ထိုင်းမြန်မာနယ်စပ်ကို လူကုန်ကူးခံရသူတွေ ပြောပြတဲ့ ကာစီနို ငရဲခန်းများ
2023.04.13
ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံဒေသက ကာစီနိုရုံတွေနဲ့စည်ကားတဲ့ လောင်းကစားမြို့တွေမှာ အလုပ်လုပ်ပြီး ငွေကြေးစုဆောင်းနိုင်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေနဲ့အတူ လာအိုနိုင်ငံ အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ ခမ်းအမည်ရှိ လူငယ်တစ်ယောက် ခရီးထွက်ခွာလာပါတယ်။
သူမသိတဲ့ အမျိုးသမီးတစ်ယောက်က Facebook ကနေ ဆက်သွယ်ပြီး “ဘာလုပ်နေလဲ၊ ပိုက်ဆံရချင်သလား” ဆိုပြီး မေးလာတဲ့အတွက် သူက ရချင်တယ်လို့ ပြန်ဖြေလိုက်တာလို့ ခမ်းက ပြန်ပြောပါတယ်။ သူ့အိမ်နဲ့ မလှမ်းမကမ်းမှာပဲတွေ့ဖို့ချိန်းဆိုပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးက ခမ်း (၁၆ နှစ်) နဲ့ သူ့သူငယ်ချင်းကို လာခေါ်သွားပါတယ်။ သူတို့ ဒီလို ထွက်သွားတာကို မိဘတွေ မသိလိုက်ကြပါဘူး။
“တစ်လ၊ နှစ်လလောက် အလုပ်အလုပ်လုပ်ပြီးရင် အိမ်ပြန်မယ်” ဆိုပြီး တွေးထားခဲ့တာလို့ ခမ်းက ပြန်ပြောပြပါတယ်။ (လက်တုံ့ပြန် အန္တရာယ်ပြုခံရခြင်းမှ ကာကွယ်ရန်အတွက် ဤဆောင်းပါးတွင် လူကုန်ကူးခံရသူများ၏ အမည်ရင်းများကို ပြောင်းလဲထားသည်။)
ဒါပေမဲ့ ခမ်းတစ်ယောက် အလုပ်မရခဲ့ပါဘူး။ တကယ်တော့ သူဟာ လူကုန်ကူးခံလိုက်ရတာပါ။ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသရဲ့တောင်ဘက် မိုင်နှစ်ရာ၊ လာအိုနိုင်ငံက သူ့အိမ်နဲ့ဆိုရင် မိုင်လေးရာလောက်ဝေးတဲ့ အဆောက်အအုံတစ်လုံးထဲမှာ ပိတ်လှောင်ခံခဲ့ရပါတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်၊ ညှဥ်းပန်းနှိပ်စက်ပြီး အင်တာနက်ပေါ်ကနေ ငွေလိမ်ပေးရတဲ့ အလုပ်ကို အတင်းအကျပ် လုပ်ခိုင်းခဲ့ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း အခုလို လူကုန်ကူး၊ လျှို့ဝှက်နေရာတွေမှာ ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မခိုင်းစေတဲ့ နေရာတွေ နယ်စပ်ဒေသမှာ အတော်များများ ပေါ်ထွက်လာပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ရာဇဝတ်ဂိုဏ်းတွေက အခုလိုနည်းလမ်းသစ်တွေသုံးပြီး စီးပွားရေးလမ်းကြောင်း ပြောင်းလာကြတာပါ။
လောလောဆယ် ရေပန်းစားနေတဲ့ လိမ်နည်းတစ်မျိုးကတော့ အွန်လိုင်းပေါ်ကနေ ရည်းစားစကားပြော၊ ချစ်သူဖြစ်အောင်လုပ်၊ ပြီးတော့မှ ရနိုင်သလောက်ရအောင် ငွေလိမ်ယူကြတဲ့နည်း ဖြစ်ပါတယ်။ ငွေရအောင် မလိမ်ပေးနိုင်ရင် ညှဥ်းပန်းနှိပ်စက်ခံရပါတယ်။
