လောင်းလုံးကမ်းခြေက စီမံကိန်းများ

2019.01.02
tanintharyi-622.jpg တနသာၤရီတိုင်း၊ လောင်းလုံမြို့နယ်ထဲကကျွန်းများ။
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိကမ်းခြေတလျောက်မှာ နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်း ၊အပန်းခြေဝန်ဆောင်မှုလုပ်ငန်းနဲ့ဟိုတယ်နဲ့ အိမ်ယာစီမံကိန်းတွေ ဆောက်လုပ်ဖို့ဆိုပြီး ဦးစိုင်းမျိုးဝင်းနာမည်နဲ့ မြေလွတ်မြေရိုင်းတွေကို လျှောက်ထားတဲ့အပေါ် ဒေသခံရေလုပ်ငန်းတွေက ကန့်ကွက်နေကြပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

လောင်းလုံးမြို့နယ်ရှိကမ်းခြေမှာ ဆောက်လုပ်မယ့်စီမံကိန်းတွေကို ကန့်ကွက်
 
(ကျော်လွင်ဦး)
 
■ ထားဝယ်ခရိုင် လောင်းလုံးမြိုနယ်ရှိ ကမ်းခြေတလျောက်မှာ နိုင်ငံတကာအဆင့်မီဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ ဆောက်လုပ်ဖို့ဆိုပြီး ဒေသခံတွေ မှီခိုလုပ်ကိုင်စားသောက်နေရတဲ့ ပဲ့ဇင်ကျွန်းအပါအဝင် ကမ်းခြေကနေရာ ၄ ခုမှာ ဖွံံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်းဖို့ ခွင့်ပြုမိန့်လျှောက်ထားတာကို ဇန်နဝါရီလ ၅ ရက်နေ့နောက်ဆုံးထား ကန့်ကွက်နိုင်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာက ကြေညာထားပါတယ်။
 
အဲဒီလုပ်ငန်းတွေကို ခွင့်ပြုလိုက်ရင် ဒေသခံရေလုပ်သားတွေက သူတို့သွားလာလှုပ်ရှားတဲ့နေရာမှာ အခက်အခဲတွေဖြစ်နိုင်တာကြောင့် ကန့်ကွက်နေကြပါတယ်။
 
ဒီအထဲက ပဲဇင်ကျွန်းဟာ ဒေသခံရေလုပ်သားတွေ နားခိုပြီး လုပ်ကိုင်စားသောက်ရာနေရာဖြစ်တာကြောင့် တီဇစ်၊ သကျက်တော၊တောကျဲ၊ ရမဇ္ဇူစတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ကန့်ကွက်လက်မှတ် ရေးထိုးနေတာဖြစ်ပါတယ်။
 
ဒီပဲဇင်ကျွန်းမှာ ဒေသခံရေလုပ်သားတွေဟာ သောက်သုံးရေခပ်တာ၊ ရာသီဥတုဆိုးဝါးတဲ့အခါတွေမှာ တတ်ရောက်ခိုလှုံတာ၊ ကျွန်းတဝိုက်မှာ ပိုက်ပစ်ငါးဖမ်းတာတွေရှိပြီး ကျွန်းကိုကုမ္ပဏီကပိုင်ဆိုင်သွားရင် ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်လို့ ကန့်ကွက်တာလို့ တီဇစ်ကျေးရွာသား ကိုဇော်ဦးက ပြောပါတယ်။
 
"အခက်အခဲကတော့ အကုန်လုံးရှိတယ်၊ ကျနော်တို့ ရွာသားတွေထဲမဟုတ်ဘူး ၊ကျန်တဲ့ရွာသားတွေပါ အခက်အခဲရှိတယ၊် မိုးလေဝသမကောင်းရင် အဲကျွန်းမှာတတ်ပြီးနားခိုရတယ်၊ အဓိက ကျနော်တို့ေ နထိုင်မှုပျက်သွားမှာကို စိုးရိမ်တယ်"
 
