အာဏာသိမ်းတစ်နှစ်ခွဲကျော်အတွင်း ကရင်ပြည်နယ်မှာ ဒုက္ခသည် သုံးသိန်းကျော်တိုးလာ

2022.08.17
အာဏာသိမ်းတစ်နှစ်ခွဲကျော်အတွင်း ကရင်ပြည်နယ်မှာ ဒုက္ခသည် သုံးသိန်းကျော်တိုးလာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်တာကြောင့် ပုန်းနေရသည့် ကရင်ကျောင်းသားများကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာ တွေ့ရစဥ်
Photo: KWO

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ တပ်မဟာ (၁) ကနေ (၆) အတွင်းမှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော် (၃၅၆,၆၇၄ ဦး) အထိ တိုးလာခဲ့တယ်လို့ KNU က ဩဂုတ်လ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ KNU တပ်မဟာ (၅) ဖာပွန်ခရိုင်မှာ ကိုးသောင်းခွဲကျော် (၉၆,၁၈၀ ဦး) နဲ့ အများဆုံးဖြစ်ပြီး တပ်မဟာ (၁) မွန်ပြည်နယ် သထုံခရိုင်က စစ်ဘေးဒုက္ခသည် ကိုးသောင်းခွဲနီးပါး (၉၄,၇၆၈ ဦး)၊ တပ်မဟာ (၆) မြဝတီခရိုင်မှာ ကိုးသောင်းကျော် (၉၀,၂၉၁ ဦး)၊ တပ်မဟာ (၃) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခြောက်သောင်းကျော် (၆၁,၈၉၈ ဦး)၊ တပ်မဟာ (၂) တောင်ငူခရိုင်မှာ ခုနစ်ထောင့်ငါးရာကျော် (၇,၅၃၇ ဦး)၊ တပ်မဟာ (၄) မြိတ် -ထားဝယ် ခရိုင်မှာ စစ်ဘေးဒုက္ခသည် ခြောက်ထောင် (၆,၀၀၀ ဦး) ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာမသိမ်းခင်က တပ်မဟာ (၃) နဲ့ (၅) ဒေသတွေမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်း ကျော်သာ ရှိခဲ့ရာကနေ အခု ဒေသခြောက်ခုမှာ သုံးသိန်းခွဲကျော်တဲ့အထိ တိုးလာတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က RFA ကို ပြောပါတယ်။

“အဓိကကျတာကတော့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ (စစ်ဘေးဒုက္ခသည်) အုံလိုက်ကျင်းလိုက် ဖြစ်သွား တာပဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပေါ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတဲ့ လေယာဉ်နဲ့ ဗုံးကြဲတာအပါအဝင်ပေါ့။ တပ်မဟာ ၃ ဆို သိပ်မှ မကြာသေးဘဲ။ သူတို့စခန်းကို သွားပစ်တာနဲ့ တစ်ခါတည်း ပတ်ဝန်းကျင်က ရွာတွေကို လိုက်ပြီးဗုံးကြဲတာတွေ လုပ်တာ အဲဒါတွေ အများကြီးပဲ။ အဓိကကတော့ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ မှာ တိုက်ပွဲတွေ အများဆုံးဖြစ်တာပါ”

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေကြောင့်ဖြစ်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအပြင် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ပိုများလာရတာလို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၆) (ဒူးပလာယာခရိုင်) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်း တပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် မြဝတီ ခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် ကိုးသောင်းကျော်အထိ ရှိလာခဲ့ပါတယ်။

ဒီလေးကေ့ကော်ဒေသကို စစ်ကောင်စီတပ် ဝင်ရောက်ရာကနေ ဖြစ်လာတဲ့ တိုက်ပွဲတွေ ကြောင့် မြဝတီ - ဝေါလေ ကားလမ်းမတစ်လျှောက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ အခုအချိန်အထိ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ မြဝတီတောင်ပိုင်းက စစ်ဘေး ဒုက္ခသည်စခန်း (ဆိုက် - ၁) တာဝန်ခံ ဦးမျက်မှန် က ပြောပြပါတယ်။

