ပြဿနာပေါင်းများစွာရှိနေသေးတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း
2017.02.17
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်တို့ လုပ်ကိုင်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပြဿနာပေါင်းများစွာရှိခဲ့ပြီး ပြဿနာတွေအတော်များများကို အစိုးရသစ်လက်ထက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြေယာလျော်ကြေးပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒေသခံတွေကတော့ တိုင်းဒေသကြီးအစိုးရဟာ ဒေသခံတွေဘက်က ရပ်တည်ခြင်းမရှိလို့ ပြောဆိုနေပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။
လက်ပံတောင်းတောင်ဒေသက ပြဿနာတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အချိန်တွေကတည်းက အရှိန်တက်လာခဲ့တာပါ။ အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီအပြင် ဦးပိုင်ကုမ္ပဏီတို့ ဘယ်လိုစာချုပ်မျိုး ချုပ်ဆိုပြီး ဘယ်လိုအကျိုးအမြတ်တွေ ခွဲဝေယူသလဲဆိုတဲ့အပိုင်းဟာ ဘယ်သူ့မှ မသိရတဲ့အပိုင်း ဖြစ်နေပါတယ်။
တစ်ခါ ဒေသခံတွေရဲ့ မြေယာတွေအသိမ်းခံခဲ့ရတာမှာ တောင်သူတွေ မခံမရပ်နိုင်ဖြစ်ခဲ့ကြရပါတယ်။ ၂၀၁၂ ခုနှစ် အချိန် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြဿနာတွေဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းခဲ့ရာမှာ သံဃာတော်အများအပြား မီးလောင်ပြီး ဒဏ်ရာအကြီးအကျယ် ရရှိခဲ့ကြပါတယ်။ အလားတူ ၂၀၁၄ ဒီဇင်ဘာလ ဆန္ဒပြပွဲမှာ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့ရပါတယ်။
လက်ပံတောင်းတောင် ပြဿနာနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာတင်ခဲ့ပြီးတဲ့နောက် အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ အဖွဲ့က ဆက်လက်ဆောင်ရွက်ပေမယ့် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ၂၀၁၆ခုနှစ် အစိုးရသစ်တက်လာပြီးနောက် ၂၀၁၆ မေလမှာ စာချုပ်အသစ်ပြန်လည်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ စာချုပ်အရ နိုင်ငံတော်ဘက်က အကျိုးအမြတ် ၅၁% အထိ ရရှိလာခဲ့ပေမယ့် မြေတွေအသိမ်းခံရပြီး မြေယာလျော်ကြေးမယူတဲ့ တောင်သူတွေရဲ့ ပြဿနာကတော့ ပြီးပြတ်ခြင်းမရှိခဲ့ပါဘူး။
မြေယာလျော်ကြေးမယူဘဲ တင်းခံနေသူတွေဟာ ဒေသတွင်းရှိတောင်သူတွေရဲ့ ၄၀% လောက် ရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့လက်ရှိအခြေအနေဟာ အတော်လေးကို ဆိုးဝါးတယ်လို့ ဆိုပါတယ်။ ဝက်မှေးရွာက မသွဲ့သ့ွဲဝင်းပြောပြတာက
“တကယ် တကယ်ကို စုတ်ပြတ်သပ်နေတာကတော့ ဆည်တဲတို့ မိုးကြိုးပြင်ရွာတွေဘဲ ဆည်တဲက မရီရီဝင်းတို့ဆို ၂၀၁၂ ကထဲက လုပ်စားလို့ မရတာ ခုချိန်ထိ။ ရှိတဲ့ပစ္စည်းရောင်းစားတယ် သူတို့ခမျာ မလုံလောက်ကြဘူး၊ ကျောင်းသားကျောင်းသူတွေ အတွက်သူတို့ ရင်ဆိုင်နေရတယ်၊ မိုးကြိုးပြင်ရွာ အဲသလိုဘဲရင်ဆိုင်နေရတယ်၊ သီးနှံလျော်ကြေးလဲမပေးဘူး၊ လုပ်စားစရာ မြေယာလည်းမရှိဘူး”
