၊ ကာလကြာရှည် လက်နက်တွေ အပါအဝင်၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေမှာ ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။

လက်နက်မှောင်ခိုပွဲစားတွေနဲ့ ညွှန်ကြားရေးမှူးတွေ၊ အစုရှယ်ယာရှင်တွေ အပေါ်၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ပိတ်ဆို့အရေးယူဖို့၊ စစ်ကောင်စီဆီကို လက်နက်စီးဆင်းမှု ဟန့်တားဖို့လည်း Justice for Myanmar က ဆော်သြ လိုက်ပါတယ်။ စင်္ကာပူရဲ့ ဘဏ်တိုက်တွေ၊ ဆိပ်ခံတွေ အပါအဝင်၊ စင်္ကာပူနယ်မြေကို အသုံးချနေတာတွေ ရပ်ဆိုင်းတားဆီးဖို့၊ မြန်မာပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်မထားဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ၊ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက်၊ အရပ်ဘက်ပြည်သူ ၂၁၅၈ ဦးကို သတ်ဖြတ်၊ တစ်သောင်းခွဲကျော်ကို အကျဉ်းချခဲ့ပါတယ်။ လေကြောင်းနေ မည်းမည်းမြင်ရာ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေမှာ ဒေသခံတွေကို သတ်ဖြတ်တာ၊ မုဒိမ်းမှုတွေ ကျူးလွန် တာ၊ အိုးအိမ်တွေနဲ့ သီးနှံတွေကို ဖျက်ဆီးတာ၊ ပြည်သူ ခုနစ်သိန်းနီးပါးကို အဓမ္မ နေရာပြောင်းရွှေ့တာ တွေလည်း ကျူးလွန်ခဲ့ပါတယ်။

အဖွဲ့ဝင် နိုင်ငံ ၁၁၁ နိုင်ငံ ပါဝင်တဲ့၊ လက်နက်ကုန်သွယ်ရေး စာချုပ်အောက်မှာ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို၊ တားဆီးထားတာပါ။ စင်္ကာပူကတော့ အဲဒီ လက်နက် ကုန်သွယ်ရေးစာချုပ်မှာ မပါဝင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောခွင့်ရသူ မရတနာမောင်က အခုထိတော့ မြန်မာစစ်ကောင်စီကို လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးနေလို့၊ ပိတ်ဆို့အရေးယူ ခံခဲ့ရတဲ့ ကုမ္ပဏီတွေ လက်ချိုးရေလို့ ရနေသေးပြီးသလို စစ်ကောင်စီအပေါ် နိုင်ငံ အနည်းငယ်ကသာ ပိတ်ဆို့အရေးယူခဲ့ကြပြီး၊ အများစုက လွတ်လွတ်လပ်လပ် ဆက်လက် လုပ်ကိုင်နေကြတယဟာ လက်သင့်ခံနိုင်ဖွယ်မရှိကြောင်းပြောဆိုပါတယ်။

နိုင်ငံအနည်းငယ်ကသာ ပိတ်ဆို့အရေးယူခဲ့ကြတဲ့အတွက်၊ မြန်မာစစ်ကောင်စီဟာ လက်နက်တွေ၊ ပစ္စည်း ကရိယာတွေ၊ ရံပုံငွေတွေ ဆက်လက်ရရှိနေပြီး၊ ပြည်သူတွေကို ဆက်လက် ခြိမ်းခြောက်ဖိနှိပ်နိုင် နေတာဖြစ်ကြောင်း ၊စစ်ကောင်စီအပေါ် နိုင်ငံအားလုံးက ဝိုင်းဝန်းအရေးယူ ပိတ်ဆို့မှာသာဖြစ်မယ်လို့လည်း မရတနာမောင်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။