ကယားပြည်နယ် စောင့်ကြည့်ရေးစခန်းတွေ ပိုမိုထောက်ပံ့ဖို့ အစိုးရကိုတောင်းဆို

စိုးစိုးထက်
2020.06.02

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကယားပြည်နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်နေသူတွေ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်တွေရှိနေပါတယ်။ လိုအပ်ချက်တွေအတွက် ပြည်နယ်အစိုးရရဲ့ အရေးပေါ်ရန်ပုံငွေကနေ အသုံးပြုသင့်ကြောင်း တောင်းဆိုတာတွေလည်းရှိနေပါတယ်။

ထိုင်းနိုင်ငံက ပြန်လာပြီး အသွားအလာစောင့်ကြည့်ခံခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ်က ဇိုဝါးနီက

“ကျနော်သိသလောက်ဆိုရင် ကျနော့်သူငယ်ချင်းရှိတယ်၊ နေပြည်တော်တို့၊ ရန်ကုန်တို့ သူတို့ပြောပုံအရဆို တစ်ရက် သုံးနပ် ထမင်းကျွေးတာတို့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဒီဘက်မှာကျတော့ ပြောရမယ်ဆိုရင် သူတို့ ကျွေးချင်ကျွေးတယ်၊ မကျွေးချင်မကျွေးဘူး၊  အဲဒီလိုမျိုးရှိတယ်ပေါ့၊ သိပ်တော့ အဆင်မပြေဘူး။ ကြားဖူး သလောက်တော့ သူများတွေက ပံ့ပိုးပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်တော့ သိပ်ပြီးတော့ လုံလောက်မှု မရှိဘူးပေါနော်။  ဆေးတွေလိုအပ်ရင် တောင်းလို့ရတယ်လို့ သူတို့ပြောတယ်။ ပြီးတော့ သူတို့ ပုံမှန်စစ်ပါတယ်၊ နံနက်တခေါက် ညတခေါက်။ mask တွေ ဘာတွေတော့ သူတို့ဘက်က ထုတ်ပေးတယ်”

ထိုင်းနိုင်ငံက ပြန်လာတဲ့ ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာက မောင်အောင်ထွေးက

“ကျနော် ၁၄ ရက်စောင့်ကြည်လူနာအဖြစ် ရက်ပြည့်နေခဲ့ပါတယ်။ ဒီးမော့ဆိုမြို့စာသင်ကျောင်းမှာ နေရပါတယ်။ အဲလို ၁၄ ရက်နေတဲ့အချိန်မှာ အစားအသောက် အနေအထိုင် အဆင်မပြေတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကယားပြည်နယ်မှာကတော့ စားတာသောက်တာ လုံးဝအဆင်မပြေဘူး။ သူတို့ပုံမှန်လည်း မကျွေးဘူး အလှုုရှင်မရှိဘူးလို့ ပြောသံကြားတယ်။ ကျနော်တို့လည်း အဲဒါတွေတော့ မသိဘူး။ တခါတလေတော့ကျွေးတယ်၊ တခါတလေတော့ မကျွေးဘူး အဲဒီလိုဖြစ်တယ်။ ဒီပေါ်မှာကတော့ သူတို့ပြော တာတော့ အလှုုရှင်မရှိဘူး၊ အဲဒီလိုပြောတော့ ကျနော်တို့လည်း အဲဒါကို မတတ်နိုင်တော့ဘူး။ ရောဂါပိုးကို ကာကွယ်တဲ့အနေအထားကတော့ ကျနော်တို့ ၁၄ ရက်စောင့်ကြည်လူနာတွေ အယောက်စီတိုင်း ကျနော်လိုမျိုး ၁၄ ရက်အပြည့် နေခိုင်းစေချင်တယ်”

ကယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့တွေအနေနဲ့ပြည်နယ်ရဲ့ အရေးပေါ်ရန်ပုံငွေကို  ပြည်ပကနေပြန်လာတဲ့လူတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အပိုင်းမှာ သုံးကိုသုံးသင့်တယ်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“ကျနော်ကတော့ ဒီအရေးပေါ်ရန်ပုံငွေဆိုတဲ့နေရာမှာ သုံးကိုသုံးသင့်တယ်။ ဘယ်လိုသုံးရမလဲဆိုလို့ရှိရင်တော့ ဒါပြည်ပကနေ ပြန်လာတဲ့လူတွေအတွက် အဓိက ဒါကြိုတင်ပြင်ဆင်တဲ့အပိုင်းမှာ အများကြီးလုပ်ဖို့လိုတယ်”

