ကချင်ပြည်နယ်က စက်မှုဇုန်စီမံကိန်း တရုတ်ကုမ္ပဏီ အသာစီးယူထား

အဲလိဇဘက်ဂျန်မာ
2020.06.16

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက နမ့်ကျင်ရွာမှာ တရုတ်ကုမ္ပဏီက တည်ဆောက်မယ့် စက်မှုဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို တရားဝင် အသိပေးတာမရှိသေးတဲ့အပြင် တခြားအလားတူ စီမံကိန်းမျိုးကို ထပ်မံခွင့်မပြုဖို့ တရုတ်ကုမ္ပဏီက တောင်းဆိုထားတာတွေ ရှိနေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအနီးမှာ တည်ဆောက်မယ့် စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်နဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီ ဘက်က အသာစီးယူထားတယ်လို့ ဇုန်နဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ သန္ဓိအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောပါတယ်။

"ဘယ်လိုမျိုး ယူထားလဲဆိုတော့ လက်ဝါကြီးအုပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဒီစီမံကိန်း တည်ဆောက်ရေးကာလ ၁၅ နှစ်အတွင်းမှာ အလားတူ ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုဘူး။ ပိတ်ထားတာပေါ့နော်။ အဲဒါမျိုးအချက်တွေက စိုးရိမ်ဖို့ကောင်းတယ်။ သူကလည်း မလုပ်နိုင်ဘူး ခုနကပြောသလို တန်းလန်းကြီးဖြစ်နေမှာလည်း စိုးရိမ်ဖို့ ကောင်းတယ်။ သဘောတရားက Investment က အကြီးကြီးတစ်ခု ဒီလိုရှိနေရင် နောက် Investor ကလည်း သူမကိုက်ဘူး ထင်လို့ရှိရင်လာမှာပေါ့။ သူ့အလိုလိုလာမှာမဟုတ်ဘူး။ တစ်ကယ့်စီးပွားရေးသမားဆိုတာ မြတ်လားမမြတ်လားဆိုတာ သူတွက်မှာပဲ ဈေးကွက်အခြေအနေနဲ့သူတွက်မှာပဲ မမြတ်ဘူးထင်ရင်တော့ သူလုပ်မှာမဟုတ်ဘူး။ ဘာတွေ့ရလဲဆိုတော့ ပိတ်ထားတဲ့ သဘောမျိုးဖြစ်နေတယ်။ မြစ်ကြီးနားမြို့နယ်မှာ အလားတူ ရင်နှီးမြှုပ်နှံမှုကို ခွင့်မပြု ကချင်ပြည်နယ်မှာ ခွင့်မပြုဘူးဆိုလို့ရှိရင်တော့ အဲဒါက တစ်ဖက်သတ် ဆန်တဲ့ အပိုင်းလေးတွေ တွေ့ရတယ်"

ဒီစီမံကိန်းဟာ တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ (CMEC) အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟန်ရင်းကုမ္ပဏီက ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်း ဖြစ်ပါတယ်။ နှစ်ဘက် နားလည်မှုစာချွန်လွှာ (MOU) ကိုတော့ ၂၀၁၈ ခုနှစ်က သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရနဲ့ တရုတ် ကုမ္ပဏီဘက်က (MOU) မှာ ပါရှိတဲ့ စီမံကိန်း တည်ဆောက်ရေးကာလအတွင်း အလားတူ ရင်းနှီး မြှုပ်နှံမှုကို ခွင့်မပြုရဘူး ဆိုတဲ့အချက်ကို ပယ်ဖျက်သင့်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ M - ကောန်လက ပြောပါတယ်။

"အဲဒါကဘာလဲဆိုတော့ မြစ်ကြီးနား နမ်ကျင်စီးပွားရေးဇုန် ပထမ မူလ MOU မှာ တရုတ်ဘက်က တောင်းဆိုချက်က နှစ်ပေါင်း ၇၀ ရင်းနှီးမြှုပ်နှံမှုကိုပြောတာ နှစ်ပေါင်း ၇၀ နှစ်ကာလ အကန့်အသတ်ကို ကချင်ပြည်နယ် တစ်ခုလုံးကို သူတို့ကယူမယ်။ တစ်ခြားသူတွေ နှစ်ပေါင်း ၇၀ အတွင်း ဘယ်သူမှမလာနဲ့ ဆိုပြီးလုပ်တာ။ အဲဒါတော့ တောင်းတဲ့သူက တောင်းမှာပေါ့။ ဒီဟာကတော့ သူတို့အလုပ်ကို။ ဒါပေမဲ့ ပေးတဲ့သူက ပေးစရာမလိုဘူးလေ။ ဒါကတော့ နိုင်ငံရေးအရ စဉ်းစားရမယ်။ ကချင်ပြည်နယ် အစိုးရက MOU မှာ ဘာသွားသဘောတူထားလဲဆိုတော့ မြစ်ကြီးနားနယ်အတွင်း ၁၅ နှစ်ဆိုပြီး သူဈေးဆစ်လို့ရတယ်ပေါ့ ၇၀ ကို ၁၅ နှစ်အထိ တောင်သူဈေးဆစ်ထားတယ်ပေါ့၊ မဆိုင်တဲ့လုပ်ကိုင်ခွင့်အချုပ်အခြာအာဏာကို သွားပြီး ခွင့်ပြုထားတယ်၊ MOA မှာ ပါမပါတော့ မသိသေးဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က MOA မသိပဲ ဝေဖန်ရတာ နည်းနည်းတော့ခက်တယ်။ ဒါပေမယ့် MOU ကို အခြေခံပြီး ပြောမယ်ဆိုရင်တော့ အဲဒါက လုံးဝ မလုပ်ရဘူး၊ လုံးဝပယ်ဖျက်ရမယ့်ဟာ သူတို့ကလည်း တောင်းခွင့်မရှိသလို ကိုယ်ကလည်း ပေးခွင့်မရှိဘူး "

