ကျောက်ထုအမြောက်တပ်ကာကွယ်ရေးကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရနေ

RFA Burmese
2023.05.08
ကျောက်ထုအမြောက်တပ်ကာကွယ်ရေးကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရနေ တပ်မတော် (ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်နေသည်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်ကနေ ပတ်ဝန်းကျင်ရွာတွေကို မကြာခဏ ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေကြောင့် ပြီးခဲ့တဲ့ခြောက်လအတွင်း အနည်းဆုံး အရပ်သား တစ်ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့သလို၊ အိုးအိမ် တွေ ထိခိုက်ပျက်စီးနေပါတယ်။

အဲဒီမှာ လေယာဉ်ကွင်းနဲ့ အမြောက်တပ်ကိုကာကွယ်ဖို့ ငါးမိုင်ပတ်လည်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်ရပ်တစ်ခုဆိုရင် ဆောမြို့နယ် နသိုးရွာက အသက် ၃၂ နှစ်အရွယ် ကိုကျော်လွင်ဦးဟာ သူ့ဇနီးနဲ့ အတူ တေးရွာကို ကားပြင်ပေးဖို့ ဧပြီလ ၁၂ ရက်နေ့က ထွက်လာပါတယ်။ အဲဒီ အချိန်မှာ အမြောက်တပ်ကနေ တေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ လှည့်အပြန်မှာ သူ့ နောက်ကျောကို လက်နက်ကြီးစ ထိမှန်သေဆုံးပြီး၊ သူ့ဇနီး မအေးစိုးက လက်မောင်းမှာ ဒဏ်ရာရသွားပါတယ်။

ကိုကျော်လွင်ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး မကျေနပ်ပေမယ့်လည်း လက်ရှိအချိန်မှာ ဘာမှ မတတ်နိုင်တော့လို့ တရားနဲ့ပဲ ဖြေသိမ့်နေရတယ်လို့ သူ့ဖခင်က ပြောပါတယ်။

"စိတ်ထဲကတော့ ဘယ်သဘောကျနေမလဲ။ ကျေနပ်နေမလဲနော်။ စိတ်ကတော့ နည်းနည်း အစကတော့ တစ်မျိုးဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဖြေရတာပေါ့ဗျာ ဒီလိုပေါ့။ သူ့ကံပဲ သူ့ကံ အကျိုးပေးက ဒီနေရာမှာ ဒီလောက်နဲ့ပဲ ဆုံးဖြတ်လာတာ။ ဒီလိုပဲတွေးရ တာပေါ့။ ဒီအချိန်ဒီအခါမှာ သူ့ဘဝက ဆုံးဖြတ်ဖို့ လာတာလို့ အဲလိုပဲဖြေရတာပေါ့"

စစ်ရေးအခြေအနေမကောင်းလို့ သူ့သားကို ရက်လည်အောင်မထားတော့ဘဲ နောက်တစ်နေ့ မနက် ၉ နာရီမှာ သင်္ဂြိုဟ်လိုက်ရတယ်လို့ ပြောပါတယ်။ လက်ရှိ သူ့မှာ ချွေးမနဲ့ အသက် ၃ နှစ်ခွဲအရွယ် မောင်ကောင်းစစ်ဟိန်း ဆိုတဲ့ မြေးလေး ကျန်ရစ်ခဲ့ပါတယ်။

"လူစုလူဝေးလုပ်တယ်ဆိုပြီးတော့မှ သူတို့ ကျောက်ထုလေယာဉ်ကွင်း တပ်ကနေ လက်နက်ကြီးတွေနဲ့ အရမ်းကာရော ပစ်ခတ်တာပေါ့ဗျာ။ တော်တော်များများ အမျိုးသမီးတွေ ကလေးတွေ တော်တော်များများ ထိခိုက်ခဲ့တယ်"

အဲဒီနေ့ကဖြစ်ရပ်မှာ တေးရွာက ဆိုင်ကယ်ပြင်ဆရာ အသက် ၂၃ နှစ်အရွယ် ကိုချမ်းငြိမ်း ဝင်း လည်း ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ကလည်း ကျောက်ထုအမြောက်တပ် ကပဲ ပန်းဆန်ရွာကို လက်နက်ကြီးနဲ့ သုံးချက်ပစ်တဲ့အခါ နှစ်လုံးက ချောင်းထဲကျတယ်လို့ ဆိုပါတယ်။ နောက်တစ်လုံးက ရွာမှာ ရေမြောင်းဖောက်ဖို့ ပြုလုပ်တဲ့အစည်းအဝေးနဲ့ ပေ ၃၀ အကွာကို ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးသုံးယောက်နဲ့ အမျိုးသားသုံးယောက်၊ စုစုပေါင်း ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်းဆန်ရွာသားတစ်ယောက်က ပြောပါတယ်။