လာအိုနိုင်ငံ၊ လွမ်နမ်သာခရိုင်က ဆယ်ကျော်သက်လူငယ်တွေဖြစ်တဲ့ ခမ်းနဲ့ သူ့သူငယ်ချင်းတို့ လူကုန်ကူး ခံရတာကတော့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီမြို့တောင်ဘက် အတော်လှမ်းလှမ်းက “ကိုစိုင်းကာစီနို ” လို့ခေါ်တဲ့နေရာကိုပါ။
သူတို့နှစ်ယောက်က တွေ့ကြုံခံစားခဲ့ရတဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေကို RFA ကို ပြောပြခဲ့ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ ခန့်မှန်းချက်အရ လူကုန်ကူးမှု ကွန်ရက်ကြီးက အင်မတန်ကြီးမားပြီး အရှေ့တောင်အာရှမှာ တစ်နှစ်ကို လူ ၁၅၀,၀၀၀ ကျော် လူကုန်ကူးခံနေရတယ်လို့ဆိုပါတယ်။
ဒါဟာ မတော်လောဘနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ခမ်းတို့လို လူငယ်တွေရဲ့မိုဘဝတွေကို ရင်းပြီး ရာဇဝတ်မှုတွေကို အဆီးအတားမရှိ ကျူးလွန်ခွင့်ရနေကြတယ်ဆိုတာကို ဖော်ထုတ်ပြသနေပါတယ်။
ငွေရမယ်ဆိုတဲ့ ကတိ
ခမ်းတို့ နှစ်ယောက်ကို Facebook နဲ့ Messaging app ကနေ လှမ်းဆက်သွယ်ပြီး မျှားခေါ်လိုက်တာ ဖြစ်ပါတယ်။
ပညာသည်တွေ၊ အလုပ်သမားတွေအပါအဝင် လူငယ်တွေအားလုံးအတွက် တရားဝင်အလုပ်ခေါ်တာမျိုးလို့ ထင်ရအောင် ပိုပြီး အကွက်ကျကျ လိမ်ခေါ်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုလိမ်ခေါ်တဲ့အခါပေးမဲ့ လစာတွေက သံသယဝင်လောက်စရာ မတန်တဆ များနေပါတယ်။
အရှေ့တောင်အာရှ တစ်လွှားက ကာစီနိုမြို့အများစုဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျောထောက်နောက်ခံနဲ့ တည်ထောင်ထားပြီး တရားဥပဒေ လက်လှမ်းမီဖို့ခက်တဲ့ နယ်စပ်နေရာတွေမှာ လည်ပတ်နေကြပါတယ်။
၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကတော့ ထိုင်းနဲ့တရုတ်နိုင်ငံသားတွေ စနေ၊ တနင်္ဂနွေရက်အားမှာ လာကစားကြတဲ့ ကာစီနိုဝိုင်းတွေနဲ့ အွန်လိုင်းလောင်းကစားတာတွေပဲ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဖီလ်ရောဘတ်ဆန်က ပြောပါတယ်။
“အဲဒီနောက်မှာတော့ ရုတ်ခြည်းဆိုသလို ကိုဗစ်ဖြစ်လာတော့ (ကာစီနိုဝိုင်းတွေထောင်တဲ့) ဒီလူဆိုးဂိုဏ်းတွေက သူတို့ရဲ့ စီးပွားရေးကို ပုံစံပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ လုပ်လာတာက လူတွေကို အင်တာနက်ပေါ်ကနေ လိမ်လည်လှည့်ဖြားပြီး ငွေရှာတဲ့ အလုပ်ပါပဲ”
အခုအခါမှာတော့ ကမ္ဘောဒီးယားက သီဟာနုဗီလာနဲ့ ရွှေတြိဂံဒေသ လာအိုဘက်ခြမ်းက တွန်ဖန် (Tonpheung) မြို့စွန် မှာရှိတဲ့ လောင်းကစားမြို့တွေဟာ အလုပ်ရှာတဲ့ လူတွေကို လူကုန်ကူး ခိုင်းစေနေတဲ့နေရာတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။