ရင်းနှီးမြှုပ်နှံမှုက ရရှိလာမယ့် အကျိုးအမြတ်နဲ့ စီးပွားရေး အခွင့်အရေးတွေအပေါ် ခန့်မှန်းထားတာ မရှိတဲ့အတွက် ပြည်နယ် အစိုးရနဲ့ ဒေသခံတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ် ကြုံတွေနိုင်မှု မြင့်မားတယ်လို့ သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းကတော့ နားလည်မှုစာချွန်လွှာတွေမှာ အားနည်းချက်တချို့ရှိနိုင်ပေမယ့် စီမံကိန်းအကောင်အထည်ဖော်ဖို့ စာချုပ်ချုပ်ဆိုတာကသာ အရေးကြီးကြောင်း ပြောပါတယ်။

စက်မှုဇုန်အတွက် စီမံကိန်း မြေနေရာတိုင်းတာ၊ စီမံကိန်းဧရိယာအတွင်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးမြေ သီးနှံလျော်ကြေးပေးရမယ့် ခွင့်ပြုစိုက်ပျိုးပင် စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ စီမံကိန်းနဲ့ ဆောင်ရွက်မယ့် ပုံစံနဲ့ ပတ်သက်ပြီး အခုချိန်ထိ လူထုကို ပွင့်ပွင့်လင်းလင်း ချပြတာ မရှိတဲ့အတွက် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ နမ်ကျင်ဒေသခံ ဦးခေါင်ဒီးက ပြောပါတယ်။

"ကျနော်တို့ဆီမှာက အဲ့ဒီအပိုင်းကို ဘယ်သူမှ ချပြထားတာမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျာတို့ ပြည်သူလူထုအတွက် ဘယ်လောက်ကောင်းသွားမယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ ချပြထားတာမရှိဘူးလေ။ ကျွန်တော်ကပဲ မကြားလိုက်တာလားမသိဘူးလေနော်။ ကျွန်တော်တို့အနေနဲ့က ဆိုးကျိုးများမယ့် အတိုင်းအတာ ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူလူထူကမလိုလားဘူး။ အများပိုင်းကောင်းတယ်ဆိုရင်တော့ လက်ခံတယ်။ မကောင်းနိုင်တဲ့ အတိုင်းအတာကို ဆက်လုပ်တဲ့ပုံစံမျိုးဆိုရင်တော့ ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်လို့မြင်တယ်"

စီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ရှင်းလင်းပြတ်သားတဲ့ မှတ်တမ်းမှတ်ရာမရှိတာနဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လည်း ဖွံ့ဖြိုးရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ် ရင်ဆိုင် ကြုံတွေ့နိုင်မှု မြင့်မားနိုင်တယ်လို့လည်း သန္ဓိအဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အဲ့ဒီအပြင် လူထုတွေကြားမှာလည်း မြေယာဆုံးရှုံးမှုပြဿနာ၊ သဘာဝပတ်ဝန်းကျင်ပြဿနာ၊ လူမှုရေး ပြဿနာတွေနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။

နမ့်ကျင်စက်မှုဇုန်ကို မြစ်ကြီးနားမြို့ရဲ့ အနောက်ဘက် ၈ မိုင်ခန့်အကွာမှာရှိတဲ့ နမ့်ကျင်ကျေးရွာက မြေဧက ၄၇၀၀ မှာ အကောင်အထည်ဖော်မယ်လို့ လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံးဖြစ်လာမယ့် စီမံကိန်းဖြစ်သလို ကချင်ပြည်နယ်မှာ မြစ်ဆုံးစီမံကိန်းနည်းတူ စီမံကိန်းကြီးဖြစ်ပါတယ်။

ဒါကြောင့်လည်း ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်လာမလားဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။