ကရင်လက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲ နွေဦးတော်လှန်ရေးကို ထိခိုက်နိုင်မလား

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.06.14

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KNU -ကရင်အမျိုးသားအစည်းအရုံး၊ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီနဲ့ BGF - နယ်ကြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး KNU ဌာနချုပ်မှာ နှစ်ရက်ကြာဆွေးနွေးကြမယ်လို့ သတင်းရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့အကြား နားလည်မှု ရရှိရေးနဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားမှုမရှိရေး ကိစ္စတွေကို ဆွေးနွေး ပြောဆိုကြမယ်လို့ ကြားသိရပါတယ်။

အကောင်းမြင်သူတချို့ကတော့ အခုဆွေးနွေးပွဲကနေ ကရင်တိုင်းရင်းသားအဖွဲ့တွေ အချင်းချင်းညီညွတ်မှုနဲ့ နားလည်မှုကို ပိုမိုတည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ သဘောထားအတိုင်း BGF ကလိုက်နာပြီး KNLA တပ်မဟာ ၅ ကို ထပ်မံတိုက်ခိုက်တာမျိုးတွေ အနာဂတ်မှာ ပပျောက်သွားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုတွေ့ဆုံပွဲမှာ NCA အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်တွေ့လိုက်နာ အကောင်အထည်ဖော်ရေးအတွက်လည်း ဆွေးနွေးဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ KNU ခေါင်းဆောင်တဦးက RFA ကိုပြောပါတယ်။

အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို ရောက်ရှိနေတဲ့ CDM အင်အားစုတွေ အပေါ် ဖိအားပေးမှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ရတယ်လို့ တချို့ကသုံးသပ်ပါတယ်။ တကယ်လို့ NCA လမ်းကြောင်းကို KNU ခေါင်းဆောင်ပိုင်းက ဆက်ပြီးလျှောက်လှမ်းနေမယ်ဆိုရင် ကရင့်တော်လှန်ရေးကိုသာမက ပြည်သူတရပ်လုံးရဲ့ နွေဦးတော်လှန်ရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ယူဆသူတွေထဲမှာ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်လည်း ပါဝင်ပါတယ်။

“KNU ခေါင်းဆောင်ပိုင်း အတော်များများက NCA ကို ပြန်ပြီး အသက်သွင်းဖို့ ကြိုးပမ်းနေတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီအခြေအနေအောက်မှာ အခု DKBA အဖွဲ့ ဆိုတာကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့၊ BGF ဆိုတာတော့ စစ်ကောင်စီက ဖွဲ့ထားတဲ့ အဖွဲ့အစည်းလို ဖြစ်နေတယ်။ အဲဒီအဖွဲ့တွေ ပါဝင်ပြီး U Than Soe Naing.jpgမနက်ဖြန် ဆွေးနွေးကြမယ်ဆိုတာ NCA ကို အသက်သွင်းဖို့၊ NCA အတိုင်း ပြန်လုပ်ဖို့၊ အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် KNU ခေါင်းဆောင်တွေ နဲ့ စစ်ကောင်စီရဲ့  ငြိမ်းချမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီးလုပ်တဲ့ လုပ်ကြံမှုလို့ပဲ မြင်တယ်။ အဲဒီကြောင့် ထွက်ပေါ်လာမယ့် အဖြေဟာ ကျနော်တို့ ပြည်သူလူထု လိုလားတဲ့ တော်လှန်ရေး တိုက်ပွဲရဲ့ လိုအပ်ချက်မျိုး၊ အဖြေမျိုး ဖြစ်လာမယ်လို့တော့ မထင်ဘူး။ နောက်တခုက အဲလိုဆုံးဖြတ်ချက်မျိုး နဲ့ KNU က အဲဒီဘက်ကို ဦးတည်သွားမယ်ဆိုရင် အခု KNU ကို အားကိုး မှီခိုပြီးတော့ မြို့ပေါ်ကနေ လက်နက်ကိုင် တိုက်ပွဲထဲကို ပါဝင်လာတဲ့ အင်အားစုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိတယ်။ ဒါပေမဲ့ KNU ထဲမှာ ပါဝင်နေတဲ့ တပ်မဟာ ၅၊ တပ်မဟာ ၆၊ တပ်မဟာ ၁၊ တပ်မဟာ ၄ တို့ကတော့ ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သဘောထား ရှိပါတယ်။ ဒီအင်အားစုတွေကတော့ လူထုတိုက်ပွဲနဲ့ တော်လှန်ရေးထဲ ဝင်ရောက်လာတာကို ကြိုဆိုပြီးတော့ ဆက်လက်ထိန်းသိမ်းထားမယ့် အနေအထားပါ။ လာမဲ့ စက်တင်ဘာမှာ ကျင်းပမဲ့ KNU ကွန်ဂရက်ကျရင်တော့ အဖြူအမည်းတော့ ပိုပြီးသဲကွဲသွားလိမ့်မယ်လို့ ထင်ပါတယ်”။”

