အလုပ်ရှင် အလုပ်သမားတွေ့ဆုံပွဲ အကြောင်း တင်ပြချက်


2014.12.14

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ ဒီနေ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အလုပ်ရှင် အလုပ်သမားနှစ်ဖက်ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ညှိုနှိုင်းဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အလုပ်ရှင် အလုပ်သမားကြားဖြစ်ပွားနေတဲ့  အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးရေးကို အမြန်ဆုံး ရန်ကုန်တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ အလုပ်ရှင် အလုပ်သမားတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမူဦးစီးဋ္ဌာန က တာဝန်ရှိသူတွေ နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

သူရဦးရွှေမန်း က လက်ရှိလွှတ်တော်မှာ လွှတ်တော်အမတ်တွေကို လစာတိုးမြင့်ပေးခဲ့သလို နိုင်ငံ့ဝန်ထမ်းတွေကိုလည်း လစာငွေတိုးမြင့်ပေးဖို့ ဆွေနွေးနေကြောင်း ၊ဒါကြောင့် တခြားသော ပုဂ္ဂလိက အလုပ်သမား တွေအနေနဲ့လည်း ထိုက်သင့်တဲ့လစာငွေ ရရှိဖို့လိုတယ်လို့ ပြောပါတယ်။

အလုပ်သမားတစ်ယောက်က စားဖို့၊ နေဖို့၊ သွားဖို့ကိစ္စမှာ အဆင်မပြေဘူးဆိုရင် အလုပ်ထဲမှာ သူအာရုံမပြုနိုင်ဘူး၊ ဒိနေ့ကျနော်တို့ ဆီက တချို့တချို့သော အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့တွေ့ကြုံနေတဲ့ အခက်အခဲက ရတဲ့လုပ်ခလစာက သူ့ရဲ့စားဖို့အတွက်၊ နေဖို့အတွက်၊ သွားဖို့အတွက်အဆင်မပြေဘူးဆိုရင် ဒီလုပ်ငန်းပေါ်မှာ အာရုံပြုဖို့နည်းပါးတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာ စက်ရုံပေါင်း ၉၀၀ ကျော်ရှိပြီး အလုပ်သမားဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိတယ် လို့သိရပါတယ်၊ လှိုင်သာယာ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေမှာ လုပ်ခလစာတိုးပေးရေးနဲ့ အချိန်ပိုအလုပ်ဆင်းချိန် လျော့ချပေးရေးဟာ အများဆုံးဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ကပြောပါတယ်။

ဒီနေ့ ပွဲကို တက်ရောက်လာတဲ့ အလုပ်သမားညွှန်ကြားရေဦးစီးဋ္ဌာနက ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှုး ဒေါ်မို့မို့သွင်က အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရေးအတွက်  လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ်မှာ မြို့နယ်အဆင့်အထိ စစ်တမ်းကောက်ယူ သွားမယ်လို့ ပြောပါတယ်။

" အမျိုးသားကော်မတီသည် လုပ်ခနှုန်းထား သတ်မှတ်ရေးအတွက် ကျမတို့ ၄ ကြိမ်တိုင် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်၊ လာမယ့် ၁၈ ရက်နေ့မှာလည်း ၅ ကြိမ်မြောက် အမျိုးသားကော်မတီ အစည်းအဝေးကိုလည်း တိုင်းဒေသကြီးနဲ့ အစိုးရတွေကို အားလုံးဖိတ်ကြားလွှာများ ပေးပို့ထားပြီးဖြစ်ပါတယ်၊ ထို့တူစွာပဲ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံတွေမှာ မိမိတို့ကျရာ တိုင်းဒေသကြီး ပြည်နယ်တွေမှာ လုပ်ခလစာ သတ်မှတ်ရေးအတွက်ကို ကျမတို့လုပ်ခလစာ သတ်မှတ်ဖို့အတွက်ကို အခြေခံကျတဲ့ အိမ်ထောင်စုတွေရဲ့စားသောက်မှု၊ နေထိုင်မှု စရိတ်ကို ကျမတို့ စစ်တမ်းကောက်ယူရမှာဖြစ်ပါတယ်"

