ကျိုက်စကောအကျဉ်းထောင်က နိုင်ကျဉ်း ၂၀ ကျော် ခေါ်ထုတ်စစ်ဆေးခံနေရပြီး တစ်ဦးသေဆုံး

RFA Burmese
2023.05.28
ကျိုက်စကောအကျဉ်းထောင်က နိုင်ကျဉ်း ၂၀ ကျော် ခေါ်ထုတ်စစ်ဆေးခံနေရပြီး တစ်ဦးသေဆုံး ပဲခူးတိုင်းဒေသကြီး ရွှေမြယာ အကျဉ်းစခန်းအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Prisons Department

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်မှာ မေလ ၂၅ ရက်နေ့ကစပြီး နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်စစ်ဆေးခံနေရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခေါ်ထုတ်စစ်ဆေးခံရသူတွေထဲမှာ အဆောင် (၁) က ကိုရာလေး၊ ကိုဆန်းယုကျော်၊ ကိုဗလကြီး၊ ကိုရဲနောင်၊ ကိုသန့်ဇင်ဝင်း၊ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်မျိုးသူ၊ ကိုစာကလေး၊ ကိုဂျာကြီးနဲ့ အဆောင် (၂) က ကိုချစ်ကောင်း၊ ကိုဇီလောင်း (ခ) သူရတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

"ကိုသန့်ဇင်ဝင်းကတော့ စစ်ကြောရေးမှာ ဆုံးသွားပြီဆိုတာတော့ သတင်းအတည်ပြုထားတယ်”

မေလ ၂၅ ရက် နေ့လယ်တစ်နာရီမှာ ကိုသန့်ဇင်ဝင်း အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို ထောင်ထဲကနေ စစ်ကောင်စီတပ်သားတွေ ခေါ်ထုတ်သွားပြီး စစ်ကြောရေး ပို့ခဲ့ချိန် ကိုသန့်ဇင်ဝင်းဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော် လိုတဲ့ ကျိုက်စကောအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုသန့်ဇင်ဝင်းရယ် နောက်ထပ်လေးယောက်ရယ် ခေါ်သွားတဲ့အထဲမှာတော့ နှစ်ယောက်က အထဲကိုပြန်ရောက်လာတယ်။ ကျန်တဲ့လူတွေက လောလောဆယ် မသိရသေးဘူး။ အဲဒီနောက်ပိုင်းမှာ လာလာခေါ်ခံရတဲ့ လူတွေရှိတယ်။ တော်ကြာရင်း ငါးယောက်၊ တော်ကြာလေးယောက် အဲလိုမျိုးနဲ့အခုချိန်အထိတော့ ၁၅ ယောက်၊ အယောက် ၂၀ တော့ရှိနေပြီ။ အဲအထဲမှာတော့ အဓိကလုပ်ပြီးခေါ်သွားတဲ့ ကိုသန့်ဇင်ဝင်းကတော့ စစ်ကြောရေးမှာ ဆုံးသွားပြီဆိုတာတော့ သတင်းအတည်ပြုထားတယ်”

RFA က စကားပြောခွင့်ရခဲ့တဲ့ ကျိုက်စကောအကျဉ်းထောင်နဲ့နီးစပ်သူ သုံးဦးကလည်း ကိုသန့်ဇင်ဝင်း သေဆုံးမှုကို အတည်ပြုပါတယ်။

ကိုသန့်ဇင်ဝင်းဟာ ပဲခူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေ့ကျင့်စုဆောင်းရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် ကိုသန့်ဇင်ဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ် ၅၁၊ ၅၂၊ ၅၄ တို့အပြင် တခြားသော ပုဒ်မတွေနဲ့ ထောင်ဒဏ်နှစ် ၈၀ ချမှတ်ခံထားရတယ်လို့ ပဲခူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကျိုက်စကောအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက နိုင်ငံရေးအကျဉ်းသားတချို့ကို PDF တွေနဲ့ ဆက်သွယ်နေတယ်လို့ စစ်ကောင်စီတပ်က သံသယရှိတာကြောင့် အခုလို ခေါ်ထုတ်စစ်ဆေးတာလို့ RFA ကို ပြောပါတယ်။

“စစ်ကြောရေးကို ခေါ်ရတဲ့အကြောင်းအရင်းက သူတို့ PDF အဖွဲ့တွေ၊ နောက်မြို့ထဲမှာ လှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ဝင်တွေနဲ့ ပြန်ပြီးတော့ဆက်သွယ်ဆိုပြီး အကြောင်းပြတာပေါ့ဗျာ။ အရင်ကဖုန်းတွေ ပေးထားတော့ ဖုန်းတွေဆက်တော့ အဲဒါတွေ PDF တွေနဲ့ဆက်သွယ်တယ် ပကဖတွေနဲ့ ဆက်သွယ်တယ် အကြောင်းပြချက် နဲ့စစ်ဆေးနေတာ”

မေလ ၂၇ ရက်၊ မနေ့ကလည်း ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၀ ကို စစ်ကောင်စီတပ်က ခေါ်ထုတ်သွားတယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဝေယံက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ် ၁၂ နာရီမှာ အယောက် ၂၀ ခေါ်သွားတယ်။ စစ်ကြောရေးဆိုပြီး အကြောင်းပြပြီးတော့ စစ်ကားနဲ့ ထောင်ထဲမှာဝင်ပြီးတော့ ထုတ်သွားတယ်။ ဘယ်ကိုခေါ်သွားမှန်း မသိဘူး။ ဘယ်ကိုပို့လိုက်မှန်းလဲ ကျွန်တော်တို့ မသိဘူး။ ပဲခူးမြို့နယ် ပကဖနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့သူတွေ ဖြစ်ပါတယ်။ ခေါ်ထုတ်ခံရသူတွေက”

နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က အမြဲလိုလိုဖိနှိပ်နေတာလို့ ကိုဝေယံက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်စစ်ဆေးခံနေရတာနဲ့ပတ်သက်ပြီး ကျိုက်စကော အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးကြောင့် ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကတော့ ကျိုက်စကောအကျဉ်းထောင် ဖြစ်ရပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်တာလို့ RFA ကို ပြောပါတယ်။

“ဒါကတော့ လက်ခံနိုင်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါကတမင်ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့အပေါ်မှာ အကွက်ချပြီးတော့ကို လူအခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်နေတယ်လို့ မြင်တယ်။ သုံးသပ်တယ်။ နောက်တစ်ခုက သူတို့အားလုံးအတွက်ပေါ့နော် တရားမျှတမှုက မရှိမဖြစ်လိုအပ်နေတယ်။ တရားမျှတမှုအမြန်ဆုံး ဖော်ဆောင်ဖို့လိုတယ်”

နိုင်ငံတကာအနေနဲ့လည်း တိုက်တွန်းရုံ၊ ထုတ်ပြန်ချက်ထုတ်ရုံ၊ ဝမ်းနည်းစိုးရိမ်မကင်း ဖြစ်မိရုံနဲ့ မလုံလောက်ဘဲ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ဦးထွန်းကြည်က ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ပဲခူးတိုင်းဒေသကြီး ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းနဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာလည်း မေလ ၂၁ ရက်ကစပြီး နိုင်ငံရေးအကျဉ်းသား ကိုးဦးကို စစ်ကောင်စီတပ်သားတွေ သီးခြားစီ ခေါ်ထုတ်စစ်ဆေးနေတာကြောင့် ကျန်တဲ့နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၆ ရက်နေ့စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၁၈,၄၀၇ ဦးဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၆,၁၀၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။