တစ်လကျော်ကြာ စစ်ဆင်ရေးအတွင်း KIA ထိန်းချုပ်နိုင်တဲ့နယ်မြေ ကျယ်ပြန့်လာ
2024.04.18
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တစ်လကျော်ကြာ တိုက်ပွဲကာလအတွင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတစ်ဝိုက်မှာ ဆယ်စုနှစ်ချီကြာ စစ်ကောင်စီတပ်စွဲထားတဲ့ ဘွမ်ရယ်၊ ခယာအပြင် အရင် KIO ဌာနချုပ်ဖြစ်ခဲ့တဲ့ နာဖော့ တပ်စခန်းကို သိမ်းယူထားပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါတဲ့ လွယ်ဂျယ်မြို့ကိုလည်း ထိန်းချုပ်ထားပါတယ်။
"ဖားကန့်တို့၊ ဆွမ်ပရာဘွမ်တို့ အဲဘက်က သိမ်းလိုက်တဲ့စခန်းတွေ ပေါင်းလိုက်လို့ရှိရင်တော့ ခြောက်ဆယ်ကျော် ရှိပါပြီ"
စခန်းတွေကနေ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတာ များလာပြီး လက်ရှိ သိမ်းယူထားတဲ့ စစ်ကောင်စီ တပ်စခန်း ခြောက်ဆယ်ကျော်ရှိတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“မြစ်ကြီးနား-ဗန်းမော်ကားလမ်းရော ဗန်းမော်-လွယ်ဂျယ်ကားလမ်းရော၊ လိုင်ဇာအနီးက မိုင်ဂျာယန်၊ လိုင်စင် ပတ်ဝန်းကျင်က စခန်းတွေကတော့ ခြောက်ဆယ်နီးပါးရှိပါပြီ။ ဖားကန့်တို့၊ ဆွမ်ပရာဘွမ်တို့ အဲဘက်က သိမ်းလိုက်တဲ့စခန်းတွေ ပေါင်းလိုက်လို့ရှိရင်တော့ ကျွန်တော်တို့ ခြောက်ဆယ်ကျော် ရှိပါပြီ။ အရင်တုန်းကနဲ့ မတူတဲ့ဟာက သူတို့ဟာ သူတို့ ဆုတ်ခွာသွားတာကတော့ တော်တော်လေး တွေ့ရပါတယ်။ ဘာကြောင့် ဆုတ်ခွာတာဆိုတာတော့ ကျွန်တော်တို့လည်း ပြောလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ဆုတ်ခွာသွားတာကတော့ တော်တော်များများ တွေ့ရပါတယ်”
ဒီတိုက်ပွဲတွေကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို လိုအပ်တဲ့ အကူအညီတွေပေးသလို တာဝန်ယူ စောင့်ရှောက် ပေးနေတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း အရေအတွက်နဲ့ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးစာရင်းကိုတော့ ထုတ်မပြောပါဘူး။ KIA ရှေ့တန်း သတင်းရင်းမြစ်တွေကတော့ ဒီတစ်လအတွင်း စစ်သုံ့ပန်း နှစ်ရာကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၈ ရက်နေ့မှာ ဒေါ့ဖုန်းယန် အခြေစိုက် ခလရ(၁၄၂) တပ်ရင်း တစ်ရင်းလုံး အလံဖြူထောင် လက်နက်ချခဲ့ချိန်မှာ စစ်သုံ့ပန်း တစ်ရာဝန်းကျင် ဖမ်းဆီးခဲ့သလို ဧပြီ ၆ ရက်နေ့မှာလည်း စိန်လုံဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် ဗျူဟာမှူးအပါအဝင် ၁၆ ဦးကို ဖမ်းမိခဲ့တယ်လို့လည်း KIA က ပြောထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အင်အားလျော့နည်းလာတာ တွေ့ရတယ်လို့ ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ စစ်ကူတွေ ပို့နိုင်တဲ့ အနေအထားမရှိတော့ဘူး တော်တော်လေးကို ချည့်နဲ့ပြီး ပြိုကျလာတဲ့ စစ်တပ်ဖြစ်လာပါပြီ။ အဲဒါကြောင့် လေကြောင်းတစ်ခုကိုပဲ အားကိုးရတဲ့အနေအထားမှာ မလုံလောက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ စစ်ဘောင်တွေ ကျယ်ပြန့်လာတယ်။ ဒီတိုင်းရင်းသား တပ်ပေါင်းစုတို့၊ မဟာမိတ်တပ်ပေါင်းစုတို့ ပြီးရင် ကျွန်တော် တော်လှန်ရေးတပ်တို့ အကုန်လုံးပူးပေါင်းပြီး နိုင်ငံမှာ စုစုစည်းစည်းနဲ့ လုပ်ဆောင်လာတဲ့အခါတော့ တော်တော်လည်း စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ပိုပြီးမှဖြစ်လာတယ်”
