နယ်မြေရှင်းလင်းမှုကြောင့် ကျွန်းလှမြို့နယ်မှာ အရပ်သား တစ်သောင်းသုံးထောင်ကျော် ထွက်ပြေး

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဟာ သြဂုတ်လ ၂၄ ရက်ကနေ စတင်ခဲ့တာပါ။ နေ့တိုင်း တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းမှုတွေကြောင့် တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ပေပင်ချောင်၊ကုန်းစည်း၊သစ်ချို နဲ့ မော်ကယ် အပါအဝင် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ ရွာကုန်းကြီးရွာ ဒေသခံတစ်ဦးက သြဂုတ်လ၂၉ ရက်က စစ်ကောင်စီ တပ်ရဲ့ စီးနင်းမှုအတွင်း သူတို့အိမ်အပါအဝင် လူနေအိမ် ၅၀ ကျော် မီးလောင် ခဲ့တယ်လို့ ပြောပါတယ်။
"ဘာတစ်ခုမှ ပြန်ယူစရာ မရှိတော့ဘူး၊ ပြာပုံနဲ့ သွပ်ချပ်ပဲ ကျန်တာ ပြာပုံအတိနဲ့ သွပ်အပိုင်းအစပဲ ကျန်တယ်။ လောင်ကျွမ်းခံရတဲ့ အိမ်တိုင်းနီးပါး အဲဒီလိုပဲ ဖြစ်သွား တာလေ။ စားစရာလည်း မရှိ၊ နေစရာလည်း မရှိ ဖြစ်သွားတာ၊ ကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားနဲ့ ဒီလောက်ပဲ လတ်တလော သုံးစွဲဖို့ ငွေကြေး တစ်သိန်း ကိုးသောင်း လောက်ပဲ အဲဒီလောက်ပဲ ယူနိုင်လိုက်တယ်၊ကျန်တာကတော့ ဘာတခုမှ ပြန်မရဘူး၊ လတ်တလော အခက်အခဲကတော့ နေစရာ၊ စားစရာပဲ၊ အဲဒီအခက်အခဲတွေ တော်တော် ကြုံတွေ့နေရတယ်"
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် စက်တင်ဘာလ ၅ ရက်အထိ ဒေသခံ တစ်သောင်း သုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေပြီး ကျေးရွာကိုးရွာလည်း မီးရှို့ခံထားရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
"ကျွန်းလှမြို့နယ်ထဲ မီးရှို့ခံထားရတဲ့ ရွာပေါင်းက ကိုးရွာရှိပြီ။ စစ်ကြောင်းထိုးနေတဲ့ အချိန်ဆိုတော့ စစ်ဘေးရှောင်နေရတဲ့ လူထုက အားလုံးပေါင်း တစ်သောင်းအထက်မှာ ရှိတယ်လို့ ကျနော်တို့ အဲဒီလို ခန့်မှန်းထားတယ်ပေါ့လေ။ လတ်တလော သိထားရတာ ကတော့ တည်ပင်ဆိပ်မှာ (ဩဂုတ်လ ၂၅ ရက်နေ့) ပစ်တဲ့အချိန်၊ အပြစ်မဲ့ပြည်သူ နှစ်ယောက်ကတော့ သေချာပေါက် ကျသွားတာ ရှိတယ်။ (ဩဂုတ်လ ၂၆ ရက်နေ့) မီးရှို့ခံထားရတဲ့ အလောင်းတွေ ကလည်း အားလုံးပေါင်း ရှစ်လောင်းတွေ့တယ်ပေါ့နော်။ အဲဒါတွေကလည်း ပြည်သူတွေပဲပေါ့"
ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ရဲ့ စာရင်းအရ မီးရှို့ခံရတဲ့ကျေးရွာတွေဟာ တည်ပင်ဆိပ်ရွာ၊ အိမ်ခြေရွာ၊ အင်းလျားရှည်ရွာ၊ ရွာကုန်းကြီးရွာ၊ ကုန်းစည်းရွာ၊ ပေပင်ချောင်ရွာ၊ သစ်ချိုရွာ၊ မော်ကယ်ရွာ၊ မော်တုန်ရွာ တွေဖြစ်ပါတယ်။ အဲဒီရွာကိုးရွာက လူနေအိမ် ၄၀၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် ကျွန်းလှမြို့နယ်အတွင်း အရပ်သားထိခိုက် သေဆုံးမှုတွေ၊ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေနဲ့ ပတ်သက်လို့ RFA ရဲ့မေးမြန်းမှုကို စစ်ကိုင်းတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင် က တိတိကျကျ မသိသေးဘူးလို့ ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာပြောပါတယ်။
"ကျနော်တို့ဆီ (အရပ်သားတွေ ဒုက္ခရောက်တာ)ပြောတာ မရှိဘူးဗျ၊ ကျနော်တို့လည်း အဲလောက်အထိတော့ မသိဘူးဗျ။ ကျနော်တို့ စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးရှောင် မရှိဘူးဗျ။ တိုက်ပွဲရှောင်ဆိုရင်တော့ ရှိကောင်း ရှိပါလိမ့်မယ်။ ရှိတဲ့နေရာတွေမှာတော့ လိုအပ်တယ်ဆိုရင် ဆန်၊ဆီ၊ ဆား၊ ပဲ လေးမျိုး အဲဒါတွေလုပ်ပေးတယ်။ နောက်ပြီးတော့ မီးရှို့ခံရတဲ့ ရွာတွေဆိုရင် လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေက အစ အကုန်လုံး ပို့စရာရှိတာကို ရတဲ့နည်းနဲ့ ကားရှိရင်ကား၊ ကားမရှိရင်လည်း တပ်က ရဟတ်ယာဉ် အကြုံနဲ့ ပို့ပေးတယ်"

ကျွန်းလှမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၆၁၊ ခမရ ၃၆၉ နဲ့ ခမရ ၁၁၃ တို့က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် စစ်ရေးတင်းမာမှု ရှိနေတယ်လို့ ကျွန်းလှမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွဲဖက် တာဝန်ခံ ကိုကျင်ဝှမ်က ပြောပါတယ်။
"လတ်တလော စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်၊ သူတို့က ကျနော်တို့ ဘက်ကို သာလွန်အင်အားတွေနဲ့ စစ်ကြောင်း ထိုးတယ်၊ နမခမှာ လေယာဉ်တွေကလည်း အရံသင့် အနေအထားနဲ့ရှိနေတယ်၊ ၂၀၀ ကျော်နီးပါးရှိတဲ့ အင်အားနဲ့ စစ်ကြောင်း ထိုးနေတယ်၊ နှစ်ကြောင်း ခွဲပြီး စစ်ကြောင်းထိုးတယ်၊ စစ်ကြောင်း နှစ်ကြောင်းက ခမရ ၁၁၃ ရယ်၊ ခမရ ၃၆၁၊၃၆၉ ရယ်က တစ်ကြောင်း၊ ၁၁၃က တစ်ကြောင်း"
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ခုခံသူတွေအကြား တိုက်ပွဲ တွေကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၁ သန်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည် အများစုဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပါတယ်။
သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂ရက်က ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာ သိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၃ ခုမှာ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၅၃၃,၈၃၃ ဦးထက်မနည်း ရှိနေပါတယ်။