ပါတီလေးခု ပူးပေါင်းထားတဲ့ KNDP က ကရင်မဲဆန္ဒနယ် ၃၀ မှာ ဝင်ပြိုင်မည်

စောညွန့်သောင်း
2020.09.17

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ နှစ်ခုအတွင်း ပါတီကြီးတွေသာအနိုင်ရခဲ့တဲ့ ကရင်ပြည်နယ်မှာ ဒေသခံ ပါတီတွေက ညီညွတ်ရေး တည်ဆောက်ပြီး အနိုင်ရဖို့ ပြင်ဆင်နေပါတယ်။

ကရင်ပြည်နယ် အခြေစိုက် ကရင်နိုင်ငံရေးပါတီလေးခု ပူးပေါင်းထားတဲ့ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ KNDP ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၃၆ နေရာထဲက နေရာ ၃၀ မှာ ဝင်ရောက် ယှဉ်ပြိုင်ပါမယ်။

KNDP ပါတီကို ဘားအံဒေသခံအများအပြားက အားပေးကြိုဆိုကြတာတွေ့ရပါတယ်။

ဘားအံမြို့နယ်၊ နောင်လှကျေးရွာမှာနေထိုင်တဲ့ စောဘချင့်က ပြည်နယ်ငြိမ်းချမ်းဖို့ KNDPက ဖော်ဆောင် ပေးနိုင်မယ်လို့ ယုံကြည်သူပါ။

“ကရင်ပြည်နယ် တစ်ပြည်လုံးကို အေးအေးငြိမ်းငြိမ်း ဖြစ်စေလိုတယ်။ ဟိုးကျနော်တို့ အဖိုးအဖွား ခေတ်အဆက်ဆက်က ကျနော်တို့ပြည်နယ်ဟာ ဘဝရပ်တည်ဖို့ အခက်အခဲပေါင်းစုံရှိခဲ့တယ်။ အခုချိန်မှာ အေးချမ်းမှုကို ကျနော်တို့ လိုချင်တယ်။ ဒါကြောင့် ကရင်ပါတီကိုပဲမဲပေးသွားမယ်”

ကိုယ့်ကရင်လူမျိုးတွေ တည်ထောင်တဲ့ ကရင်ပါတီကို အားပေးထောက်ခံသူတွေထဲမှာ ဘားအံမြို့နယ်၊ စံပန်နုံရွာက အဖွားနန်းမူလည်း ပါဝင်ပါတယ်။

“အခုတစ်ကြိမ် မဲပြန်ထည့်ရမယ်ဆိုရင် ငါတို့ကရင် ငါတို့အားပေးမယ်။ အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အားပေးမယ်။ အကယ်၍ သူတို့အနိုင်ရခဲ့ရင် အဖွားတို့ ကရင်တစ်ပြည်နယ်လုံး ဆင်းရဲတယ်ဖြစ်ဖြစ် ချမ်းသာတယ်ဖြစ်ဖြစ် စိတ်အေးအေးချမ်းချမ်းနဲ့ နေထိုင်ရရင် အဖွားတို့ ကျေနပ်ပါတယ်။”

KNDP ပါတီရဲ့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောမင်းဇော်ဦးက ဒေသခံတွေနဲ့အတူ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“တန်းတူညီမျှ ဖွံ့ဖြိုးဖို့အတွက် ဒေသခံတွေ ပါဝင်ဖို့လိုတယ်။ သူတို့ပါဝင်လာဖို့အတွက် အထူးသဖြင့် ကျေးရွာတွေမှာ ဖွံ့ဖြိုးဖို့ ကျေးရွာသူ ကျေးသားတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်၊ ကျေးရွာမှာရှိတဲ့ လူငယ်နဲ့ အမျိုးသမီးတွေကို ရည်ရွယ်ပါတယ်”

ဘားအံမြို့ခံ စောကြည်ဝင်းကတော့ ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေ အားကောင်းလာတာကို ကြိုဆိုပေမယ့် အစိုးရဖွဲ့နိုင်တဲ့ အင်အားကြီးပါတီတွေကို ထောက်ခံတာက ပိုသင့်တော်တယ်လို့ ကောက်ချက်ချသူပါ။

“တိုင်းရင်းသားပါတီတွေ အများကြီးပေါ်လာတာ ကျနော့်အနေနဲ့ အားရပါတယ်။ ဒါပေမဲ့ ခက်တာက ဒီစနစ်ကို ပြောင်းလဲဖို့က အစိုးရကိုဖွဲ့နိုင်တဲ့ အင်အားကြီးတဲ့ ပါတီဖြစ်ဖို့လိုတယ်။ ကျနော်လည်း ကိုယ့်တိုင်းရင်းသားပဲ အားပေးချင်တယ်။ ဖြစ်ချင်တာက သူတို့ကိုအားပေးချင်တာပေါ့နော်။ ဒါပေမဲ့ ဖြစ်သင့်တာကတော့ အစိုးရကို ပြောင်းလဲပေးနိုင်တဲ့ ပါတီကိုပဲ အားပေးရမယ်ထင်တယ်”

ဘားအံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)ကနေ ဝင်အရွေးခံမယ့် KNDP ကိုယ်စားလှယ်လောင်း စောမြတ်ထွဋ်ဝင်း ကတော့ ပြည်နယ်လွှတ်တော်မှာ ဒေသအခြေစိုက် တိုင်းရင်းသားပါတီ အားကောင်းရေး ရည်မှန်းထားသူပါ။

“ကရင်ပြည်နယ်လွှတ်တော်မှာ အားကောင်းမယ်ဆိုရင် ဥပမာ ရခိုင်တို့လို၊ ရှမ်းတို့လို လက်တွေ့ပဲလေ၊ လွှမ်းမိုးထားနိုင်ရင် ကျနော်က ထိန်းချုပ်လို့ရမယ်။  ပြည်နယ်ကြီးကို ထိန်းသိမ်းဖို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့မူဝါဒတွေကို ဥပဒေပြုနိုင်ဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်တယ်”

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအများစုမှာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နေရာအများစုမှာ အနိုင်ရခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဒီပါတီကြီးနှစ်ခုက ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ USDPက တစ်ဦး၊ NLD က ခြောက်ဦးရှိပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ USDPက နှစ်ဦး၊ NLD က ဆယ်ဦး ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်မှာတော့ USDP က နှစ်ဦး၊ NLD က ၁၂ ဦးနေရာရထားတာပါ။

ပအိုဝ်း၊ မွန်၊ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သုံးခုကနေ အနိုင်ရပြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဖြစ်လာသူတွေကလည်း NLD က ဖြစ်ပါတယ်။

ပါတီကြီးတွေသာ အနိုင်ရခဲ့တာကြောင့် ကရင်ပါတီများပေါင်းစည်းရေးကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။  

၂၀၂၀ ရွေးကောက်ပွဲအမီ ဖြစ်ပေါ်လာတဲ့ KNDP ဟာ ကရင်နိုင်ငံရေးပါတီ လေးခုဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတို့ကို စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကရင်နိုင်ငံရေးပါတီ KNDP ကိုယ်စားလှယ်လောင်း အယောက် ၃၀ ထဲမှာ အမျိုးသမီးက လေးယောက် နဲ့ အသက် ၄၀ အောက် အမတ်လောင်း လေးယောက် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။