“အာဏာသိမ်းပြီးမှပဲပေါ့။ အာဏာသိမ်းပြီး ရှစ်လရှိသွားပြီပေါ့။ ကျနော်တို့ စစ်ရှောင်စခန်းက။ မြဝတီနဲ့ ဝေါလေ လမ်းပေါ်က လေးကေ့ကော်ရယ်၊ ထီးမယ်၊ ဝါးခီးရယ်၊ ရသေ့ဂူရယ်ပေါ့။ အဲဒီလေးရွာက။ တစ်ထောင့် လေးရာ ကျော်တယ်ဗျ။ ကျနော်တို့ကတော့ အခုလက်ရှိ (လိုအပ်တာ) ကတော့ အစားအသောက်ပဲပေါ့နော်။ ကျန်တဲ့အပိုင်းတော့ အဝတ်အစား၊ အဝတ်အထည် ဘာညာကတော့ ရှိကြတယ်ပေါ့”

မြဝတီမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်စခန်း အနည်းဆုံး ငါးခုခန့် ရှိနေပြီး အများစုက နေအိမ်တွေထဲ နေထိုင်ကြတာ ဖြစ်ပါတယ်။

KNU နယ်မြေထဲ စစ်ဘေးဒုက္ခသည် ကိုးသောင်းခွဲနီးပါးနဲ့ ဒုတိယအများဆုံး ဖြစ်နေတဲ့ မွန်ပြည်နယ်၊ သထုံခရိုင်ထဲမှာလည်း စစ်ဘေးဒုက္ခသည်တွေအများစုဟာ ဆေးဝါးအကူ အညီတွေ လိုအပ်နေတယ်လို့ KNU ဒူးသထူးခရိုင် ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“သထုံခရိုင်ဆို ကျိုက်ထိုဘက်ခြမ်းလည်း ရှိတာပဲ၊ ဘီးလင်းဘက်ခြမ်းလည်း ရှိတာပဲ၊ သထုံဘက်ခြမ်းလည်း ရှိတာပဲ။ အရေအတွက်တော့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ရွာတွေ ရွာတွေမှာတော့ စစ်ဘေးရှောင်တွေ ဖြစ်နေကြတာပဲ။ ဆိုတော့ အခု ဒီလိုမျိုးပဲ ရွက်ဖျင်တဲတွေ ဘာတွေနဲ့ နေရတာပေါ့ဗျာ။ ဆေးဝါးတွေနဲ့ အခုက မိုးကလည်း တအားရွာတော့ ဖျားတာ၊ နာတာ ငှက်ဖျားတွေကလည်းရှိတယ်၊ ကြုံရတယ်”

KNU တပ်မဟာ ၃ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစလို့ KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဇူလိုင် ၁၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၅၁)၊ ခြေလျင်တပ်ရင်း (ခလရ ၆၀) ပူးပေါင်းတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာကို ကျရောက်ပြီး အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးနဲ့ ကလေးနှစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာတွေကို လိုက်ပြီးဗုံးကြဲတာတွေ လုပ်တာ"

ဒီဒေသမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အဓိကထွက်ပြေး နေကြရတာလို့ ကျောက်ကြီးမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေ အခြေအနေကတော့ ဒီလိုပဲ လွတ်ရာရှောင်နေရတာပေါ့နော်။ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တဲ့အခါကျတော့ အဆင်မပြေဘူးပေါ့နော်။ ကြောက်နေ ရတာပေါ့နော်။ အခု သူတို့လှုပ်ရှားနေတဲ့ အခြေအနေနဲ့ စုနေဖို့ အဆင်မပြေဘူး။ တစ်နေရာနဲ့ တစ်နေရာ ပြန့်ကျဲပြီးတော့ နေရတဲ့ အခြေအနေပဲ ရှိသေးတာပေါ့နော်။ ဆေးဝါးတွေလည်းလိုတယ်။ မိုးရာသီဆိုတော့ ကလေးတွေက ရေမသန့်တွေ သောက်ရတယ်။ မိုးရေတွေနဲ့ဆိုတော့ နှာစေးတာ၊ ချောင်းဆိုးတာတွေလည်း ဖြစ်တာပေါ့”

