ကယားပြည်နယ်က ကျောင်းတွေ ကပ်ရောဂါကာကွယ်ရေး ပြင်ထားပေမယ့် လိုအပ်ချက်တွေရှိနေ

စိုးစိုးထက်
2020.07.11

ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးနိုင်ရေးအတွက် အစိုးရနဲ့ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ကယားပြည်နယ်က ကျောင်းတွေမှာတော့ ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ထားပေမယ့် လိုအပ်ချက်တွေရှိနေပါတယ်။

မကြာခင် ကျောင်းဖွင့်တော့မှာဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ထိန်းချုပ်ကာကွယ်ဖို့ ကယားပြည်နယ်က ကျောင်းသားတစ်ဦးကို အစိုးရက နှာခေါင်းစည်း နှစ်ခုစီ ထောက်ပံ့ပေးထားပါတယ်။ ဒီထောက်ပံ့မှုဟာ လုံလောက်မှုမရှိဘဲ သီးသန့်ဘတ်ဂျက်လည်း မရှိတာကြောင့် ကျောင်းသားတွေအတွက် စိုးရိမ်နေရတယ်လို့ ဆရာ၊ ဆရာမတွေက ပြောနေပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေအေးက ပြန်လည်လျှော်ဖွတ်သုံးနိုင်တဲ့ နှာခေါင်းစည်းတွေဖြစ်ပေမယ့် မိုးတွင်းကာလဖြစ်တာကြောင့် ရေစိုပြီး ပြန်မခြောက်တာတွေ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“အဲဒါကတော့ ဆရာမကြီးလည်း စိုးရိမ်တယ်။ နိုင်ငံတော်ကတော့ ကျောင်းသားတွေကို mask နှစ်ခုစီ ထောက်ပံ့တယ်ဆိုပေမယ့် ဆရာမကြီးထင်တယ် အဲဒီနှစ်ခုကလည်း လုံလောက်မှာမဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကလေးဆိုတော့ ဆော့မှာလေ။ ဆော့မယ် တစ်ခါတစ်လေတော့ မိုးရွာတော့မိုးစိုမယ်။ လျှော်ထား ပြီးတော့မှ ပြန်မခြောက်တာတွေလည်း ရှိကောင်းရှိမယ်။”

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ဖို့အတွက် သီးသန့်ဘတ်ဂျက် ချထားပေးတာမရှိဘဲ လိုအပ်တဲ့ နှာခေါင်းစည်းနဲ့ ဆပ်ပြာ စတာတွေကို နှစ်စဉ် နိုင်ငံတော်ကပေးတဲ့ ဖွံ့ဖြိုးမှုရန်ပုံငွေ အသုံးစရိတ်ကနေ အသုံးပြုသွားမယ်လို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေအေးက ပြောပါတယ်။

ပါးစပ်နဲ့ နှာခေါင်းစည်း(mask) ကို ညွှန်ကြားချက်အတိုင်း စနစ်တကျတပ်ဆင်ဖို့အပြင် လိုအပ်ရင် မျက်နှာအကာ (Face Shield) တပ်ဖို့ကိုလည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ကယားပြည်နယ် ပြည်နယ် ပညာရေးမှူး ဦလူစီယားနိုက ပြောပါတယ်။

“ဌာနကလည်း ပံ့ပိုးဖို့ အစီအစဉ်ရှိပါတယ်။ ကလေးတစ်ဦးကို mask နှစ်ခုနှုန်းနဲ့ Face Shield တွေ မျက်နှာကာဖို့အတွက် တစ်ခုနှုန်းနဲ့ ဒါ အခမဲ့ ဖြန့်ဝေပေးဖို့ရှိတယ်။ ပြီးတော့မှ တခြားလိုအပ်တဲ့ hand gel၊ ရေရှားတဲ့နေရာပေါ့။ ရေရှားတဲ့နေရာဆို hand gel သုံးမယ်။ ဒီ ရေရှိရနိုင်တဲ့နေရာတွေကတော့ ဥပမာ ဆပ်ပြာတွေ လက်ဆေးဖို့ ဘေစင်တွေ အဲဒါတွေ အကုန်လုံး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ဆောင်ရွက်လျက်ရှိပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမရှိခင်အချိန်က အခြေခံပညာကျောင်းတွေမှာ အထွေထွေအသုံးစရိတ် ခေါင်းစဉ် ၁၃ မျိုးအတွက် ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် နိုင်ငံတော်ကနေ နှစ်စဉ် ကျောင်းသားလူဦးရေ အလိုက် ဘတ်ဂျက် ချပေးထားတာဖြစ်ပါတယ်။

ကျောင်းသားတစ်ဦးကို ၅ ထောင်နှုန်းနဲ့ ကျောင်းအတွက် ထပ်ဆောင်း ၅ သိန်းကို နှစ်စဉ် နိုင်ငံတော်က ထောက်ပံ့ပေးနေတာပါ။

အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမှာ လိုအပ်တဲ့ နှာခေါင်းစည်းတွေ၊ ဆပ်ပြာတွေ ဘေစင်တွေကို သီးသန့်ဘတ်ဂျက် မချပေးဘဲ ဖွံ့ဖြိုးရေးရန်ပုံငွေကနေ ဖဲ့သုံးရမှာ ဖြစ်တဲ့အတွက် တခြား အသုံးစရိတ်လိုအပ်ချက်တွေ အခက်အခဲ ရှိလာနိုင်ပါတယ်။

