ကျောက်ဖြူစီမံကိန်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ညွှန်ကြား
2023.10.13

ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အချိန်တိုအတွင်းမှာ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
ဒါကြောင့် လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းတွေကို စတင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူမြို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံသားတွေ ကွင်းဆင်းပြီး မြေနေရာတိုင်းတာမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
“သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်ကြတာဆိုတော့ ကျွန်တော်တို့ ဒေသခံတွေအတွက်တော့ ကြီးကြီးမားမား မျှော်လင့်စရာမရှိပါဘူး”
အမ်း၊ မအီနဲ့ ကျောက်ဖြူဘက်ကို သွားတဲ့ကျေးရွာတွေက ကားလမ်းမကြီးတစ်လျှောက်မှာ ရထားလမ်းဖောက်ဖို့အတွက် အောက်တိုဘာ ၇ ရက်နဲ့ ၈ ရက်နေ့က ကွင်းဆင်းတိုင်းတာခဲ့တာလို့ ရထားလမ်း ဧရိယာထဲမှာ ပါဝင်နေတဲ့ အမည်မဖော်လိုသူ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ ကားတွေနဲ့လာတယ်။ လမ်းတွေ ကြည့်တယ်။ ကျောက်ဖြူကနေ တရုတ်ပြည်ကိုသွားမယ့် ရထားလမ်းအတွက်လို့ပြောပါတယ်။ တရုတ်တွေရယ် စကားပြန်ရယ် ပြီးရင် ကားနှစ်စီးနဲ့ အမ်းမြို့ပေါ်ကို တက်သွားတယ်။ အားလုံးကို တိတိကျကျတော့ မသိရသေးပါဘူး။ ကျွန်တော့်အိမ်ကျတော့ လမ်းနဲ့ ၇၅ ပေအထိ မကျယ်ဘူးလေ။ လမ်းဧရိယာနဲ့ဆို ၅၅ ပေလောက်ပဲ ရှိတယ်။ ဆိုတော့ ၇၅ ပေအထိ ဖြိုရမယ်ဆိုတော့ ဆိုင်ခန်းတွေပါသွားမယ်။ ဖြိုရမယ့် အချိန်ကိုတော့ မသိသေးပါဘူး”
လက်ရှိမှာတော့ နေအိမ်တွေ၊ ဆိုင်ခန်းတွေ ဖြိုဖျက်ပေးဖို့အတွက် စစ်ကောင်စီက အမိန့်စာတွေလည်း ထုတ်ပြန်ထားပြီး ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေး ရ၊ မရတော့ တိတိကျကျ မသိရသေးဘူးလို့လည်း သူကပြောပါတယ်။
အဲဒီရထားလမ်းဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကနေတစ်ဆင့် မင်းဘူး၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ကို တိုက်ရိုက်ဆက်သွယ်ဖို့ လျာထားတာပါ။
အလားတူပဲ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာထဲမှာ ပါဝင်တဲ့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသမှာလည်း ဆည်တစ်ခုဆောက်လုပ်ဖို့ မြေဧရိယာတိုင်းတာမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီလက်ထက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အကောင်အထည်ဖော်မှုတွေဟာ ပိုပြီးမြန်ဆန်လာတာ တွေ့ရတယ်လို့ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ အဓိက စောင့်ကြည့်လေ့လာနေတဲ့ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“လက်ရှိမှာတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လာတယ်လို့ မြင်တွေ့ရတယ်။ မြေပြင်မှာလည်း ရေကာတာ ဆည်မယ်ဆိုပြီး ရေနံပိုက်လိုင်းရှိတဲ့ မဒေးကျွန်းပေါ်မှာ မြေပြင်ကွင်းဆင်းပြီး တိုင်းတာတဲ့အပိုင်းတွေ တွေ့ရတယ်။ ဒါက တရုတ်စီမံကိန်းတစ်ခုဖြစ်တယ်ပေါ့နော်။ ဆိုတော့ မီးရထားလမ်းပဲဆောက်ဆောက် ဘာပဲဆောက်ဆောက်ပေါ့နော်။ သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်ကြတာဆိုတော့ ကျွန်တော်တို့ ဒေသခံတွေအတွက်တော့ ကြီးကြီးမားမား မျှော်လင့်စရာမရှိပါဘူး”
အဲဒီမဒေးကျွန်းမှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က တရုတ်ရဲ့ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းနဲ့ ရေနံစိမ်းသိုလှောင်ကန်တွေ၊ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းနဲ့ ရေနံပိုက်လိုင်း ဆောက်လုပ်တာတွေကြောင့် ဒေသခံတွေပိုင်တဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စီမံကိန်း မစတင်ခင်မှာတော့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မယ်စတဲ့ မက်လုံးတွေပေးပြီး ဒေသခံတွေကို ပြောဆိုခဲ့ကြပေမယ့် လက်ရှိမှာတော့ ဒေသခံတွေ အလုပ်အကိုင်တွေ မရကြသလို အဓိက လုပ်ကိုင်စားသောက်တဲ့ အလုပ်အကိုင်တွေပါ ထိခိုက်နေတာကြောင့် ခက်ခဲနေကြတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
“ဒီစီမံကိန်းတွေမှာလည်း ဒေသခံတွေ အလုပ်အကိုင်တွေ ရရှိမှာမဟုတ်ဘူးလို့ မြင်မိတယ်”
အခု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေရာတဲ့အာမခံတွေလည်း မရှိဘူးလို့လည်း ဆိုကြပါတယ်။
ဒါကြောင့် တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် မျှော်လင့်စရာမရှိဘူးလို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီ မဒေးကျွန်းဆိုတဲ့ ဒေသမှာတောင်မှ လမ်းတစ်လမ်းတောင် လုပ်မပေးနိုင်ဘူး။ ဆိုတော့ အဲဒီဒေသက လူတွေ အလုပ်အကိုင်တွေ ရရှိမယ်ဆိုတာ မမြင်မိဘူး။ ဒီက တရုတ်စက်ရုံတွေမှာဆိုလို့ရှိရင် ရခိုင်က ဒေသခံတွေဟာ အလုပ်ရဖို့ဆိုတာ အတော်လေးကို ခဲယဉ်းတယ်။ ဆိုတော့ ဒီစီမံကိန်းတွေမှာလည်း ဒေသခံတွေ အလုပ်အကိုင်တွေ ရရှိမှာမဟုတ်ဘူးလို့ မြင်မိတယ်”
အခုလို တရုတ်ရဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အစိတ်အပိုင်းတွေကို တစ်စတစ်စ အကောင်အထည် ဖော်လာတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကိုလည်း အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ၃၇၀ ဧကနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရမ်းဗြဲကျွန်းက ၂၃၇ ဧက စုစုပေါင်း မြေဧရိယာ ၆၀၇ ဧကမှာဆောက်ဖို့ စီစဉ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အိမ်ရာစီမံကိန်း၊ ရထားလမ်း စီမံကိန်းနဲ့ လမ်း၊ တံတား စီမံကိန်းတွေ ပါဝင်ပါတယ်။