ကျောက်ကြီး၊ သထုံ၊ မြဝတီ စတဲ့မြို့နယ်တွေက ဒေသခံတွေကတော့ စစ်ဘေးဒုက္ခသည် တွေအတွက် ဒေသခံအဖွဲ့အစည်းတွေက အကူအညီပေးနေပေမယ့် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကူညီတာမျိုး မတွေ့ရဘူးလို့ ပြောဆိုကြပါတယ်။

KNU အနေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးတွေကို ခရိုင်တပ်မဟာအလိုက် စီစဉ်ပေးနေပေမယ့် နေ့စဉ်လိုအပ်ချက်တွေ ကတော့ မြင့်မားနေဆဲပဲလို့ KNU ဗဟိုက ပြောဆိုထားပါတယ်။

ပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး စင်တာ (AHA Center) ကနေ အကူအညီပေးရေးအတွက် စစ်ကောင် စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ပြီး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဩဂုတ်လ ၁၇ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမဲ့ ဒီထောက်ပံ့မှုတွေကို စစ်ကောင်စီကနေပဲ တစ်ဆင့် သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က ကျိုက်ထိုမြို့နယ်မှာ  စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့်  ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထွက်ပြေးနေရစဥ် (Photo: KNU)
၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထွက်ပြေးနေရစဥ် (Photo: KNU)

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကတော့ ကြီးမားနေဆဲပဲလို့ ဒုက္ခသည် အရေး ကူညီနေသူတွေက ပြောပါတယ်။ လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးဖို့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲပိုကြုံနေရ တယ်လို့ KNU နယ်မြေအတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါကလူကွန်ရက်က အတွင်းရေးမှူး ယအဲ့နက RFA ကို ပြောပါတယ်။

“အခုအချိန်မှာဆိုရင် တပ်မဟာ ၃၊ တပ်မဟာ ၅ လည်းများတယ်ပေါ့နော်။ တပ်မဟာ ၆ မှာလည်းရှိတယ်။ ဒါပေမဲ့ တပ်မဟာ ၆ မှာ တချို့တွေကျတော့ ထိုင်းက လူမှုကူညီ စောင့်ရှောက်ရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ အများအားဖြင့် (အကူအညီ) ပို့ဆောင် လို့ရပြီး တကယ့်တကယ် အတွင်းဘက်ခြမ်း တပ်မဟာ ၂ တို့၊ တပ်မဟာ ၃ တို့၊ တပ်မ ဟာ ၅ တို့ကျ တော်တော်လေး ခက်ခဲမှုရှိတယ်ပေါ့နော်။ သယ်ယူပို့ဆောင်ရေးအတွက်၊ သူတို့တွေအတွက်”

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးလိုသူတွေအနေနဲ့လည်း လမ်းခရီးမှာ စစ်ဆေးမှုနဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ရတာကြောင့် ဒေသတွင်းက အဖွဲ့အစည်းတွေကို ချိတ်ဆက် ဆက်သွယ်နိုင်တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဩဂုတ်လ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒုက္ခသည် ရှစ်သိန်းခြောက်သောင်း ကျော်အထိ တိုးလာနေပြီး အရင်ကရှိနေတဲ့ အရေအတွက်နဲ့ဆိုရင် နိုင်ငံတစ်ဝန်းမှာ စစ်ဘေး ဒုက္ခသည်ပေါင်း ၁ ဒသမ ၂ သန်းကျော်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။