မြေသိမ်းခံတောင်သူတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ လွှတ်တော်က ကိုယ်စားလှယ်တွေပါတဲ့ တစ်လတစ်ကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပတယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရဘက်က အဆုံးအဖြတ်ပေးနိုင်သူ မတက်ရောက်လာဘူးလို့ ဇန်နဝါရီလ ၁၃ ရက်နေ့ အစည်းအဝေးအပြီး တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်က ဒေါက်တာသိန်းနိုင်က ပြောပါတယ်။
“ကုမ္ပဏီပိုင်းကတော့ အခုယူရင် ဒီနှစ်ကစပြီး ထောက်ပံ့ကြေးပေးမယ်၊ နဂိုဟာတွေ ပြန်မပေးဘူးဆိုတော့ မြေသိမ်းခံရတဲ့သူအချင်းချင်း ခွဲခြားဆက်ဆံသလိုဖြစ်နေတယ်။ ကုမ္ပဏီ ဥပဒေကို ကျနော်တို့က လိုက်နာရမှာလား၊ အစိုးရမရှိတော့ဘူးလား၊ ဒီအစည်းအဝေးမှာ အစိုးရကဘာလုပ်မှာလဲ၊ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ကျနော် အဲဒီကိစ္စမေးတယ်။ ခက်တာက တကယ်လာရမှာက နောက်ဆုံး ဆုံးဖြတ်ချက်ပေးနိုင်တဲ့ တိုင်းဒေသကြီးရဲ့ အကြီးအမှူး၊ ပြည်ထောင်စုအစိုးရရဲ့ ကက်ဘိနက်အဖွဲ့ဝင် တိုင်းဝန်ကြီးချုပ်က တစ်ခေါက်မှ မလာတော့ ကျနော်တို့ ဘာမှလုပ်မရဘူးနော့်။ သူလာရမယ် သူဆုံးဖြတ်ချက်ပေးရမယ်။ ပြည်သူလူထုကိုယ်စားပြုပြီး ဒါကတော့ Capital ထဲက ပေးရမယ်သူ စီမံခန့်ခွဲရမှာ၊ သူမလာတော့ ဆုံးဖြတ်ချက်ကမပြီးတော့ ဒီလိုနဲ့ဘဲ လတွေရွေ့ကုန်တယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်ကလည်း တိုင်းအစိုးရဟာ နစ်နာရသူ တောင်သူတွေဘက်က လိုက်ပါခြင်းမရှိဘူးလို့ ပြောဆိုပါတယ်။ မသွဲ့သွဲ့ဝင်းပြောတာက
“စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ဘာဖြစ်လို့ အလုပ်မလုပ်ချင်တာလဲပေါ့၊ ဘယ်လောက်တောင်မှ အလုပ်မလုပ်လဲဆိုရင် ဝမ်ပေါင်တို့ ဦးပိုင်တို့က ပြောထားတယ်၊ တိုင်းဒေသကြီး အစိုးရခိုင်းသမျှ လုပ်ပါမယ်ဆိုပြီး တရားဝင်စာထွက်ထားတာရှိတယ်။ အဲဒီအစိုးရက ခုချိန်အထိလောက်မှ ခေါင်းလာမပြူတာ ကျမတို့ အဆိုးဆုံးဖြစ်နေတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မေးကြည့်ရာမှာ အစည်းအဝေး အတွက် ဖိတ်စာမရရှိလို့ ပြောပါတယ်။ ဒါ့အပြင် လက်ပန်းတောင်းတောင်ပြဿနာနဲ့ ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမြင့်ကြီးကို တာဝန်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။ စည်ပင်ဝန်ကြီး ဦးမြင့်ကြီးကို ဆက်လက်မေးမြန်းတဲ့အခါမှာ ၁၃ ရက်နေ့ အစည်းအဝေးကို မိမိတက်ရောက်ခဲ့ပါတယ်လို့ ဆိုပါတယ်။ အဓိကပြဿနာဟာ မြေယာလျော်ကြေး မယူရသေးတဲ့သူဟာ လျော်ကြေးပြန်ယူဖို့ အစီအစဉ်ရှိပြီး ဒေသတွင်းလျော်ကြေးစပေးတဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ backpay နဲ့ ပြန်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် တိုင်းဒေသကြီးအစိုးရမှာလည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ဦးမြင့်ကြီးပြောတာက
