ဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ် ခံရတဲ့ကိစ္စ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့ ရှေ့နေတွေရဲ့ သဘောထား


2015.01.29

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်မြို့နယ်မှာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် KBC က လုပ်အားပေးဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တပ်မတော်ကို ပုတ်ခတ်ရေးသားပြောဆိုသူတွေ ရှိနေကြောင်း တပ်မတော်က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ တောင်းဆိုထားတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ရှေ့နေတွေရဲ့ သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က မူဆယ်ခရိုင်ကြူကုတ်မြို့နယ်မှာ KBC ကလုပ်အားပေး ကျောင်းဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ အမှုကိစ္စကို ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တွေက စစ်ဆေးဆောင်ရွက်မှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီအမှုကို တပ်မတော်သားတွေကျူးလွန်တယ်လို့ သံသယရှိတဲ့အပေါ် နယ်မြေခံစစ်ကြောင်းက တပ်မတော်သားတွေရဲ့ ဆံပင်နမူနာကို DNA စစ်ဆေးဖို့ပေးပို့ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နေတယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မှုခင်းပိုင်းဆိုင်ရာရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်ချက်တွေအရ တရားခံဟာ တပ်မတော်သားတွေ မဖြစ်နိုင်ဘူးလို့ သုံးသပ်သိရှိရတဲ့အတွက် အမှုမှန်ပေါ်ပေါက်လာချိန်မှာ တပ်မတော်ကို မဟုတ်မှန် ပုတ်ခတ်ပြောဆိုရေးသားသူတွေကို တရားဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် KBC အနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် စုံစမ်းစစ်ဆေးမှု တွေမှာ ပါဝင်ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေတယ်လို့ မူဆယ် KBC သင်းအုပ်ဆရာ ဦးဇော်ရာ ကပြောပါတယ်။

ဦးဇော်ရာ

အမှုဖြစ်ပွားတဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ကောင်းခါးကျေးရွာကို တပ်မတော်စစ်ကြောင်းရောက်ရှိ အခြေချခဲ့တာဖြစ်တဲ့အတွက် တပ်မတော်သားကျူးလွန်တယ်လို့ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေက စွပ်စွဲမှုတွေရှိနေသလို KIA တပ်သားတွေ ကျူးလွန်တယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။

တပ်မတော်ဘက်က ကျူးလွန်မှုမရှိဘူးဆိုရင် ပုတ်ခတ်ပြောဆိုမှုတွေကိုတရားစွဲဆိုမယ်ဆိုတာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆိုထားတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

ဒေါ်ခွန်ဂျာ

၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ တပ်မတော်သားတွေကျူးလွန်တဲ့အမှုတွေကို စစ်ခုံရုံးကသာ တရားစီရင်ရမှာဖြစ်ပြီး အရပ်ဖက်တရားရုံးက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ စစ်ခုံရုံးမှာသာ တရားစီရင်တဲ့အတွက် ပွင့်လင်းမြင်သာမှုအားနည်းပြီး ကျူးလွန်တဲ့အမှုနဲ့ ညီမျှတဲ့ ပြစ်ဒါဏ်ပေးမပေးကို မသိရှိရဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

တပ်မတော်နဲ့ပတ်သက်လာတဲ့အမှုတွေကို အရပ်ဖက်ဥပဒေပညာရှင်တွေက စောင့်ကြည့် တွန်းအားပေးရုံသာ လုပ်နိုင်တဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့ရာခိုင်နှုန်းနည်းပါးတယ်လို့  မြန်မာနိုင်ငံ ရှေ့နေများကွန်ယက် ယာယီဥက္ကဌ ဦးကြီးမြင့်က ပြောပါတယ်။

ဦးကြီးမြင့်

KBC က လုပ်အားပေးဆရာမနှစ်ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ထိရောက်စွာစုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ ကမ္ဘာ့ကုလသမဂ္ဂက ပြီးခဲ့တဲ့ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ဒါအပြင် ကချင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း ဒီအမှုအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးဖို့ စစ်ဆေးမှုတွေမှာ ကချင်လူထုကိုယ်စားပြု အဖွဲ့တွေကို ပါဝင်ခွင့်ပေးဖို့ တောင်းဆို ထားပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။