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်အဖွဲ့ဝင် ကိုစောသူးဘီးကတော့ အခုဆွေးနွေးပွဲကြောင့် အာဏာရှင်စနစ် တော်လှန်ရေးကို ထိခိုက်နိုင်မယ် မထင်ပါဘူးလို့ ပြောပါတယ်။

“KNLA တပ်မဟာတွေက သူတို့နယ်မြေမှာ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်စီမံခန့်ခွဲတဲ့ အနေအထားရှိတယ်၊ နွေဦးတော်လှန်ရေးမှာ တပ်မဟာ အသီးသီးကနေ သူတို့ရဲ့ထောက်ခံအားပေးမှုနဲ့ ကူညီမှုတွေ လျော့ကျနိုင်မယ်လို့ ကျနော်မမြင်ဘူး၊ အဲဒါကြောင့် သိပ်ပြီးတော့ စိုးရိမ်စရာ တွေးပူစရာတွေ မလိုဘူးလို့ ကျနော်မြင်တယ်။””

ပဲခူးတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကတော့-

“ကရင်တိုင်းရင်းသားတွေကြားမှာ ဖြစ်ပျက်နေတာကို ကျမတို့ ဝေဖန်သုံးသပ်မှုတွေ မပြောလိုပါဘူး၊ ဒါပေမဲ့ ကရင်တိုင်းရင်းသား နယ်မြေတွေထဲမှာ ရောက်ရှိနေတဲ့ CDM ဝန်ထမ်းတွေ၊ သင်တန်းတွေ တက်ဖို့ ရောက်နေသူတွေ ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ရာတော့ KNU အနေနဲ့ ဆက်လက်လုပ်ဆောင်ပေးမယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။”

KNU.jpg
ကော်သူလေးမှာ ကျင်းပတဲ့ နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား တက်ရောက်လာတဲ့ KNU တပ်ဖွဲ့ဝင်တဦး။(Photo: AFP)


မန္တလေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးကလည်း-

“ကျနော်တို့ကတော့ ဒီတော်လှန်ရေးမှာ အဖွဲ့အစည်းတွေအားလုံး ညီညီညွတ်ညွတ်နဲ့သွားမယ်ဆိုရင် ဒီတော်လှန်ရေးက အောင်မယ် ဆိုတာမျိုး ယုံကြည်ထားတာလေ၊ သူတို့လဲ အဲဒီအပေါ်မှာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးအရ သဘောထားလေးတွေ ရှိကောင်းရှိမယ်ဆိုပေမယ့်လို့ နွေဦးတော်လှန်ရေးအတွက် အာဏာရှင်အမြစ်ဖြတ်ရေးအတွက်တော့ မျက်ကွယ်မပြုဘူးလို့ ကျနော်မြင်ပါတယ်။”

ဒီကနေ့ စတင်မယ့် ဆွေးနွေးပွဲကနေ စစ်အာဏာရှင်တွေအလိုကျရလဒ်တွေ ထွက်လာမှာလား ဒါမှမဟုတ် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ပိုမိုညီညွတ်မှုရရှိရာကနေ နောက်ဆက်တွဲအဖြစ် အာဏာရှင်စနစ် အပြီးအပိုင် ဖယ်ရှားမယ့် ပြည်သူတရပ်လုံးရဲ့ တော်လှန်ရေးကို ကူညီပံ့ပိုးမယ့် အနေအထားတွေ ဖြစ်ပေါ်လာမှာလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မိုးကျော်သူ
2021-06-23 20:35

မြန်မာ့ သတင်းမှန်ကို များစွာဖတ်ရ၍ ကြည်နူးကျေနပ်ရပါသည် နေ့စဥ် ဖတ်ခွင့်ရချင်ပါသည်။