မတ်လ (၂၇) ရက်နေ့က စပြီး နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ဗန်းမော်-လွယ်ဂျယ်လမ်းဘက်က တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်အတွင်းမှာ စစ်ကောင်စီစခန်းအားလုံးကို KIA က သိမ်းထားနိုင်တာ ဖြစ်ပါတယ်။
ကချင်နိုင်ငံရေး သုတေတီတစ်ဦးဖြစ်တဲ့ ကိုရှဘတ် က ကချင်ပြည်နယ်တစ်ခုလုံးကို KIO က ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဒီနှစ်က ကချင်ပြည်နယ်တစ်ခုလုံး KIO က ထိန်းချုပ်ဖို့ကြိုးစားတယ်။ အတိုင်းအတာအားဖြင့် ဘယ်လောက် ကြာမယ်မှန်းမသိနိုင်ပေမယ့် ဒီစစ်ပွဲက ကချင်ပြည်နယ်မှာ ပိုပိုပြီးတော့ ပြင်းထန်လာမယ့် အနေအထား ရှိပါတယ်။ အထူးသဖြင့် ဗန်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဒါတွေက လာမယ့်လတွေမှာ တိုက်ပွဲပြင်းထန်လာမယ်လို့ ထင်တယ်ပေါ့နော်”
ကျောက်စိမ်းတွင်းတွေရှိရာ ဖားကန့်မြို့ကို အဓိက ဝင်ထွက်တဲ့ မိုးကောင်း-ဖားကန့်လမ်းပိုင်းပေါ်က နန့်ယားစခန်းကိုလည်း ဧပြီ ၁၁ ရက်နေ့မှာ KIA က သိမ်းယူထားပါတယ်။ အဲဒီစခန်းက ဖားကန့်မြို့ကို လုံခြုံရေးစောင့်နေတဲ့ စခန်းဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက KIO အနေနဲ့ သူတို့အတွက် လုံလောက်တဲ့နယ်မြေရတဲ့အထိ ဆက်တိုက်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ကျွန်မကြည့်တာကတော့ ကချင် KIA တို့ကလည်း သူတို့ဒေသတွင်း သူတို့ နယ်ထဲ သူတို့ တည်ဆောက်ဖို့ ကြိုးစားတယ်ထင်တယ် အဲဒီအတွက် လုံလောက်တဲ့နယ်မြေရတဲ့အထိတော့ သူတို့ ဆက်တိုက်မယ် ထင်တယ်ကြည့်ရတာ။ ကျွန်မကြားတာကတော့ KIA တင် မဟုတ်ဘူး PDF တို့၊ ဘာတို့ ရဲဘော်တွေပါ ပါတယ်ပြောတယ် ကောင်းပါတယ်။ အဲလို တပ်ပေါင်းစုလုပ်ပြီး ဆက်ပြီးတိုက်ပေါ့နော်။ ရပ်စရာရှိတာ ရပ်ပြီးတော့ ကိုယ်ရထားတဲ့ဒေသတွေကို ကိုးကန့်က လုပ်သလိုပေါ့ ခိုင်မာအောင်လုပ်ပြီးမှ ကျန်တဲ့ စစ်အာဏာရှင်ကို ပူးပေါင်းကူညီကြရင်ကောင်းတာပဲ။ ဒါမှပဲ စစ်အာဏာရှင်စခန်း မြန်မြန်ပြုတ်ကျမယ်။ အားလုံးက အပြန်အလှန်ကူညီဖို့တော့ လိုပါတယ်”
ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်း တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
မတ်လ(၇)ရက်နေ့မှာ KIA ရဲ့ ထိုးစစ်စတင်ပြီးနောက် ကချင်ပြည်နယ် မြို့နယ် ဆယ်ခုမှာ စစ်ဘေးဒုက္ခသည် ၁၈,၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ မတ်လ ၇ ရက်နေ့ကစပြီး တစ်လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ၂၅ ဦး သေဆုံးခဲ့ပါတယ်။