ဘတ်ဂျက်မလုံလောက်တာကြောင့် အရေးပေါ်အသုံးပြုနိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးတဲ့ ကျောင်းသားတွေ အတွက် အလှူရှင်တွေ၊ ကျောင်းသားမိဘတွေထံကနေ ကောက်ခံရရှိတဲ့ အလှူငွေနဲ့ ရောဂါကာကွယ်ရေး ပစ္စည်းတွေ ကြိုတင်စီစဉ်ထားရတယ်လို့ ဒီးမော့ဆိုမြို့နယ် အ.ထ.က (ခွဲ) ဒေါတမကြီး အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအောင်ထွန်းလင်း ကပြောပါတယ်။

“အဲဒါက လုံလောက်မှုတော့ မရှိဘူးပေါ့နော်။ ကျောင်းသားတွေကတော့ ဘယ်လိုဖြစ်မလဲဆိုတော့ ဒီ mask တစ်ခုကို အမြဲတမ်း စည်းကမ်းတကျသုံးမယ်၊ ပြန်လျှော်မယ်၊ စနစ်တကျရှိမယ် ဆိုရင်တောင် နှစ်ခုလေးက ဘယ်လိုမှ မလုံလောက်ဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အရံအနေနဲ့ ကျနော်တို့က ထပ်ပြီးတာ့ ကိုယ့်ဆရာ၊ ဆရာမတွေကို တိုင်ပင်ညိုနိုင်းမယ် နောက်ပြီး အလှုုရှင်ရှာပြီးတော့ ချုပ်ပြီးတော့ ပံ့ပိုးပေးဖို့ အဲလိုမျိုးလည်း အစီအစဉ်ဆွဲထားတာပေါနော်။”

ဒေါတမကြီးကျေးရွာက ရေရှားပါးတဲ့ ဒေသဖြစ်တာကြောင့် ကျောင်းသားတွေ တစ်ကိုယ်ရေသန့်ရှင်းဖို့ လိုအပ်ချက်တွေလည်း ပိုရှိနိုင်တာမို့လို့ ရေအလှုရှင်တွေကိုပဲ ပိုပြီးအားကိုးနေရတယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာလည်း ကျောင်းဆရာ၊ ဆရာမတွေ ကျောင်းအုပ်တွေအနေနဲ့ မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုလုပ်ရ၊ ငွေကြေး လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရဆိုပြီး ပညာရေးဝန်ကြီးဌာန ကနေ ညွှန်ကြားထားတာလည်း ရှိနေပြန်တော့ စိုးရိမ်ကြောက်ရွံ့မှုတွေကလည်း ရှိနေကြရပြန်ပါတယ်။

မရှိဆင်းရဲတဲ့ ကျောင်းသားတွေအတွက်လည်း ပြင်ဆင်ထားရတယ်လို့  ဆရာမကြီး ဒေါ်ဆွေဆွေအေး က ပြောပါတယ်။

“အရေးပေါ်သုံးလို့ရတဲ့ တစ်ခါသုံး mask တွေလည်း ကျောင်းမှာ စုဆောင်းထားပြီးပြီ။ နောက်ပြီးတော့မှ ဆင်းရဲချို့တဲ့တဲ့ကလေး။ ဟိုငွေရှိတဲ့ကလေးကတော့ သူတို့မိဘရဲ့ ပံ့ပိုးမှုနဲ့ သူတို့အိမ်ကနေ mask တပ်လာမှာပဲလေ။ ဟိုဆင်းရဲချို့တဲ့တဲ့ ကလေးကျတော့ အိမ်ကလည်း မဝယ်ပေးနိုင်ဘူးဆိုရင် ဆရာမကြီးတို့ ကျောင်းက တစ်ခါသုံးလည်း စီစဉ်ထားတယ်။ ပြီးတော့ ပြန်လျှော်လို့ရတဲ့ mask လည်း စီစဉ်ထားတယ်။ အကုန်လုံးစီစဉ်ထားပြီးပြီ။”

အခုလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နေချိန်မှာတော့ အခက်အခဲရှိလာနိုင်တယ်လို့ ကယားပြည်နယ် ပြည်နယ် ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။

“ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် အခက်အခဲမျိုးစုံတော့ ရင်ဆိုင်ရမှာပေါ့ ။ သို့သော်လည်းပဲ ဒီ ကျောင်းသူ၊ ကျောင်းသားတွေကော အဓိက ကျောင်းသူ ကျောင်းသား မိဘတွေ၊ နောက် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေ ဒီအာဏာပိုင်အဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီလုပ်ငန်းဟာ ချောချောလျှူလျှူ အောင်မြင်သွားမှာဖြစ်ပါတယ်။”

ကယားပြည်နယ် တစ်ခုလုံးမှာ အစိုးရစာသင်ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသား ၇၃၂၉၄ ဦးရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ လက်ဆေးဘေစင်၊ ဆပ်ပြာ၊ ရေပုံး၊ ရေခွက်နဲ့ နှာခေါင်းစည်းတွေ လိုအပ်နေတာကို  ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီတစ်ခုက လှုဒါန်းတဲ့ ရေပုံးတွေ၊ ဆပ်ပြာခွက်တွေ၊ ရေခွက်တွေကိုလည်း အစိုးရက ပံ့ပိုးပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှာ အခြေခံပညာအထက်တန်းဖြစ်တဲ့ ကိုးတန်းနဲ့ ဆယ်တန်း ကျောင်းတွေကို စတင်ဖွင့်လှစ်မယ်လို့ တရားဝင်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။