လှိုင်သာယာစက်မှုမြို့ အထည်ချုပ်အခြေခံ လုပ်ငန်းရှင်များ သမဂ္ဂ ဥက္ကဌ ဒေါက်တာခင်မောင်ဌေးက အလုပ်သမားတွေရဲ့တချို့တောင်းဆိုချက်တွေကို ရာနှုန်းပြည့်လုပ်ငန်းရှင်တွေက ဖြည့်ဆည်းပေးဖို့ မလွယ်ကူတာကြောင့် အလုပ်သမားတွေအနေနဲ့ ဆန္ဒပြမယ့်အစား ညှိနှိုင်းဆောင်ရွက်တဲ့နည်းနဲ့ လုပ်သင့်တယ်လို့ ပြောပါတယ်။

"အခြေခံလုပ်ခလစာကို တောင်းဆိုတဲ့အခါမှာ ကျနော်တို့အလုပ်ရှင်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းရတာဖြစ်ပါတယ်၊ ဒါက ကျနော်တို့က right ကိုတောင်းဆိုတာဆိုရင် အလုပ်ရှင်တိုင်းက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်၊ ဒါပေမယ့် ဒီနေ့ ကျနော်တို့ကြုံတွေ့နေရတဲ့ တောင်းဆိုမှုတွေရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ အထက် right ပေါ်မှာတောင်းဆိုတာမဟုတ်ဘဲ၊ လစာကို ဘယ်လောက်လိုချင်တယ်ဆိုပြီးတောင်းဆိုထားတဲ့အပိုင်းပဲ၊ ဒီအပိုင်းကတော့ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရမယ့်အပိုင်းဖြစ်ပါတယ်"

စံကောင်းပီနံအိတ်စက်ရုံ အခြေခံအလုပ်သမားများ သမဂ္ဂ ဥက္ကဌ ကိုအောင်စိုးမင်းက အနည်းဆုံးလုပ်ခလစာကို ပြောင်းလဲနေတဲ့ ခေတ်စနစ် ကုန်ဈေးနှုန်းနဲ့ အညီသတ်မှတ်ပေးဖို့ နည်းဥပဒေမှာ ပြဌာန်းပေးစေလိုတယ်လို့ပြောပါတယ်။

"မြန်မာနိုင်ငံအနေဖြင့် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးသည် ပထမဆုံးအနေဖြင့် အခက်အခဲများစွာရှိသည်ကို နားလည်သဘောပေါက်ပါတယ်ခင်ဗျာ၊ သို့သော် အနည်းဆုံးလုပ်ခလစာကို ပုံသေမဟုတ်ဘဲ ကုန်ဈေးနှုန်းအတက်အကျပေါ်တွင် ဆက်လက်ပြီးပြုပြင်ပြောင်းလဲပေးရန် ဥပဒေမှာ ထည့်သွင်းသတ်မှတ်ပေးစေချင်ပါတယ်ခင်ဗျာ"

လှိုင်သာယာစက်မှုဇုန်က ရက်စ်ဝမ်းအထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်း ဥက္ကဌ မဝင်းသိင်္ဂီစိုးက စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့ရင် စက်ရုံပိုင်ရှင်မှ အကြောင်းအမျိုးမျိုးနဲ့ အလုပ်မှထုတ်ပစ်တာရှိနေကြောင်း၊ အလုပ်သမားတွေနဲ့ လိုအပ်ချက်တွေကို တောင်းဆိုနိုင်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေလိုအပ်ကြောင်း အခုလိုပြောပါတယ်။

"ဒီလိုမျိုးအလုပ်ရှင်တွေဖက်က အဖွဲ့အစည်းတွေကိုဖွဲ့စည်းခွင့်မပေးနိုင်ဘူးဆိုရင် ဥပဒေချိုးဖောက်မှုနဲ့ ထိရောက်စွာ အရေးယူသင့်ကြောင်း တင်ပြအပ်ပါတယ်၊ စက်ရုံတစ်ရုံမှာ အဖွဲ့အစည်းများရှိမှသာလျှင် စုပေါင်းအရေးဆိုမှုများ၊ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှုတွေလျော့နည်းပြီး ပပျောက်ဖို့အတွက်ကို လုပ်ဆောင်မှုလဲလိုအပ်တယ်လို့ နာယကကို တင်ပြအပ်ပါတယ်၊ အဲ့လိုမျိုး ပပျောက်ဖို့အတွက်ဆိုရင် အလုပ်ရှင်အလုပ်သမား ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို အလုပ်ရှင်သမဂ္ဂ အဖွဲ့အစည်းလိုအပ်တယ်လို့ အလေးထားတင်ပြအပ်ပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၂နဲ့ ၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်က အလုပ်သမား၊ အလုပ်ရှင်နဲ့ ပတ်သက်တဲ့ ဥပဒေပေါင်း ၅ ခု ပြဌာန်းပေးခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။