အဲဒီမြို့တွေအပြင် ထိုင်း-မြန်မာ နယ်စပ်အပါအဝင် ဥပဒေစည်းမျဥ်းမရှိတဲ့ တခြားနေရာ အတော်များများမှာလည်း လူတွေကို အင်တာနက်ပေါ်ကနေ ငွေလိမ်တဲ့ “ကာစီနို” တွေ ရှိနေပါတယ်။ အဲဒီ ကာစီနိုတွေကို စစ်ဆေးကြပ်မတ်မှု ဘာမှ မရှိပါဘူး။
လာအိုကာစီနို တစ်ခုမှာ တရားဝင်အလုပ်တစ်ခုရနေတဲ့ ကီယို (၁၈ နှစ်)ကို လူတစ်ယောက်က WhatsApp ကနေ ဆက်သွယ်ပြီး ထိုင်းမှာ သွားလုပ်ရမယ့် အလုပ်တစ်ခုအတွက် တစ်လကို လာအိုသုံးငွေ ကစ် ၁၃ သန်း (၇၆၆ ဒေါ်လာ) အပြင် ဆုကြေးပါရမယ်၊ အလုပ်က ထွက်ချင်တယ်ဆိုလည်း ကြိုက်တဲ့အချိန် ထွက်နိုင်တယ်လို့ ပြောလာပါတယ်။
အလုပ်သစ်လုပ်ဖို့ နှစ်ရက်စဥ်းစားပြီး တတိယနေ့မှာတော့ ကီယိုက လုပ်မယ်လို့ ပြောလိုက်ပါတယ်။ လစာက ကောင်းတဲ့အပြင် ဆုကြေးလည်းရမယ်၊ ကိုယ်အိမ်ပြန်ချင်တဲ့အချိန်လည်း ပြန်နိုင်တယ်လို့ ပြောတာကြောင့် လုပ်မယ်လို့ ပြောလိုက်တာလို့ ကီယိုက ပြောပါတယ်။
အဲဒီနောက် လက်ရှိအလုပ်ရှင်ကို မိသားစုဆီ ခဏပြန်ဦးမယ်လို့ ခွင့်လိမ်တိုင်ပြီး အလုပ်က ထွက်လာလိုက်တယ်။
နောက် ရက်နည်းနည်းအကြာမှာ ကီယို နဲ့ သူ့ သူငယ်ချင်းနှစ်ယောက်ကို တိုယိုတာ ဗီဂို အမျိုးအစား အနက်ရောင် နောက်ဖွင့်ကားနဲ့ လာခေါ်ပါတယ်။ သူတို့ဟာ မဲခေါင်မြစ်ကို စက်လှေတစ်စင်းနဲ့ ကူးပြီး ထိုင်းကို သွားခဲ့ကြပါတယ်။
အင်တာနက်ပေါ်ကနေ ငွေလိမ်ခြင်း
အဲဒီစက်လှေပေါ်မှာပဲ သူဟာ လူကုန်ကူးခံလိုက်ရပြီ ကီယို သတိထားမိလိုက်ပါတယ်။ သူတို့ကို ခေါ်လာကြတဲ့ လူနှစ်ယောက်က လက်နက်တွေ ကိုင်ထားကြပါတယ်။ သူတို့အိမ်ပြန်ချင်ကြပေမဲ့ ‘အဲဒီလူတွေက သေနတ်တွေ၊ ဓါးတွေ ကိုင်ထားတဲ့အတွက် မပြောရဲသလို ရေထဲ ခုန်ဆင်းပြီးလည်း မပြေးရဲဘူး’လို့ ကီယိုကပြောပါတယ်။
“နောက်တော့ တစ်ယောက်က မိဘတွေဆီဖုန်းခေါ်မယ်ပြောတော့ အဲဒီလူတွေက စက်လှေပေါ်မှာ ဖုန်းမသုံးရဘူး လို့ ပြောတယ်။ ကျွန်တော်တို့ကို အန္တရာယ်ပြုမှာ စိုးတော့ ကျွန်တော်တို့လည်း မိဘတွေဆီ ဖုန်းမခေါ်ရဲတော့ဘူး။ အဲဒီတော့ ထိုင်းဘက်ရောက်တဲ့အထိ ငြိမ်ငြိမ်လေးပဲ နေလိုက်တော့တယ်”
ကီယိုရော၊ ခမ်းရောက သူတို့တစ်တွေကို ရွှေတြိဂံကနေ မိုင် ၃၀၀ လောက်ဝေးတဲ့ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ဆီ လူကုန်ကူးခံရတယ်လို့ RFA ကို ပြောပြပါတယ်။
