ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် တရုတ်နယ်စပ်က ဒေသခံတွေ အခက်တွေ့နေ
2024.08.16
မြန်မာကျပ်ငွေနဲ့ တရုတ်ယွမ် ကွာဟမှုမြင့်မားလာတာကြောင့် ယွမ်ငွေရော ကျပ်ငွေပါ နှစ်မျိုးလုံး အသုံးပြုနေတဲ့ ကချင်ပြည်နယ်အတွင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံတွေ အခက်အခဲ ပိုကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကာစက မြန်မာကျပ်ငွေ တစ်သိန်းတန်ဖိုးဟာ တရုတ်ယွမ်ငွေ ၃၀၀ နဲ့ညီမျှခဲ့ပေမဲ့ ဒီနေ့မှာတော့ တရုတ်ယွမ် ၁၂၀ လောက်နဲ့သာ ညီမျှတော့တာကြောင့် မြန်မာကျပ်ငွေတန်ဖိုး နှစ်ဆကျော် ထိုးကျနေတာပါ။
စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံ ခြောက်သောင်းခန့် နေထိုင်တဲ့ လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့တွေမှာဆိုရင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိုင်ဇာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြန်မာကနေ တရုတ်ငွေ ယူလို့ရှိရင် ၁၁ နဲ့ တွက်ပေးတာပေါ့နော်။ ကျပ်တစ်သောင်းမှာ ယွမ် ၁၁ ကျပ်ပေါ့။ အခုက တရုတ်ငွေစျေး တက်သွားပြီဆိုတော့ မနေ့က စျေးသွားလိုက်တာ။ ခါတိုင်းဆိုရင် ငရုတ်သီး တစ်ဘူးက တစ်ထောင်ပေါ့။ အခုက သုံးထောင်။ ဒီက ကုန်စုံဆိုင်တွေ တော်တော်များများကလည်း တရုတ်ကပစ္စည်းတွေပဲဆိုတော့ ကုန်းစျေးတွေက အခုက ဆယ်ယွမ်ဆို သူတို့က တစ်သောင်း တွက်ပေးတာပေါ့။ အဲဒီတော့ ကုန်စျေးနှုန်းတွေ ပိုတက်လာတာပေါ့နော်”
ဒီဒေသမှာ တရုတ်နိုင်ငံဘက်က အခြေခံစားသောက်ကုန်တွေနဲ့ပဲ အဓိက ရပ်တည်နေကြရတာဖြစ်လို့ အခက်အခဲ ပိုကြုံရတယ်လို့ ပြောပါတယ်။
မြန်မာ-တရုတ်နယ်စပ် လိုင်ဇာမှာ ဒေသခံတွေအပြင် စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာကြတဲ့ အခြားဒေသက CDM ဝန်ထမ်းတွေ၊ အလုပ်လာလုပ်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ကျောင်းသားတွေ အများအပြားရှိနေပြီး အိမ်ငှားခတွေကအစ စျေးတွေ ထိုးတက်နေတာလို့ ဆိုပါတယ်။
“ကျပ်ငွေတန်ဖိုး ထိုးကျမှုဒဏ်ကို စစ်ဘေးဒုက္ခသည်တွေ ပိုကြုံနေရပါတယ်”
ပြီးခဲ့တဲ့လက ကြက်ဥတစ်လုံးကို ကျပ် ၃၅၀ ခန့် ရှိခဲ့ရာကနေ အခုတော့ ကျပ် ခုနစ်ရာခန့်အထိ ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို ကျပ်ငွေတန်ဖိုး ထိုးကျနေတာဟာ လွန်ခဲ့တဲ့ ခြောက်လလောက်ကနေစလို့ တဖြည်းဖြည်းကြုံလာရတာ ဖြစ်ပြီး လက်ရှိမှာတော့ အဆိုးရွားဆုံး အခြေအနေဖြစ်လာနေတယ်လို့ လိုင်ဇာမြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ဒီလွန်ခဲ့တဲ့ ခြောက်လပိုင်းကနေစပြီး တရုတ်ငွေ အဆက်မပြတ် အတက်ဘက်ပဲ ရှိနေတယ်။ အကျဘက်ကို မသွားဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့နှစ်က တရုတ်ငွေ တက်တယ်ဆိုလည်း ကျပ်တစ်သိန်းမှာ ၁၉၀ ယွမ်လောက်ရသေးတယ်။ ဒီနှစ်ကတော့ လုံးဝ စံချိန်တင်တက်တာပေါ့နော်။ အခုဆို ကျပ်တစ်သိန်းမှာ ယွမ် တစ်ရာကျော်ကျော်ပဲ ရတဲ့အချိန်ထိ အခြေအနေက တော်တော်ဆိုးရွားနေတယ်။ ဆက်တက်ဖို့ အလာအလာပဲ ဖြစ်နေတယ်”
