KNU နယ်မြေမှာ တစ်နှစ်အတွင်း အရပ်သား ၁၀၀ ကျော်သေဆုံး၊ ၂၇၀ ကျော်ဒဏ်ရာရ
2023.01.08

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
မြန်မာ့လက်နက်ကိုင်ပဋိပက္ခအတွင်း သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNU ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒီအပြင် အရပ်သား လက်နက်ကိုင်ပုန်ကန်သူ တွေကို စစ်ရေးနဲ့ နယ်မြေခိုလှုံခွင့် အကူအညီပေးထားတဲ့အတွက် စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံနေရပါတယ်။
KNU ဗဟိုရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲ ၄၄၂၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သား ၁၁၉ ဦးသေဆုံးပြီး ၂၇၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
"ကလေးငယ်လေးတွေဆိုရင် အဟာရချို့တဲ့တာ၊ ဖွံ့ဖြိုးမှုနှေးတာ၊ ပိန်တာတွေဖြစ်တယ်”
ဒီအပြင် အရပ်သားအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ တနင်္သာရီတိုင်းက KNU တပ်မဟာ (၄) ထိန်းချုပ်ထားတဲ့ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာက အရပ်သားတွေလည်း တိုက်ပွဲကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းကစပြီး ထိုင်းနိုင်ငံအပါအဝင် ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲပြန်နေကြတာက လူနည်းစုပဲ။ ထိုင်းမှာတော့ လူဦးရေ ၈၀ ကျော်လောက်တော့ ကျန်ခဲ့သေးတယ်။ အကုန်လုံးက သုံးရာကျော်၊ လေးရာက မြို့တက်တဲ့သူကလည်း တက်တယ်။ ရတနာပုံရွာအနီး လေညှာရွာမှာနေကြတဲ့သူကလည်းနေတယ်။ တချို့ တစ်ဝက်လူတွေကလည်း သူတို့ ဥယျာဉ်ထဲက ကွမ်းသီးတွေကလည်းမှည့်နေပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ရသလောက်သွားပြီးတော့ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးသွားပြီးတော့ ရွာမှာပြန်နေတဲ့သူလည်းရှိတယ်။ အကုန်လုံးက အကွဲကွဲ အပြဲပြဲတွေ ဖြစ်ကုန်တာပေါ့။ မူရင်းနေရပ်ရွာမှာတော့ ပေါ်ပေါ်တင်တင်တော့ မနေဘူး။ ဥယျာဉ်ခြံမြေထဲမှာနေတယ်။ ကိစ္စရှိလို့ရှိရင်ရွာထဲကို အခြေအနေကြည့်ပြီးသွားပေါ့။ စစ်တပ်ကတော့ အချိန်ပြည့် ရှိနေတယ်”
အလားတူ KNU တပ်မဟာ (၆) က ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ် ဒေသအတွင်း ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ မကြာခဏတိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ဘေးဒုက္ခသည် တွေကို ကူညီဖို့ခက်ခဲလာတယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းမှာလည်း အရပ်သားတွေ တောတောင်လျှိုမြောင်တွေထဲမှာ ပုန်းအောင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေကျတော့ လောလောဆယ် လျှိုတွေ၊ မြောင်တွေ ရေနဲ့နီးစပ်တဲ့ နေရာတွေမှာပဲထားတယ်။ တာလပတ်တဲတွေနဲ့ပဲ နေရတယ်။ စစ်ဘေးရှောင် ၉၀ ရာခိုင်နှုန်းလောက်က တာလပတ်တဲတွေနဲ့နေ အမိုးမိုးပြီးတော့ ဝါးရုံပင်အောက်တွေ၊ စမ်းချောင်းဘေးတွေမှာ နေရတာ။ စားစရာကတော့ သူ့ဘာသူအထိုက်အလျောက်တော့ ရှိပါတယ်။ အဟာရပြည့်ဝအောင်တော့ မစားရဘူးပေါ့။ ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါးကတော့ တော်တော်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သန့်ရှင်းတဲ့ ရေမရဘူး။ သောက်ရေကအစ သန့်ရှင်းမှုမရှိဘူး။ ဆေးဝါးလိုအပ်တယ်။ နောက်ပြီးတော့ ဆောင်းတွင်းဘက်ဆိုတော့ အနွေးထည်တွေ၊ စောင်တွေလည်း မရှိသလောက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကိစ္စကတော့ ကူးစက်ရောဂါတွေ၊ ဝမ်းရောဂါတွေဖြစ် ကြတယ်။ ကလေးငယ်လေးတွေဆိုရင် အဟာရချို့တဲ့တာ၊ ဖွံ့ဖြိုးမှုနှေးတာ၊ ပိန်တာတွေဖြစ်တယ်”
ဒီအခြေအနေတွေကြားမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အထွေထွေ ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပဖို့ကြိုးပမ်းနေတယ်လို့ ဒီနှစ် ဇန်နဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေးနဲ့ စစ်ရေးအလှည့်အပြောင်း ဖန်တီးမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေပိုပြီးပြင်းထန်လာဖို့ရှိတယ်လို့ KNU တပ်မဟာ ၆ နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၂၀၂၃ မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြောထားတာရှိတယ်။ ၂၀၂၃ မှာ စစ်ရေးအရှိန်မြှင့်မယ်ဆိုတာလည်း ပြောထားတယ်။ ကရင်ပြည်နယ်အတွင်း မှာလည်း စစ်ရေးအရှိန် တိုးမြှင့်ဖို့လုပ်သွားမှာပါ။ ပူးပေါင်းအဖွဲ့တွေအနေနဲ့ KNU ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ပါဝင်တဲ့သူတွေ အားလုံးကတော့ စစ်ဆင်ရေးတွေလုပ်သွား မှာပေါ့။ ခံစစ်ပိုင်းမဟုတ်ဘဲနဲ့ ထိုးစစ်တွေဆင်မယ့် အခြေအနေတွေ လုပ်ဆောင်ပါမယ်။ တိုက်ရေးခိုက်ရေး စွမ်းဆောင်ရည်ပိုင်းမှာလည်း အားလုံးက အရင်ကထက်စာရင် ပိုပြီးတော့ကောင်းလာတော့ တိုက်ပွဲအရှိန်တွေလည်း မြှင့်လာနိုင်တယ်။ ၂၀၂၂ ထက်စာရင် ၂၀၂၃ မှာ ကျနော်တို့ လုပ်ဆောင်မှုတွေ ပိုပြီးအရှိန်မြှင့်လာပါမယ်”
ရှိနေပြီးသား စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ မပေးနိုင်သေးချိန်မှာဘဲ ပြင်းထန်လာမယ့် စစ်ရေးအခြေအနေတွေကြောင့် နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ တိုးလာဖို့ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU နဲ့ ထိတွေ့တိုက်ပွဲ တွေဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်ဘေး ဒုက္ခသည် နှစ်သိန်းကျော် တိုးလာပါတယ်။