ခမ်းဟာ ခရီးအဝေးကြီးကို လမ်းလျှောက်သွားခဲ့ရပြီး၊ ကီယိုကတော့ SUV တွေ တစ်စီးပြီး တစ်စီးပြောင်းပြီး နေ့ရော ညပါ မောင်းခေါ်သွားတယ်လို့ သူတို့က RFA လာအိုဌာနကို ပြောပြပါတယ်။ သွားနေရင်းသူတို့ဟာ မြန်မာနိုင်ငံထဲရောက်နေပြီလို့စိတ်ထဲထင်လာတယ်လို့ဆိုပါတယ်။ ထိုင်းလူမျိုးယာဥ်မောင်းက သူလည်းမသိဘူး လို့ ပြောပါတယ်။ အိမ်ပြန်ချင်ပေမဲ့ လက်နက်ကိုင်ထားသူနှစ်ယောက်ကစောင့်ကြည့်နေလို့ ပြန်လို့မရဘူးလို့ ကီယိုကပြောပါတယ်။
ရောက်စမှာ သူတို့ကို သုံးရက်လောက် အနီးအနား လည်ခွင့်ပေးပါတယ်။ ငွေလိမ်လို့ရမယ့် လူတွေကို ရှာဖို့ စာပို့လို့ရတဲ့ App တွေ၊ ပြောရမယ့် စကားတွေကို သင်ပေးတယ်လို့ ခမ်းက ပြောပါတယ်။
သူတို့လုပ်ရမှာက ထိုင်းနိုင်ငံက ချစ်သူရှာနေသူ အဖော်မဲ့တစ်ယောက်လို အင်တာနက်ကနေ အယောင်ဆောင်မိတ်ဖွဲ့ပြီး ဆက်ဆံရေးအတုတစ်ခု တည်ဆောက်ယူဖို့ ဖြစ်ပါတယ်။ အဲဒီနောက် အဲဒီလူကို ရင်းနှီးမြှုပ်နှံမှု ငွေစာရင်းအတုတစ်ခုမှာ ငွေထည့်ဝင်ဖို့ ဖိတ်ခေါပြီး အဲဒီငွေကို ယူလိုက်ဖို့ပါပဲ။
‘ကိုစိုင်းကာစီနို’ ကို ခမ်းက ဩဂုတ်လောက်နဲ့ ကီယိုကစက်တင်ဘာ ဝန်းကျင်လောက်မှာ ရောက်လာကြပြီး သူတို့နှစ်ယောက် ခရီးသွားဟန်လွဲ ဆုံဖြစ်ခဲ့ကြပါတယ်။
“ပထမလမှာ အဆင်ပြေကြပါတယ်။ ဖုန်းလည်း သုံးခွင့်ရတယ်။ ဒါပေမဲ့ နောက်လတွေကျတော့ ဖောက်သည် မရရင် ကျွန်တော်တို့ အရိုက်ခံရတယ်” လို့ ကီယိုက ပြောပါတယ်။
ငွေလိမ်လို့ရမယ့်လူတွေကိုရှာဖို့ သူတို့တစ်တွေကို မနက်စောစောကနေ ညသန်းခေါင်အထိ တစ်နေ့ကို ၁၆ နာရီ လောက် အခန်းတစ်ခန်းထဲမှာထိုင်ခိုင်းပြီး အတင်းအကျပ် လုပ်ခိုင်းတယ်လို့ သူက ပြောပါတယ်။
ခန်းမကြီးတစ်ခုထဲမှာ လူ ၅၀ လောက်ရှိပြီး လူ ၁၀ ယောက်ကနေ ၁၂ ယောက်အထိ အုပ်စုတစ်ခုစီဖွဲ့ပေးထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ပေးထားတဲ့ ပစ္စည်းတွေနဲ့ အလုပ်လုပ်ကြရပြီး သူတို့ကို ချုပ်နှောင်ခိုင်းစေထားသူတွေက ကွန်ပြူတာ ဖန်သားပြင်တွေကနေ စောင့်ကြည့်နေကြပါတယ်။
ဖောက်သည်တစ်ယောက်ရဖို့ သူတို့ကို သုံးရက်အချိန်ပေးကြောင်းနဲ့ မရရင် လေးရက်မြောက်နေ့မှာ ရိုက်နှက်ခံကြရတယ်လို့ ကီယိုက ပြောပြပါတယ်။
အရှေ့တောင်အာရှတစ်လွှားမှာရှိတဲ့ အင်တာနက်ကနေ ငွေလိမ်တဲ့ လုပ်ငန်းတွေက သူတို့ရဲ့ပစ်မှတ်တွေကို တစ်ကမ္ဘာလုံး ပတ်ရှာကြတာပါ။
ဒီလို ကျယ်ကျယ်ပြန့်ပြန့် ငွေလိမ်ဖို့အတွက် လူကုန်ကူးသူတွေဟာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အာဖရိကတိုက်အထိ လူတွေကို မှောင်ခိုကူးကြပါတယ်။
ပြည်တွင်း ဆူပူအုံကြွမှုတွေကြောင့်ရော၊ ထိုင်းက အိမ်နီးချင်းမြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထား ပြောင်းလဲလာတာကြောင့်ပါ ထိုင်း-မြန်မာနယ်စပ်မှာ တရားဥပဒေ စိုးမိုးအောင်လုပ်ဖို့ခက်နေပါတယ်။ ဒါကြောင့် ဒီနေရာဟာ လူဆိုးဂိုဏ်းတွေအတွက် သူတို့ ချုပ်နှောင်ခိုင်းစေနေသူတွေကို ဝှက်ထားဖို့ နေရာကောင်း ဖြစ်နေပါတယ်။
