ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော် နေရပ်ပြန်ဖို့ ခက်ခဲနေ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး တပ်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်တပ်က နယ်မြေရှင်းလင်းတဲ့အတွက် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံ ငါးထောင်ကျော်ဟာ ဒီနေ့ထိ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ကျေးရွာတွေအနီးမှာ စခန်းချတာ၊ ဒေသခံတွေကို ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးတာတွေကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ဦးမောင်စိုး က ပြောပါတယ်။
"လောလောဆယ်ကတော့ ကျနော်တို့ ကျေးရွာအရှေ့ဘက်က ကိုးရွာအုပ်စုကတော့ တော်တော်များ တယ်ဗျ။ ကိုးရွာအုပ်စုက တော်တော်လေးကို မပြန်သေးတဲ့သူများတယ်ဗျ။ ကျနော်တို့ရွာဆိုရင် အိမ်ခြေ ၃၅၀ လောက် မှာ ၅၀ လောက်ပဲပြန်သေးတယ်။ ကျန်တဲ့ရွာတွေမှာလည်း အခုလိုပဲ မပြန်ကြဘူးဗျ။ ကျနော်တို့ အခုဆိုရင် ဟိုဘက်က ဆင်ရွာတို့ နတ်နန်းဘက်တို့ဘက်တွေကစ အကုန်ပြေးနေကြရတာ"
တင်သား၊ ဆင်ရွာ၊ ကျာမင်း၊ အိုးမြေတူး၊ ကြံသာ၊ ဒိုးနွယ်၊ နတ်ချောင်း၊ ဥယျာဉ်၊ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ နွားရွာ၊ ရှားတော၊ ထလုံး၊ ရှားဖို၊ နတ်နန်း၊ မန္တာအရှေ့စည်း စတဲ့ကျေးရွာတွေက လူတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
အခုလက်ရှိမှာတော့ အဲဒီအထဲက ကုက္ကိုလ်၊ ရေရှင်၊ တင်းသားနဲ့ ဒိုးနွယ်ကျေးရွာတွေက လူဦးရေ အနည်းငယ် လောက်သာ နေအိမ်တွေမှာပြန်နေထိုင်ကြပြီး ကျန်တဲ့ရွာတွေက ကျေးရွာသားတွေက စိုးရိမ်ကြောက်လန့် စိတ်တွေနဲ့ နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ခုလောလောဆယ် နတ်ချောင်းနဲ့ ကျောက်ပြုတ်ကျေးရွာတွေမှာ စခန်းချပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့ ရေရှင်ကျေးရွာကနေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"စစ်သားလာရင်ကို ပြေးနေရတော့တာပဲ။ သူတို့က လာရင်ဖမ်းတယ်။ နှိပ်စက်တယ်။ ဒါမျိုး ဆိုတော့ ရှင်ရှင်လတ်လတ်တွေတောင် ကြိုးနဲ့တုပ်၊ မီးရှို့တာတွေ ကျနော်တို့ ရွာသားတွေကအစ ပါနေတာဆိုတော့ သူတို့နဲ့ကို အတွေ့ကို မခံရဲတာ။ ကျနော်တို့က သူတို့လာရင် ပြေးတော့တာ"
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာဖြစ်သလို ပုန်းအောင်းနေထိုင်နေကြရ တာပါ။ အဲဒီအထဲမှာ နေအိမ်မီးရှို့ခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေး သူငယ်တွေ၊ အသက်ကြီး ရွယ်အိုတွေ၊ ဆင်းရဲနွမ်းပါးသူတွေ ပါဝင်တာကြောင့် လူဦးရေ တစ်ထောင်ကျော်ခန့်ဟာ ဆန်၊ ဆီ၊ ဆား ရိက္ခာ ပြတ်လပ်နေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် တွေက ပြောပါတယ်။