ဦးသဲရယ်က ပြည်နယ်ရဲ့ အရေးပေါ်ရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာမေးမယ့်မေးခွန်းလည်း ဆိုင်းငံ့ ခံရတယ်လို့ပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ အချိန်မှာ အရေးပေါ်ရန်ပုံငွေကို သုံးသင့်ကြောင်းနဲ့ အရေးပေါ်ရန်ပုံငွေတွေ ဘယ်လိုစီမံဆောင်ရွက်နေတယ်ဆိုတာတွေကို ချပြသင့်ကြောင်း LAIN Technical Support Group ရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ကိုဗစ်ကာလဖြစ်တဲ့အတွက် ရုံးပိုင်းဆိုင်ရာတွေကို  ဝင်ထွက်သွားလာဖို့က ခက်ခဲသလိုသွားရင်လည်း မဖြေတာနဲ့ ဖုန်းခေါ်ရင်လည်း မကိုင်တာတွေနဲ့ ဒီလက်ရှိကာလမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတဲ့အတွက် ကြောင့် ကျနော်တို့အနေနဲ့ အရေးပေါ်ရန်ပုံငွေ သုံးသင့်ကြောင်းနဲ့ ဒါတွေကိုလည်း ထိထိရောက်ရောက် ဘယ်လိုသုံးစွဲကြောင်းနဲ့ ဘယ်လောက်တွေရပြီးတော့ ဘယ်နေရာမှာ ဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေ ကိုကတော့ အတတ်နိုင်ဆုံး Web Seminar သတင်းစာရှင်းလင်းပွဲလုပ်တာတို့ တရားဝင် Page တွေကနေ Release လုပ်တာတို့ကိုပါ ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့ကတော့ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ လုပ်ဆောင်သင့်တယ်လို့ အကြံပြုလိုပါတယ်ခင်ဗျာ”


လက်ရှိအချိန်ထိ ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို အသိမပေးသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကယားပြည်နယ်တစ်ခုထဲမှာသာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ မတွေ့သေးတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရကတော့ ပြည်နယ်အတွင်း  ပြည်ပဝင်ထွက်ပေါက်တွေအပြင် နိုင်ငံအတွင်းက ဝင်ထွက်ပေါက်တွေမှာပါ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ဆေးဆောင် ရွက်နေပါတယ်။

ဖျားနာတာ၊ ချောင်းဆိုးတာတွေကြောင့် ဆေးရုံလာပြသူတွေကိုလည်း စနစ်တကျ စစ်ဆေးဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက်နေ့ ညနေအထိ စစ်ဆေးတွေ့ရှိချက်အရ သံသယရှိလူနာအဖြစ် လွိုင်ကော်မြို့နယ် ဆေးရုံမှာ တစ်ဦး၊ မယ်စဲ့မြို့နယ်မှာ သုံးဦးရှိတယ်လို့လည်း ပြည်နယ်အစိုးရက ပြောထားပါတယ်။

ကယားပြည်နယ်အတွင်းက မြို့နယ် ခုနှစ်ခုမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေသူ အမျိုးသမီး ၁၂၉ ဦးနဲ့ အမျိုးသား ၈၁ ဦးရှိနေပါတယ်။

အသွားအလာကန့်သတ်ထားသူတွေထဲက လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်မှာ ၁၉ ဦး၊ လမ်းဦးစီးဝန်ထမ်း အိမ်ရာမှာ နှစ်ဦး၊ ရှားတောမြို့နယ် အားကစားခန်းမမှာ ၁၁ ဦး၊ တိုင်းရင်းဆေးအိမ်ရာမှာ နှစ်ဦး၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံ ၁၆ ဦးနဲ့ Hospital Quarantine ဝင်နေသူ တစ်ဦး စုစုပေါင်း ၅၁ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း စစ်ဆေးဖို့ ပေးပို့ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။