သောင်ရင်းမြစ်နံဘေး ကရင်ပြည်နယ်ထဲက စတုရန်းမိုင် ၁,၂၀၀ လောက်ရှိတဲ့ မြဝတီမြို့နယ်ကို ထိန်းချုပ်နိုင်အောင် သီးခြားပြည်နယ် ထူထောင်ဖို့ တိုက်ပွဲဝင်တောင်းဆိုနေတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပြိုင် ကြိုးစားနေကြပါတယ်။
ထိုင်း နဲ့ မြန်မာကို ပိုင်းခြားထားတဲ့ အဲဒီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့တွေ ရွာတွေကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခွဲတွေက အသီးသီးထိန်းချုပ်ထားကြပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ မြန်မာအစိုးရက လူကုန်ကူးမှု အဓိကလုပ်နေတယ်ဆိုတဲ့ ကာစီနိုလုပ်ငန်းတွေကို ပိတ်သိမ်းရေးအပါအဝင် ကရင်ပြည်နယ်မှာ လူကုန်ကူးမှုတွေကို တားဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။ မြဝတီမြို့က တရုတ်ကျောထောက်နောက်ခံ ရွှေကုက္ကိုမြို့ကို တရုတ်အုပ်စုတစ်စုနဲ့ ကရင်တိုင်းရင်းသား တပ်မှူးတစ်ဦးတို့ရဲ့ ငွေပင်ငွေရင်းတွေနဲ့ တည်ထားတာပါ။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်စိုးမိုးမှုကို လိုလားတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ စစ်ကောင်စီက ကာစီနိုလုပ်ငန်းတွေ လည်ပတ်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ကာစီနိုလုပ်ငန်းတွေကို နယ်ခြားတစ်ဖက်ကနေ လျှပ်စစ်မီးနဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ထောက်ပံ့ပေးနေတဲ့ ထိုင်းကုမ္ပဏီတွေကလည်း အာဏာသိမ်းမှု မတိုင်ခင်က ရပ်ထားခဲ့တဲ့ ဝန်ဆောင်မှုတွေကို ပြန်ပေးလာပါတယ်။
နယ်စပ်တစ်လျှောက် အခုလို လူကုန်ကူးပြီး လည်ပတ်နေကြတဲ့ လုပ်ငန်းတွေ ၂၀၊ ၃၀ လောက် ရှိတယ်လို့ HRW က ရောဘတ်ဆန်က ပြောပါတယ်။
“(ဒေသအာဏာပိုင်တွေက) စစ်ကောင်စီရဲ့ မဟာမိတ်တွေဆိုတော့ အခြေခံအားဖြင့်တော့ ဒီလုပ်ငန်းသမားတွေကို လုပ်ချင်သလို လုပ်ခွင့်ပေးထားတယ်။ သူတို့ လုပ်သမျှ အာဏာပိုင်တွေက မျက်စိ မှိတ်ထားကြတယ်။ ဒီလုပ်ငန်းတွေကနေ လာဘ်ငွေလည်း ရချင်ရနေမှာကိုး”
လောလောဆယ် “ကိုစိုင်းကာစီနို ”မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် လာအိုလူငယ်တွေရဲ့ မိဘတချို့က RFAကို ပို့ပေးတဲ့ တည်နေရာ မြေပုံကိုဩဒိနိတ်တွေအရ အဲဒီနေရာဟာ ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် မိုင် ၂၀ လောက်မှာ ရှိတဲ့ ကုန်လှောင်ရုံတစ်ခုလို့ ယူဆရတဲ့နေရာ ဖြစ်ပါတယ်။