ပဲ့ဇင်ကျွန်းအပါအဝင်မြေဧက ၁၄၀ ပေါ်မှာ Excellent Fortune Development Group ကုမ္ပဏီမန်နေဂျာ ဦးစိုင်းမျိုးဝင်းနာမည်နဲ့ လျောက်ထားသလို ကျောက်တွင်းရွာအနီးရှိ ကမ်းခြေမှာလည်း မြေဧက ၁၃၀ ကျော်ပေါ်မှာ အပန်းဖြေစခန်းနဲ့ အိမ်ယာဆောက်လုပ်ဖို့ဆိုပြီး ရတာနာစိုင်းကောင်းမြတ်ကျော် သတ္ထုတူးဖော်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနာမည်နဲ့ လျောက်ထားပါတယ်။
 
အလားတူ ပညစ်ကျေးရွာအနီးရှိကျွန်းပေါ်မှာ မြေဧက ၁၁ ဧကကျော်ပေါ်မှာ စိုးနိုင်ဖြိုးကုမ္ပဏီဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီနာမည်နဲ့ လျောက်ထားပြီး စမ်းလှမ်းကမ်းခြေရှိ ကျွန်းမြေမှာ မြေ ၈ ဧကနီးပါးမှာလည်း First Dragon construction ကုမ္ပဏီဒါရိုက်တာ ဒေါ်နန်းခင်မြင့်ရီနာမည်နဲ့ဲ မြေလွတ်မြေရိုင်းမှာ လျောက်ထားခဲ့တယ်လို့ သိရပါတယ်။
 
ဒီမြေလွတ်မြေရိုင်းမှာ လျှောက်ထားတာတွေကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ ၅ ရက်နေ့အတွင်း ကန့်ကွက်နိုင်တယ်လို့ လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးဌာနက ကြေညာထားပါတယ်။
 
ဒီလို့ကြေညာတာတွေကို ဒေသခံရွာသားတွေ သိရှိအောင် ကြေညာတာမျိုးမရှိဘဲ အွန်လိုင်းမှာ ပျံနှံနေတာတွေကြောင့် ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၅ ရက်လောကက်မှ သိကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
 
လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအောင်ထွေးက လျှောက်ထားတ ဲ့မြေတွေတည်ရှိတဲ့ကျေးရွာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်မြေစာရင်းရုံးမှာ ကပ်ထားကြောင်းနဲ့ ကန့်ကွက်စာခေါ်တဲ့ အဆင့်ပဲရှိသေးတယ်လို့ ပြောပါတယ်။
ဒီမြေလျှောက်ထားတွေဟာ တိုင်းအဆင့်ကနေလျှောက်ထားတာဖြစ်ပြီး သူတို့အနေနဲ့ ကန့်ကွက်စာခေါ်ပေးရတာဖြစ်ပြီး ကန့်ကွက်မယ်ဆိုရင် အထက်ကိုပြန်တင်ပြသွားမယ်လို့ ဦးအောင်ထွေးက ပြောပါတယ်။
 
"ကန့်ကွက်လွှာတွေရှိရင် အဲအမှုတွဲကိုပြန်တည်ဆောက်ပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ မြေစာရင်းဦးစီးဌာနကို ပြန်တင်ပြရတယ်၊ ကန့်ကွက်စာတွေလည်း ပါတာပေါ့လေ၊ ဘယ်တောင်သူက ကန့်ကွက်ထားတယ်ဖြစ်တဲ့အတွက် ကန့်ကွက်ထားတဲ့အနေထားကို ဆက်လက်ဆောင်ရွက်နိုင်ပါရန်ဆိုပြီး တင်ပြထားတာရှိတယ်"
 
