ခင်ဦးမြို့ မြင်းဒေါင်း၊ မြစ်တော်နဲ့ ကန်သစ်ရွာ ဆက်တိုက်မီးရှို့ခံရပြီး ဒေသခံတစ်ဦး ပစ်သတ်ခံရ

2022.11.26
ခင်ဦးမြို့ မြင်းဒေါင်း၊ မြစ်တော်နဲ့ ကန်သစ်ရွာ ဆက်တိုက်မီးရှို့ခံရပြီး ဒေသခံတစ်ဦး ပစ်သတ်ခံရ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြစ်တော်ကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က မြစ်တော်ရွာနဲ့ ကန်သစ်ရွာကို နိုဝင်ဘာလ ၂၆ ရက် ဒီနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေ မီးရှို့နေသလို မြင်းဒေါင်းရွာနဲ့ စျေးကိုလည်း မနေ့ကမီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်း မီးရှို့ခံရတဲ့ မြစ်တော်ရွာမှာ နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဦးဝင်းဆိုသူကိုလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မနေ့ညပိုင်းက အင်အား ၈၀ နီးပါးခန့်ပါတဲ့စစ်ကြောင်း မြစ်တော်ရွာကို ညအိပ်ဝင်ရောက် တပ်စွဲခဲ့ပြီး ဒီနေ့မနက်အစောပိုင်းမှာ ရွာကို မီးရှို့ခဲ့သလို ဒေသခံတစ်ဦး ကိုပါ ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

"ကျေးရွာပေါင်း ၁၅၀ မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာက တစ်မြို့နယ်လုံးလို့ ပြောလို့ရတယ်"

“သူ့နာမည်က ဦးဝင်း။ အသက်က ၇၀၊ ၇၅ လောက် ရှိပြီ။ ကျည်ဆန်ရာတွေက သူ့ကြည့်ရတာ ဒူးတုပ်လျက် ထိုင်ခိုင်းပြီးတော့ မျက်စိတစ်ဖက်ကို တေ့ပစ်သွားတာပဲ။ နောက်တစ်ချက်က ရင်ဘတ်တစ်ချက်။ နောက် ဆီးခုံ တစ်ချက်။ သုံးချက်တွေ့တယ်။ ရွာပေါက်ဝမှာ တောင်ဝှေးလေး တစ်ဖက်ကိုင်ပြီးထွက်သွားတာ။ ဒူးတုပ်လျက်လေး သေနေတာ”

အိမ်ခြေနှစ်ရာနီးပါးရှိတဲ့ မြစ်တော်ရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး နေကြရဆဲ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာတော့ မြစ်တော်ရွာအနီးက ကန်သစ်ရွာကို ဆက်လက်ဝင်ရောက် မီးရှို့နေပြီး ပျက်စီးမှုအခြေအနေ အတိအကျကိုတော့ မသိရသေးဘူး လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်မနေ့ကလည်း မြင်းဒေါင်းရွာအနီး တံတားအရှေ့က ဈေးတန်းနဲ့ မြင်းဒေါင်းရွာမြောက်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာ၀န်ခံတွေက ပြောပါတယ်။

“အဲဒီစစ်ကြောင်းက ၂၄ ရက်နေ့က သာဝတ္တိရွာမှာ ညအိပ်ပြီးတော့ ၂၅ ရက်နေ့မှာ စစ်ကြောင်းနှစ်ကြောင်း ပြန်ခွဲ လိုက်တာ။ စစ်ကြောင်းနှစ်ကြောင်း ခွဲလိုက်တဲ့အခါမှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းက မြစ်တော်ကျေးရွာ ထဲကို မနေ့က အိပ်သွား တာပေါ့နော်။ မနေ့ကအိပ်ပြီးတော့ ဒီနေ့မနက်ကို မီးရှို့တာပေါ့။ တစ်ကြောင်းက ရေဦး ဘက်ကို ပြန်ဆုတ်ရင်းနဲ့ ကာကွယ်ရေးတွေက မိုင်းတိုက်တော့ မိုင်းခွဲတော့ မြင်းဒေါင်း ဈေးမှာ မိသွား တယ်ပေါ့နော်။ မိသွားတဲ့အခါကျတော့ မြင်းဒေါင်းဈေးနဲ့ မြင်းဒေါင်းရွာကို မီးရှို့တယ်ပေါ့နော်။ မနေ့က”