အဲဒီနေရာကို KNU ခွဲထွက် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) က ဗိုလ်မှူးချုပ် စိုင်းကျော်လှက ထိန်းချုပ်ထားတာလို့ ဒေသခံတွေက RFA မြန်မာဌာနကို ပြောပါတယ်။
မြန်မာလို လေးစားသမှုနဲ့ “ကို” ဆိုတဲ့ စကားလုံးရယ်၊ စိုင်းကျော်လှ နာမည်က “စိုင်း” ဆိုတဲ့ စကားလုံးရယ်ကြောင့် လာအိုဆယ်ကျော်သက်တွေက သူတို့ကိုချုပ်နှောင်ထားတဲ့ နေရာကို “ကိုစိုင်း ကာစီနို ” လို့ သိနေတာ ဖြစ်နိုင်ပါတယ်။
RFA က DKBA အဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မသိရှိကြောင်း ငြင်းဆိုပြီး ဒီနယ်မြေဟာ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိကြောင်း ပြောပါတယ်။
လူကုန်ကူးခံရတဲ့ ကာစီနိုလောင်းကစားရုံတွေနဲ့ ပတ်သက်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောစိန်ဝင်းက… “ကျွန်တော်တို့ဒေသမှာ ဒီလိုမျိုးတွေကို ခွင့်ပြုမထားပါဘူး” လို့ ပြောပါတယ်။
ပြန်ပေးဆွဲ
“ကိုစိုင်းကာစီနို” မှာ ချုပ်နှောင်ခံထားရသူ အများစုက ဆယ်ကျော်သက် လာအိုလူမျိုးတွေဖြစ်ပေမယ့် အသက်နည်းနည်းပိုကြီးတဲ့ တရုတ်လူမျိုး အနည်းဆုံး ၁၂ ယောက်လောက်ရှိသေးတယ်လို့လည်း ပြန်လွတ်လာသူ တစ်ယောက်က ပြောပါတယ်။
အစမှာ ကီယိုက လူနည်းနည်းဆီကနေ ငွေလိမ်နိုင်ခဲ့ပြီး နောက်ပိုင်းကျတော့ လိမ်ဖို့ လူသစ်တွေ ရှာရခက်လာပါတယ်။ သုံးလလောက်ကြာတော့ သူ့ကို ရောင်းပစ်မယ်လို့ ပြောလာတယ်။
အဲဒီအချိန်မှာ သူ့ကို ချုပ်နှောင်ထားတဲ့ အလုပ်ရှင်က အိမ်ကို ဖုန်းခေါ်ခွင့်ပေးပြီး ထိုင်းဘတ်ငွေငါးသိန်း (ဒေါ်လာ ၁၄,၅၀၀) ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောခိုင်းတယ်။ ငွေမပေးရင် သူ့ကို ရှင်ရှင်သေသေ ရောင်းပစ်မယ်လို့ ပြောပါတယ်။
သူ့ မိဘတွေက ဈေးဆစ်ရင်း ဘတ်နှစ်သိန်း (ဒေါ်လာ ၅,၈၀၀) နဲ့ သဘောတူညီမှု ရခဲ့ကြပါတယ်။
ခမ်းကတော့ ထိုင်းစကား သိပ်မပြောတတ်တာကြောင့် ငွေလိမ်တောင်းတာမှာ မအောင်မြင်တော့ ထပ်ခါထပ်ခါ အပြစ်ပေးခံရပါတယ်။ ကျဉ်စက်နဲ့ အတို့ခံရလို့ သူ့ကိုယ်ခန္ဓာမှာရတဲ့ ဒဏ်ရာတွေအပါအဝင် သူနှိပ်စက်ခံရတဲ့ ပုံတွေကို RFA ကို ပို့ပေးခဲ့ပါတယ်။ အတော်ကြာတော့မှ ခမ်းကို ချုပ်နှောင်ထားသူတွေက သူ့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ချုပ်နှောင်ထားသူတွေရဲ့ မိဘတွေဆီ ဖုန်းခေါ်ခိုင်းပြီး ဘတ်ငွေငါးသိန်းပေးရင် ပြန်လွှတ် ပေးမယ်လို့ ပြောခိုင်းတဲ့အတွက် ခမ်းမိသားစု အပါအဝင် တချို့က ပေးရမယ့်ငွေကို ညှိနှိုင်းခဲ့ကြပါတယ်။