"နှစ်ချက်က ချောင်းထဲကျတယ်။ တစ်ချက်က ကျွန်တော်တို့ အစည်းအဝေးနားကျတာ။ ခြောက်ယောက် မှန်တာပေါ့။ စင်သွားတာပေါ့ အစတွေ။ အဲလို ခြောက်ယောက် အစ တွေမှန် ၊ အိမ်တွေလည်း မှန်တာပေါ့။ ဟိုဟာမှန် ဒီဟာမှန်နဲ့ အဲဒါ နှစ်ယောက်ကတော့ ဆိုးတာပေါ့ ဆေးရုံပို့ရသေးတာပေါ့"

ခြောက်ယောက်ထဲမှာ အမျိုးသားနှစ်ယောက်က ဒဏ်ရာပြင်းထန်ပြီး၊ တစ်ယောက်က လက်ကျိုးသလို၊ နောက်တစ်ယောက်က ပေါင်ကို လက်နက်ကြီးစ ထိမှန်တာလို့ ပြောပါတယ်။

အဲဒီမှာ သူတို့ကို ဆန့်ကျင်တော်လှန်မယ့် အစည်းအဝေးလုပ်နေတယ်လို့ စစ်ကောင်စီတပ်က ယူဆပြီး အမြောက်တပ်ထဲကနေ လှမ်းပစ်တာလို့ ဆိုပါတယ်။

အခုနှစ် မတ်လ ၂၀ ရက်နေ့ကလည်း ကျောက်ထုမြို့နားက မြို့ပေါက်ရွာကို လက်နက်ကြီးနဲ့ ပစ်လို့ ကလေးနှစ်ယောက်၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၁၂ ယောက် ဒဏ်ရာရသွားပါတယ်။

အခုလို အရပ်သားတွေထိခိုက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ သူကို RFA က ဆက်သွယ်ပေမယ့် တယ်လီဖုန်းလက်ခံဖြေဆိုတာမရှိသလို၊ စစ်ကောင်စီက သတင်းထုတ်ပြန်တာ လည်း မရှိပါဘူး။

လူစုလူဝေးလုပ်တဲ့အချိန်မျိုးတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူတွေထိခိုက်သေဆုံး တာတွေ ရှိတယ်လို့ ကျောက်ထုမြို့ခံတစ်ယောက်က ပြောပါတယ်။

"ကျေးရွာတွေမှာ ရပ်ရွာရဲ့ မီးဘေးကာကွယ်ရေးအတွက်တို့၊ ရပ်ရွာသာယာရေး အတွက်တို့ ရပ်မိရပ်ဖ တွေကစုပြီးတော့မှ အစည်းအဝေးတွေလုပ်ကြရတာကိုး။ အဲဒီအခါကျတော့ လူစုလူဝေးလုပ်တယ်ဆိုပြီးတော့မှ သူတို့ ကျောက်ထုလေယာဉ်ကွင်း တပ်ကနေ လက်နက်ကြီးတွေနဲ့ အရမ်းကာရော ပစ်ခတ်တာပေါ့ဗျာ။ အဲဒီအချိန်မှာ တော်တော်များများပေါ့ ပြည်သူတွေ တော်တော်များများ အမျိုးသမီးတွေ ကလေးတွေ တော်တော်များများ ထိခိုက်ခဲ့တယ်။ သေဆုံးတာတွေလည်းရှိခဲ့တယ်"

ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Kyaukhtu Regional People Defence Force)
ကျောက်ထုဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: Kyaukhtu Regional People Defence Force)

ဒီလိုထိတ်လန့်ရတဲ့အခြေအနေကြောင့် သက်ကြီးရွယ်အိုနဲ့ကလေးတွေအပါအဝင် ဒေသခံ တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ကျောက်ထုမြို့ လေယာဉ်ကွင်းနဲ့ အမြောက်တပ်လုံခြုံရေးအတွက် အဲဒီနေရာရဲ့ ငါးမိုင်ဝန်းကျင် ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်တာတွေ၊ စစ်ကြောင်းထိုးတာတွေ လုပ်နေတာလို့ ကျောက်ထု တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုရန်နိုင်စိုးက ပြောပါတယ်။

"ကျွန်တော်တို့ ဒီ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခရိုင်တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ က ကျွန်တော်တို့ ကျောက်ထုနယ်သားတွေ။ သူတို့အတတ်နိုင်ဆုံး ကြိုးစားပြီးတော့မှ တိုက်ခိုက်နေတယ်ဗျ။ ဒီတော့ သူတို့က ခဏခဏ စစ်ကြောင်းထိုးရတဲ့ အကြောင်းရင်း က အမြောက်တပ်ရှိတာရယ်၊ လေယာဉ်ကွင်း ရှိတာရယ်နဲ့ ကျွန်တော်တို့ကြားတဲ့ သတင်းကတော့ သူတို့ကတော့ ငါးမိုင်ပတ်လည်မှာ အမြဲတမ်း ကင်းလှည့်နေ တယ်"

ကျောက်ထုတိုက်နယ်မှာရှိတဲ့ ရွာပေါင်း ၄၅ ရွာမှာ စစ်ကောင်စီက ကျောက်ထုမြို့နဲ့ ရွာပေါင်းသုံးရွာလောက်ပဲ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ကိုရန်နိုင်စိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။