လက်ရှိ စစ်ကောင်စီတပ်သားတွေ မြင်းဒေါင်းရွာအနီးမှာ ရှိနေသေးလို့ ရွာထဲ ပြန်မဝင်နိုင် သေးတာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့ သူက ဆက်ပြော ပါတယ်။

ခင်ဦးမြို့နယ်ထဲက ရွာတွေကို ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်နေသလို နိုဝင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်ကလည်း မုံလှရွာကို မြေပြင်ရော ဝေဟင်ကပါ တိုက်ခိုက်ခဲ့တာကြောင့် ခုနစ်အရွယ် ကလေးငယ်တစ်ဦးပါအဝင် ကိုးဦး သေဆုံးခဲ့ပြီး နေအိမ်သုံးရာနီးပါးလောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

လေကြာင်းပစ်ကူပါ အသုံးပြုခဲ့တဲ့ မုံလှရွာမှာ ပိတ်မိနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦးအနက် ၁၀ ဦးသာ လွတ်မြောက်ခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ KDK တပ်ဖွဲ့တာဝန်ခံ ကိုမိုးကြီးက RFA ကို ပြောပါတယ်။

“မြေပြင်အခြေအနေ ထောက်ပေးတယ်။ ဝေဟင်အခြေအနေရော နှစ်ခုစလုံးပေါ့။ ကျနော် ကြားတာကတော့ တော်တော်လေးကို (ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ) ဘက်က အသာစီးရနေတဲ့အနေအထားမှာ သူတို့ (စစ်ကောင်စီတပ်ဘက်က) အလောင်းကောက်ချင်တော့ ကိုယ့်ဘက်က အသာစီးရနေတော့ အလောင်း အကောက်မခံလို့ ဝေဟင်လှမ်းခေါ်တဲ့အချိန် ဝေဟင်ကနေ ပစ်တဲ့အချိန်လည်း ရောက်ရော ဒီကောင်တွေ (စစ်ကောင်စီတပ်ဖွဲ့တွေ) တိုးလာတဲ့အချိန်မှာ ကိုယ့်အဖွဲ့တွေ ပြန်ပိတ်မိသွားတာပေါ့။ ၁၆ ယောက်ပေါ့။ ၁၆ ယောက်ပိတ်မိတဲ့အချိန်မှာ ၁၀ ယောက် ပြန်ထွက်လာနိုင်တယ်။ ခြောက်ယောက်ကတော့ အသက်စတေးလိုက်ရတာပေါ့”

ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ တပ်တွေဟာ တပ်မ (၆၆) နဲ့ တပ်မ (၃၃) က ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ ခင်ဦးတစ်မြို့နယ်လုံး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မရှောင်ရတဲ့ရွာ မရှိသလောက် ဖြစ်နေတယ်လို့ ခင်ဦးမြို့နယ် အထူးကာကွယ်ရေးတပ်ဖွဲ့ (ခင်ဦး KSO) တာဝန်ခံက RFA ကိုပြောပါတယ်။

Myindaung.jpg
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ မီးရှို့ခံနေရသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“ခင်ဦးမြို့နယ် တစ်မြို့နယ်လုံးမှာ ကျေးရွာအုပ်စု ၆၄ အုပ်စု၊ ကျေးရွာပေါင်းက ၁၅၀။ ကျေးရွာပေါင်း ၁၅၀ မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာက တစ်မြို့နယ်လုံးလို့ ပြောလို့ရတယ်။ ရွာသစ်ကုန်း၊ ပျဉ်ထောင်၊ မဒေါင်းလှ၊ မကျီးကုံနဲ့ မြို့ပေါ်ရယ် ငါးနေရာ ပေါ့။ ကျေးရွာလေးရွာနဲ့ မြို့ပေါ် ငါးနေရာကလွဲလို့ ကျန်တာ စစ်ဘေးရှောင်ရတယ်”

စစ်ကောင်စီတပ်သားတွေလက်က အမြန်ဆုံးလွတ်မြောက်သွားအောင် တိုက်ထုတ်ဖို့ အတွက် အနောက်ကနေ အင်အားတွေနဲ့ ပံ့ပိုးမှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ရွာပေါင်း ၅၅ ရွာက နေအိမ်ပေါင်း ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၂၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နေအိမ်တွေမီးရှို့ခံရတာနဲ့ ဒေသခံတွေသေဆုံးမှုအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။