ခမ်း၊ ကီယိုနဲ့ တခြား လူလက်တစ်ဆုပ်စာလောက်ဟာ ဒီနှစ်ဆန်းမှာ အိမ်ပြန်နိုင်ခဲ့ကြပါတယ်။
ကူရာကယ်ရာမဲ့
RFA နဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ လာအိုနဲ့ မြန်မာအရာရှိတွေက လူကုန်ကူးမှုဟာ ပြဿနာတစ်ရပ်ဆိုတာကို အသိအမှတ်ပြုကြပေမဲ့ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ဟန့်တားအရေးယူရ ခက်နေတယ်လို့ ပြောကြပါတယ်။
“အကြမ်းဖက် စစ်ကောင်စီက ဒါတွေကို အရေးယူရမယ့်အစား ဒီလိုဥပဒေမဲ့ ပြုကျင့်မှုတွေကို ကျူးလွန်ခွင့် ပေးထားတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
လာအိုအစိုးရ အရာရှိတွေကတော့ မြန်မာစစ်ကောင်စီနဲ့တွေ့ပြီး ‘ကိုစိုင်းကာစီနို ’ တည်နေရာကို အသိပေးအကြောင်းကြားထားကြောင်း ပြောပါတယ်။
ဒါပေမဲ့ အဲဒီနေရာမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ကရင်ပြည်နယ် အာဏာပိုင်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အာဏာပိုင်တွေ မသွားနိုင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးက RFA လာအိုဌာနကို ပြောပါတယ်။
“ကျွန်တော်တို့ အဲဒီကို ဘယ်တော့ သွားနိုင်မယ်ဆိုတာ မပြောတတ်ဘူး။ ဒေသန္တရ အာဏာပိုင်တွေကို ကျွန်တော်တို့က မေးကြည့်တော့ လာအို အလုပ်သမားတွေက နိုင်ငံကူးလက်မှတ်မပါဘဲ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဆိုတော့ ခြေရာခံလိုက်ရတာ ခက်နေတယ်လို့ သူတို့ကပြောကြတယ်”
ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံးက အာဏာပိုင်တွေဟာ လူကုန်ကူးမှုကို အကူအညီပေး အားပေးအားမြှောက် လုပ်နေကြောင်း ပြန်လွတ်လာသူတွေရော၊ HRW က ရောဘတ်ဆန်တို့ကပါ ပြောပါတယ်။
ချုပ်နှောင်ခံထားရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ယောက်ပါဝင်ပြီး “ကိုစိုင်းကာစီနို” မှာ အခုချိန်အထိ ရှိနေသေးတယ်လို့ ယူဆရတဲ့ တခြားဆယ်ကျော်သက်တွေရဲ့ မိဘတွေနဲ့အတူ အဲဒီကလေးရဲ့ မိခင်က RFA လာအိုဌာနကို ဆက်သွယ်ခဲ့ပါတယ်။
အဲဒီမှာအခုအထိ ချုပ်နှောင်ခံထားရသူတစ်ဦးကလည်း ဒီလအစောပိုင်းက RFA ကို ဆက်သွယ်လာပါတယ်။ သူ့ကို လာအိုရဲနဲ့ စစ်သားတွေရှေ့မှာပဲ ဖမ်းဆီးပြီး ကာစီနိုလောင်းကစားရုံကို ပို့လိုက်တာဖြစ်ကြောင်း သူက RFA ကို စာရေးခဲ့ပါတယ်။
သူ့စာအရ ထိုင်းရဲတွေကတော့ တရုတ်လူကုန်ကူးသမားတွေဆီကနေ လာဘ်ငွေ ရယူနေကြပါတယ်။
“ကျွန်တော်တို့ ဘယ်မှာရှိတယ်ဆိုတာ ရဲက သိပါတယ်။ ဘာလို့ လာမကယ်တာလဲ မသိဘူး” လို့ စာထဲမှာ သူက ရေးထားပါတယ်။