လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးအမှု ဖော်ထုတ်ဖို့ ကြိုးစားနေ
2019.06.30

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ နှစ်နှစ်ခွဲအရွယ် Victoria လို့ နာမည်လွှဲပေးထားတဲ့ ကလေးငယ်လေးရဲ့ စကားနဲ့အတူ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးဖို့၊ ပြည်သူတွေတရားဥပဒေကို ပိုပြီးလေးစားလိုက်နာဖို့၊ တရားဥပဒေစိုးမိုးရေးမှာ ပူးပေါင်းပါဝင်ကြဖို့၊ နေပြည်တော်က ကလေးအကြမ်းဖက်ခံရမှု တရားခံအစစ်ကို ဖော်ထုတ်ပေးဖို့ ပြည်သူတွေက နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ တောင်းဆိုတဲ့စာတွေဟာ လူမှုကွန်ရက်မှာ မနေ့ည ဇွန် ၂၉ ကစပြီးပြန့်နှံ့ခဲ့ပါတယ်။
ဒီအမှုမှာ တရားခံမဖော်ပေးနိုင်တာ၊ တရားမျှတမှု မဖော်ပေးနိုင်တာတွေကြောင့် တရားမျှတမှုဖော်ဆောင်ပေးဖို့ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ နိုင်ငံတော်သမ္မတရုံးအပါအဝင် သက်ဆိုင်ရာဌာနတွေကို တောင်းဆိုလာကြ တာဖြစ်ပါတယ်။
ဒီကလေးလေးအမှုကိစ္စဟာ တစ်လကျော်ကြာတဲ့အထိ အမှုမှန်မပေါ်ပေါက်တာကို မကျေနပ်တာလို့ တောင်းဆိုစာရေးသားသူတစ်ယောက်ဖြစ်တဲ့ မချိုနွယ်ဦးက ပြောပါတယ်။
"အစ်မကလေ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ထဲမှာ တော်တော်ခံပြင်းမိတယ်။ စိတ်မကေင်းလည်း အရမ်းဖြစ်ရတယ်။ သက်ငယ်မုဒိန်း ကျုးလွန်ခံရတယ်ဆိုတဲ့ Facebook ပေါ်မှာ တက်လာတဲ့ ဂျာနယ်တွေမှာ ပါလာတဲ့အခါတိုင်းလေ အစ်မရင်ထဲမှာ အရမ်းကြေကွဲ ခံစားရတယ်။ သူများသားသမီးဖြစ်လည်း ကိုယ့်ရင်ထဲမှာ အရမ်းကြေကွဲခံစားရ တယ်။ အခုဒီကလေးလေးကိစ္စမှာလည်း ထင်ထင်ရှားရှားရှိနေတဲ့ အမှုကြီးလို့ ထင်တယ်လေ။ ဒါပေမဲ့ အခုချိန် ၁ လကျော်တဲ့အထိ ဘာမှလှုပ်ရှားမှု မရှိလာဘူးဆိုတော့လေ တော်တော်လေးကို ခံပြင်းမိတယ်။"
ကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကို မကြာခဏ ကြားနေရတာကြောင့် မိခင်တစ်ယောက် အနေနဲ့ ကြောက်စိတ်တွေဖြစ်လာခဲ့တာကြောင့် အခုလို ပါဝင်ဖြစ်တာလို့ မိခင်တစ်ယောက်ဖြစ်တဲ့ မအိဖြူက ပြောပါတယ်။
"အဓိကက အဲသက်ငယ်မုဒိန်းဆိုတဲ့ဟာကြီးကို ဆန့်ကျင်ချင်တာ။ ကလေးမိခင်တစ်ယောက်အနေနဲ့ပေါ့။ ဒါမျိုးက မဖြစ်သင့်ဘူးပေါ့။ ဘာမှန်းမသိဘူး အဲဒီစကားကြားလိုက်တာနဲ့ကြောက်တယ်။ ဒီကိစ္စမှာသာ တရားဥပဒေနဲ့ သေသေချာချာ ချပြနိုင်ရင်တော့ နည်းနည်းလေးတော့ တရားဥပဒေပေါ် ယုံကြည်မှု ရှိလာမယ်ပေါ့နော်။ ကျုးလွန်နေတဲ့သူတွေလည်း သက်ငယ်မုဒိန်းပေါ် အဟန့်တားတော့ ဖြစ်သွားမယ်ထင်တာပဲ။"
တောင်းဆိုသူတွေဟာ မနေ့ညကစပြီး ဒီနေ့မနက်ပိုင်းအထိ နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ လူကယ်ပြန်၊ ပညာရေး စတဲ့ဝန်ကြီးဌာနတွေနဲ့ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မြန်မာပြည်မှာတရားဥပဒေစိုးမိုးဖို့၊ ပြည်သူတွေတရားဥပဒေကို ပိုပြီးလေးစား လိုက်နာဖို့၊ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီကလေးကို ကျုးလွန်သူတရားခံကို ဖော်ထုတ်ပေးဖို့ ရေးသားတောင်းဆိုကြတာဖြစ်ပါတယ်။