အခုလို သီးနှံတွေရိတ်သိမ်းရမယ့်ကာလမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် သီးနှံတွေမရိတ်သိမ်း နိုင်ဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းကျော် ကျေးရွာသား တစ်ဦးက ပြောပါတယ်။
"ရှင်းရှင်းပြောရရင် စပါးရိတ်သိမ်းတဲ့ရာသီမှာ အခုစစ်ဘေးသင့်နေတာဆိုတော့ ဘယ်အချိန်လာမှန်းမသိ။ အဲဒါကလည်း သိမ်းဆည်းမှုမရှိဘူး တော်တော်ပျက်စီးနေတယ်။ စပါးကပစ်ထားရမယ့် အခြေအနေကို ရောက်နေတဲ့ဟာတွေရှိတယ်။ အခုလောလောဆယ်ကတော့ ကျနော်တို့ အင်းကျော် တစ်ရွာလုံး မရိတ်ရသေးဘူး။ ပဲကောက်ရမယ့် ပဲတီစိမ်းကလည်း ကောက်ရမယ့်ဟာတွေရှိတယ်လေ။ အဲဒါကလည်း လူကလည်းငှားလို့မရ။ ဒါပြီးတော့ မိုးရွာတာနဲဆိုတော့ စစ်ဘေးရှောင်နေရတာနဲ့ ဒီနှစ်ကတော့ ပဲတွေက အညှောက်ပေါက်တဲ့ဟာက ပေါက်ကုန်ပြီလေ"
ကလေးမြို့နယ်မှာ အခုဒီဇင်ဘာလအတွင်းမှာပဲ အင်းကျွန်းကျေးရွာသားလေးဦး၊ ရေရှင်ကျေးရွာသားတစ်ဦး၊ သံဖိုကျေးရွာသားတစ်ဦး၊ ချောင်းခွကျေးရွာသားတစ်ဦး၊ စုစုပေါင်း ခုနစ်ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မီးရှို့ခဲ့တဲ့အပြင် ရေရှင်၊ ရှားတော၊ ကုက္ကိုလ်၊ ထလုံ၊ လယ်ခြား စတဲ့ကျေးရွာတွေက စပါးကျီနဲ့ နေအိမ်ပေါင်း ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
"ရှင်ရှင်လတ်လတ်တွေတောင် ကြိုးနဲ့တုပ်၊ မီးရှို့တာတွေ ကျနော်တို့ ရွာသားတွေကအစပါနေတာဆိုတော့ သူတို့နဲ့ကို အတွေ့ကိုမခံရဲတာ"
ဒီလိုပျက်စီးဆုံးရှုံးမှုတွေရှိနေတာကြောင့် စစ်ပွဲတွေအမြန်ပြီးဆုံးချင်တယ်လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ရေရှင်ကျေးရွာသား တစ်ဦးက ပြောပါတယ်။
“ကျနော်ကတော့ နှစ်နှစ်လလ စုထားတဲ့အောက်မှာ တန်းလျားတွေ၊ ကုတင်တွေ ဘာမှမရှိတော့ပဲနဲ့ ပါသွားတာပေါဗျာ။ ရေဒီယိုပုံးလေးတွေ ကျနော်တို့ ခံစားချက်ကတော့ ပြောမယ်ဆို မပြောတတ်ပါဘူးဗျာ။ ကျနော်တို့က ဝမ်းနည်းတယ်ပေါ့။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ ကိုယ်တစ်ဦးတည်းလည်း မဟုတ်တော့ ကိုယ့်ထက်များတဲ့သူချည်းပဲ။ စပါးထောင်ကျော်သမားတွေ ပါသွားတာတွေလည်းရှိတယ်ဆိုတော့ ဖြေရ တာပဲ။ ကျနော်တို့ တောင်းဆိုချင်တာကတော့ စစ်ရေးဟာ မြန်မြန်ပြီးစေချင်တာပေါ့ဗျာ"

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကလေးမြို့မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အထိ စစ်ကောင်စီ တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၃၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်း ၁၀ လကျော်ကာလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၇၂ ဦးနဲ့ ဖမ်းဆီးခံရသူ ၃၇၂ ဦးရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။