ဒီ Excellent Forntune Group ကုမ္ပဏီဟာ ကျောက်မျက်တူးဖော်တဲ့လုပ်ငန်း၊ သတ္ထုတူးရေးလုပ်ငန်း၊ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဟိုတယ်နဲ့ အိမ်ယာဆောက်လုပ်တာ စတဲ့လုပ်ငန်းတွေလုပ်ကိုင်တယ်လို့ သူတို့ကုမ္ပဏီဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
 
ကျွန်းလေးကျွန်းမှာ ကုမ္ပဏီလေးခုက လျှောက်ထားပေမယ့် ပိုင်ရှင်နာမည်ကတော့ နာမည်တူနေပါတယ်။
 
ဦးစိုင်းမျိုးဝင်းနဲ့ ဒေါ်နန်းခင်မြင့်ရီတို့ဟာ ဆွေမျိုးတော်စပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ဒီလို့ကန့်ကွက်တာတွေ၊ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ လျှောက်ထားတဲ့ကုမ္ပဏီတွေကို RFA က အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။
 
ဒါပေမဲ့ ခုချိန်ထိတော့ ဆက်သွယ်လို့ မရပါဘူး။
 
ဦးစိုင်းမျိုးဝင်းဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက်ဆိုပြီး တနင်္သာရီတိုင်းဝန်ကြီး ဒေါက်တာ လဲ့လဲ့မော်ထံ ငွေကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။
 
ဒီအပေါ်မှာ ဒေသခံတွေဘက်က သံသယတွေရှိနေပါတယ်။ လောင်းလုံးမြို့နယ် ဒေသခံ ဦးမောင်အေးက ပြောပါတယ်။
 
"အလှူငွေကို လက်ခံလိုက်ပြီးတာနဲ့ သိပ်မကြာဘူး မြေလွတ်မြေလပ်စီမံခန့်ခွဲရေး ဥပဒေထွက်ပြီးတာနဲ့ ချက်ချင်းတပြိုင်နက် လျှောက်တယ်ဆိုတာက အဲဒါက စဉ်းစားစရာပေါလေ၊ အစိုးရက ဘာလဲဆိုတာကို သိန်းငါးရာမျက်နှာထောက်ပြီး မျက်ကွယ်ပြုလိုက်တာလား အဲဒါတွေလည်း စဉ်းစားစရာပေါလေ"
 
အစိုးရအနေနဲ့ ဒေသဖွံံဖြိုးရေးထက် ဒေသခံတွေအကျိုးဘယ်လောက် ရရှိမလည်းဆိုတာကိုလည်း ကြည့်သင့်တယ်လို့ လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုထွေးက ပြောပါတယ်။
 
"စီမံခန့်ခွဲတဲ့သူတွေက လာလုပ်တဲ့လုပ်ငန်းရှင်တွေက ဒီဒေသအတွက် ဘယ်လောက်ထိအကျိုးပြုသလဲ၊ ဒေသခံတွေအတွက် အလုပ်အကိုင် ဘယ်လောက်အထိ ပေးနိုင်လဲ၊ ဘာတွေအာမခံပေးနိုင်လဲ ဒါတွေကြည့်ပြီးမှ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်သင့်တာပေါ့၊ ဒါမျိုးမဟုတ်ဘဲနဲ့ မြေလွတ်မြေလပ်ပဲ ကြိုက်တဲ့သူလုပ်ဆိုတာတော့ မဖြစ်သင့်ဘူး"
 
ဒီနေ့မှာတော့ တီဇစ်ကျေးရွာရွာသား ၄၀၀ နီးပါး လက်မှတ်ရေးထိုးက ကန့်ကွက်လွှာတွေကို မြို့နယ်မြေစာရင်းကို ပေးအပ်ခဲ့သလို မနက်ဖြန်မှာလည်း သကျက်တော၊တောကျဲ၊ ရမဇ္ဇူ စတဲ့ကျေးရွာတွေက ရွာသားတွေလည်း ကန့်ကွက်လက်မှတ်တွေ ပေးပို့သွားမယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။