အခုလို ကျပ်ငွေတန်ဖိုး ထိုးကျမှုဒဏ်ကို စစ်ဘေးဒုက္ခသည်တွေ ပိုကြုံနေရတယ်လို့ လိုင်ဇာမြို့အနီး ဖုန်လွမ်ယန် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အဝတ်အထည်တွေကအစ အစစအရာရာ တရုတ်ဘက်ကပဲ ယူတာဆိုတော့ ဒီနယ်စပ်တစ်လျှောက်မှာတော တော်တော်ကို ဆိုးနေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ စစ်ဘေးဒုက္ခသည် တစ်ယောက်အနေနဲ့တော့ နေဖို့ စားဖို့ ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေပဲ။ စစ်ဖြစ်နေတော့ နေရာတွေလည်း လုံခြုံမှုမရှိ၊ အလုပ်အကိုင်တွေကလည်း ရှာရဖွေရတာလည်းခက်ခဲ၊ မိုးရာသီလည်းဖြစ်တော့ တော်တော်ကို ခက်ခဲနေတဲ့အနေအထားတစ်ခုမှာ ရောက်နေတာပေါ့”
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေလည်း နည်းသွားတာကြောင့် စားဖို့သောက်ဖို့အတွက် ပိုပြီးခက်ခဲနေတယ်လို့ သူကပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေဘဝ ပိုကျပ်တည်းလာ
လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ
သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်
ဒေသတွင်းက ပြည်သူတွေ အခက်ကြုံရသလို တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေ တိုက်ရိုက်မှာယူသူတွေလည်း ငွေကြေးတန်ဖိုး ကွာဟမှုကြောင့် နေ့စဥ် အရှုံးပေါ်နေတယ်လို့ လိုင်ဇာမြို့က စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ငွေစျေး မငြိမ်တဲ့အချိန်ကျတော့ ဒီနေ့ ရောင်းရတဲ့ပစ္စည်းတွေက မနက်ဖြန်အတွက်ဆိုရင် ရောင်းကြေးက ပြန်ဆပ်ရတဲ့ပုံစံမျိုးဖြစ်နေတော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီလိုပဲ ရောင်းတဲ့သူတွေလည်း ပိုဆိုးတယ်။ သူတို့တော့ လက်ကား ပေးရတဲ့သူတွေဆိုတော့ သူတို့က ပိုပြီးထိတာပေါ့နော်။ တရုတ်ကနေ ဝင်တဲ့ပစ္စည်းတွေလည်း များတဲ့အခါကျတော့ ဒီနေ့ ရောင်းရတဲ့ဟာတွေက မနက်ဖြန်အတွက်ဆို လုံးဝ အဆင်မပြေတော့ဘူး။ ပြန်ပြီးတော့ ရှုံးတာပေါ့နော်။ ရှုံးရင် ရှုံးရင်နဲ့ သူတို့ကလည်း စျေးပိုတင်ပြီးရောင်းလာတော့ သုံးစွဲတဲ့လူတွေ ဆိုင်းသမားတွေဆီ ရောက်လာတဲ့အချိန်မှာ ပိုပြီးဒုက္ခရောက်တာပေါ့နော်”
အနယ်နယ်အရပ်ရပ်က ကျောင်းလာတက်သူတွေရှိနေတဲ့ မိုင်ဂျာယန်မြို့မှာတော့ ကျပ်ငွေကို တရုတ်ယွမ်ငွေနဲ့ လဲလှယ်ပြီး သုံးစွဲရတာကြောင့် ကျောင်းသားတွေအတွက် ပိုအခက်အခဲဖြစ်ရတယ်လို့ ပြောကြပါတယ်။
ကချင်ပြည်နယ်မှာ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့အပါအဝင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုင်တီနဲ့ ပန်ဝါမြို့နယ် ဖီဖော်ဒေသတွေမှာ တရုတ်ယွမ်ငွေကို အဓိက သုံးစွဲကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေဖို့အတွက် လာမဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ ဘဏ်အတိုးနှုန်းတွေကို တိုးမြှင့်ပေးသွားမယ်လို့ သြဂုတ် ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။