“အခုသူတို့ အရင်တုန်းက မယူတဲ့သူတွေက အခုယုူမယ်ဆိုရင် သူတို့ အရင်က မယူခဲ့တဲ့ နှစ်ကာလက ဟာတွေကိုတော့ သူတို့ပေးမလား မေးရော၊ မေးတော့ ကုမ္ပဏီက ရှင်းပြတယ်၊ ဒါတွေက နဂိုကထဲက တပြေးညီခံစားခွင့် အကုန်ပေးတယ်။ အဲဒီတုန်းကယူလိုက်ရင်လည်းပေးမှာ သူတို့က မြေယာလျော်ကြေးယူတဲ့နေ့ကစပြီး ၇၀ ဆိုတဲ့ ဟာကို ပေးမှာ၊ သူတို့ကပြောတဲ့အခါကျတော့ အဲဒါတွေကပေးလို့ မရပါဘူးတဲ့။ နဂိုတုန်းက စီမံခန့်ခွဲမှုကို မလိုက်နာတဲ့အတွက် သူတို့ရဲ့ ချွတ်ယွင်းချက်ပဲပေါ့၊ ဒီနေ့ယူရင် ဒီနေ့ပေးပါမယ်ပေါ့၊ အဲဒီတော့ ကိုသိန်းနိုင်က ထမေးတယ်။ အဲဒါဆိုသူတို့ နစ်နာတာပေါ့တဲ့၊ နစ်နာအောင်လုပ်တာက သူတို့က လုပ်တာမဟုတ်ဘူး၊ ဒီနေ့မှာယူမယ်ဆိုရင် ဒီနေ့မှ စပေးမယ်၊ ကျနော်တို့ကလည်း back payနဲ့ ပေးပါလို့ အစိုးရက ဆုံးဖြတ်လို့ ရတာမဟုတ်ဘူး၊ ဒါကိုပြည်ထောင်စုကို တင်ရမယ်လေ၊ ကျနော်တို့လည်းပြောတယ် ပြည်ထောင်စုကို တင်ပေးမယ်လို့ စာချုပ်က နိုင်ငံတော်က ချုပ်တဲ့စာချုပ်လေ”
တဆက်တည်း အခုအစိုးရဆက်လက်လုပ်ဆောင်နေတဲ့ ကိစ္စတွေဟာ အရင်ကရှိနေတဲ့ ပြဿနာတွေကို ရှင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“တကယ်တမ်းကျတော့ ကျနော်တို့ လက်ရှိအစိုးရက ဘာလဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရ လုပ်သွားတာတွေက ကမောက်ကမ လုပ်သွားတာတွေကို ကျနော်တို့က ဖြေရှင်းနေရတာ မြေယာလျော်ကြေးပေးတယ် ဆိုတာမှာ သူတို့ ပေးချင်ရာလူတွေ ပေးသွားတယ်။ တချို့ဆိုရင် မမှန်တဲ့နည်းလမ်းတွေနဲ့ နီးစပ်ရာ မြေမရှိတဲ့သူတွေ၊ ဒါမျိုးတွေက ဖြေရှင်းနေရတယ်လေ။ ဥပမာတစ်ခုပြောမယ် ဦးဖြူရဲ့ မြေ ၁၀ ဧက သိမ်းသွားတယ်၊ ဒါပေမဲ့ လျော်ကြေးပေးတဲ့အခါမှာ သားမက်က ထုတ်ချင်ထုတ်သွားတယ်၊ ဒါမှမဟုတ် ဦးဖြူရဲ့ ညီက ထုတ်ချင်ထုတ်သွားတယ်၊ ဒီနေ့ကျမှ ဦးဖြူက သူမရတဲ့အခါကျ ပြဿနာက တက်ရော၊ ဒီကိစ္စတွေကအစ ကျနော်တို့ ဖြေရှင်းပေးနေရတယ်”
စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးမြင့်ကြီး ပြောပြတာပါ။ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကို တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆက်လက်တင်ပြပေးမယ်လို့လည်း ပြောပါတယ်။ ဒေသခံတွေကတော့ လစဉ်ပြုလုပ်နေတဲ့ အစည်းအဝေးတွေမှာ ဒေသခံတွေရဲ့ နစ်နာချက်တွေကို တင်ပြခွင့်ရဖို့ အစည်းအဝေးတက်ရောက်ခွင့်အပြင် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာဘဲ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ကျန်နေသေးတဲ့ မြေယာတွေကို ဆက်လက်ခတ်ဖို့ အစီအစဉ်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်ခင်ဗျား။