အခုချိန် ၁ လကျော်တဲ့အထိ ဘာမှလှုပ်ရှားမှု မရှိလာဘူးဆိုတော့လေ တော်တော်လေးကို ခံပြင်းမိတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဲဒီအမှုအခြေအနေတွေကိုမေးမြန်း ပြီး အကြီးအကဲတွေဆီ တင်ပြပေးနေတဲ့အကြောင်း၊ အမှု စစ်ဆေးဖော်ထုတ်တာ ကြန့်ကြာနေတာကိုလည်း အသေး စိတ်မေးမြန်းထားတဲ့အကြောင်း၊ ဒီအမှုမှန်ပေါ်ပေါက်ဖို့ အချိန်ပေးနေရတာဖြစ်တဲ့အကြောင်း၊ စစ်ဆေးဖော်ထုတ်နေဆဲ ကိစ္စဖြစ်တာကြောင့် အသေးစိတ်ကို ပြောကြားဖို့ မဖြစ်နိုင်သေးဘူးလို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဲဒီကလေးအတွက် အမှုမှန်ပေါ်ပေါက်ရေး ရေးသားချက်တွေကို မြန်မာနိုင်ငံ သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတွေရဲ့ Message box နဲ့ Comment တွေကနေ လက်ခံရရှိတဲ့အကြောင်း၊ ဒီကိစ္စဖြစ်တာစသိရကတည်းက နိုင်ငံ အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အမှုမှန်ပေါ်အောင်ဖော်ပါလို့ နှုတ်နဲ့မှာကြားထားတဲ့အကြောင်း ပြောပါတယ်။
Victoria ရဲ့ မိသားစုကိုယ်စား အမှုမှန်ပေါ်အောင် ကြိုးစားနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်က နိုင်ငံတော်အကြီးကဲတွေက အမှုမှန်ပေါ်အောင် ညွှန်ကြားထားတယ်တဲ့အပေါ် အခုလို မှတ်ချက်ပေးပါတယ်။
"ကြန့်ကြာတာကပဲ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် ကျနော်တို့က လက်ခံရမှာပဲလေ။ ဖြစ်လေ့ဖြစ်ထရှိတာကတပိုင်း နောက်တပိုင်းက ဆရာဦးဇော်ဌေးပြောသွားတာက နိုင်ငံတော်အကြီးကဲတွေက ဒီအမှုကို မပေါ်ပေါ်အောင် ဖော်ဖို့ညွှန်ကြားထားတယ်ဆိုတာပါပါတယ်။ ညွှန်ကြားထားတယ်ဆိုရင် အမှုဖော်တဲ့နေရာမှာလည်း ကျုးလွန် တဲ့သူဟာ ဘယ်ကနေ ဘယ်လိုကျူးလွန်တယ်ဆိုတာ သက်သေအထောက်ထား ခိုင်ခိုင်မာမာနဲ့ ဖော်ပြပေးနိုင်မယ်ဆိုရင် ကျနော်တို့က လက်ခံပါတယ်။”
ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ သတင်းတွေကို မကြာခဏကြားနေရတဲ့အပြင် ဒီအမှုမှာလည်း တရားခံကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါကြောင့် အမှုမှန်လိုလားသူတွေက လူမှုကွန်ရက်မှာ အနက်ရောင်ကလေးမလေးပုံကို Profile Picture ပြောင်းတာ၊ Justice for Victoria ဆိုပြီး ရေးသားတောင်းဆိုကြတာတွေနဲ့ အတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဒီကလေးကို အကြောင်းပြုပြီး တခြားကလေးငယ်တွေလည်း ဒီလိုဖြစ်ရပ်မျိုး ဖြစ်မလာအောင် တရားဥပဒေစိုးမိုးရေးရှိစေချင်တယ်လို့ တောင်းဆိုကြပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)