ကချင်စစ်ဘေးဒုက္ခသည် နေရပ်ပြန်ရေး စိန်ခေါ်မှုတွေရှိနေ
2020.07.06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စီတာပူစစ်ဘေးဒုက္ခသည်စခန်းက အိမ်ထောင်စု ၁ဝ စုရှိတဲ့ ဒုက္ခသည် စုစုပေါင်း အယောက် ၆ဝ ကို အစိုးရနဲ့ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC တို့ ပူးပေါင်းပြီး ပထမဆုံးအသုတ်အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ အဓိက စိန်ခေါ် မှုတွေ ဖြစ်နေပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ တစ်ကျော့ပြန် စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၁၀၀ လောက်ရှိခဲ့ပြီး ဒုက္ခသည်ဦးရေ တစ်သိန်းလောက် အဲဒီစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေကျဲလာတာကြောင့် မူလနေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်နေတဲ့ ဒုက္ခသည် တချို့ရှိပေမယ့် အများစုကတော့ လက်ရှိအချိန်အထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။
ဇူလိုင်လ ၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် စီတာပူ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ အိမ်ထောင်စု ၁၀ စု ရှိတဲ့ ဒုက္ခသည် ၆၀ ကို သူတို့နေရပ် ဝိုင်းမှော်မြို့နယ် ရွှေညောင်ပင်ရွာကို ပထမဆုံးအသုတ်အနေနဲ့ ပြန်ပို့နိုင်ခဲ့တယ်လို့ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။
“အိမ်ထောင်စု ၁၀ စု၊ လူဦးရေကတော့ ၆၀ နီးပါး ပြန်ပါတယ်။ ကျနော်တို့ ၁၇ ရွာမှာပါတဲ့ ပထမဦးဆုံး KHCC နဲ့ အစိုးရတို့ ပူးပေါင်းပြီးမှာ နီပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ အိမ်တွေ ဆောက်ပြီးမှ ပြန်ပို့ခြင်းဖြစ်ပါတယ်။ အိမ်ကတော့ သိန်း ၆၀ ကျော်လောက် တန်တယ်။ မီးဖိုချောင်၊ ရေချိုးခန်း၊ ဘုံဘိုင် တစ်ခုစီပေါ့။ နောက်ပိုင်းက အသက် မွေးဝမ်းကျောင်းကိစ္စတွေလည်း ဆက်လက်ပြီးမှ ကူညီသွားဖို့ရှိပါတယ်။”
ဒါဟာ အစိုးရနဲ့ ကချင်လူသားချင်းစာနာထောက်ထားမှုကော်မတီ (KHCC) တို့ ပူးပေါင်းပြီး ဝိုင်းမော်၊ ဗန်းမော်၊ ပူတာအို မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးလုပ်ဆောင်နေတဲ့အထဲက ပထမဆုံး နေရပ်ပြန်နိုင်တာဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာကာလမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်တွေ နှောင့်နှေးနေပြီး ကပ်ရောဂါပြီးရင် သူတို့နေရပ်ပြန်နိုင်ဖို့ အမြန်ဆုံးဆာင်ရွက်နေတယ်လို့လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။
စီတာပူ စစ်ဘေးဒုက္ခသည်စခန်းမှာ နေရပ်မပြန်နိုင်သေးတဲ့ အိမ်ထောင်စု ၆၆ စုက လူဦးရေ ၅၃၀ ကျော် ရှိနေပါသေးတယ်။
နေရပ်ကိုပြန်ပြီး လုပ်ကိုင်စားသောက်နေသူတချို့ရှိပေမယ် အများစုကတော့ စားဝတ်နေရေးနဲ့ လုံခြုံရေး အာမခံချက်ရှိမှ နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ စီတာပူ ဒုက္ခသည်စခန်း တာဝန်ခံ ဦးအင်ဂေါက်တန်ဂေါင်က RFA ကိုပြောပါတယ်။
“နေရပ်တော့ ပြန်ချင်ကြပါတယ်။ လောလောဆယ် ငြိမ်းချမ်းရေးက အဆင်မပြေသေးတော့ မပြန်နိုင်ဘူး ဖြစ်နေတယ်။ ပြန်ချင်တဲ့ သူကတော့ များပါတယ်။ နှစ်ဘက်စလုံးက တင်းနေကြတော့ ဒုက္ခရောက်တာပေါ့။ သူတို့ နှစ်ဘက်စလုံး ညှိညှိနှိုင်းနှိုင်း လုပ်ကြမယ်၊ အဆင်ပြေမယ်ဆိုရင်တော့ ကျနော်တို့ စစ်ရှောင်တွေလည်း နေရပ်ပြန်နိုင်မှာဖြစ်ပါတယ်။”
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းကတော့ စစ်ဘေးဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ပြန်နေရေးအတွက် အဓိကစိန်ခေါ်မှုက ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးပါပဲဗျာ။ ငြိမ်းချမ်းရေးကတော့ စိန်ခေါ်မှုပေါ့။ ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်နိုင်ရေးဆိုတော့ ပြန်သွားမယ့်နေရာတွေမှာ ကျွန်တော်တို့ အဓိက လုပ်ပေးရမှာက မိုင်းရှင်းလင်းရေးပေါ့။ လုံခြုံစိတ်ချစွာ နေနိုင်ရေးဆိုရင် မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပေးရမယ်၊ လမ်းပန်းကောင်းအောင် လုပ်ပေးရမယ်၊ နောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးတို့ လုပ်ပေးရမယ်။ ကျန်းမာရေး၊ ပညာရေးတွေ ဆောင်ရွက်ပေးရမယ်။ ဒါတွေကတော့ ကျနော်တို့ လုပ်ပေးလို့ရတဲ့ဟာတွေပေါ့လေ”
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ဟာ ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်ဖြစ်ပွားတဲ့ စစ်ပွဲတွေ ကိုးနှစ်ပြည့်ခဲ့တာဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC၊ ဒေသခံစစ်ဘေးဒုက္ခသည်တွေနဲ့ စစ်ဘေးဒုက္ခသည်အရေး လှုပ်ရှားသူတွေက အချက် ငါးချက်တောင်းဆိုခဲ့ပါတယ်။
အဲဒါကတော့ စစ်ဘေးဒုက္ခသည်တွေနေရပ်ကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာပြန်နိုင်ရေး၊ မူလနေရပ်ဒေသကို ပြန်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းရှင်းလင်းပေးရေး၊ တပ်မတော်နဲ့ KIA တို့ကြား အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ စတာတွေဖြစ်ပါတယ်။
အခုလို နေရပ်ပြန်နိုင်ရေး ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသေးတာဟာ အစိုးရ၊ တပ်မတော်နဲ့ KIA ကြား တိကျခိုင်လုံတဲ့ သဘောတူညီချက် မရှိသေးတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ KIA နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အမြဲတမ်း လမ်းဖွင့် ပေးထားကြောင်း ဇွန်လ ၉ ရက်နေ့ RFA ကို ပြောပါတယ်။
တပ်မတော်က မူဝါဒတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မပြောင်းလဲမချင်း ငြိမ်းချမ်းရေးက ရလာနိုင်မှာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ဇွန်လ ၂၂ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။
အခုနောက်ပိုင်း ဗန်မောက်မြို့နယ်နဲ့ မူဆယ်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA တို့ ပစ်ခတ်မှုရှိခဲ့တာကနေ ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေ ပြန်ဖြစ်လာမှာကို ဒုက္ခသည်တွေကြားမှာ စိုးရိမ်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။