ထိုင်းရောက် မဲဆန္ဒရှင် ထက်ဝက်နီးပါး ကြိုတင်မဲ မပေးနိုင်ခဲ့
2020.10.20
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲထည့်တာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ တခြားပြည်ပနိုင်ငံတွေထက် ကြိုတင်မဲပေးပိုင်ခွင့် ရရှိပေမဲ့ လာရောက် မထည့်နိုင်တဲ့ မဲဆန္ဒရှင် ထက်ဝက်လောက်ရှိနေပါတယ်။
၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြို တင်မဲပေးတာ ပြီးဆုံးခဲ့သလို ထိုင်းနိုင်ငံ ရောက် မြန်မာပြည်သားတွေလည်း အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၈ ရက်နေ့ ကြို တင်မဲတွေ ပေးခဲ့ပြီးပါပြီ။ ကပ်ရောဂါကာလ သွားလာမှု ကန့်သတ်မှု၊ ဘန်ကောက်မြို့ ပေါ်က နိုင်ငံတကာ အာရုံစိုက်နေတဲ့ ဆန္ဒပြပွဲကြီးတို့ကြောင့် မဲမပေးနိုင်ခဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။
ကြိုတင်မဲပေးခွင့်ရဖို့ ပုံစံ ၁၅ ဖြည့်ပြီး စာရင်းသွင်းကြသူ အရေအတွက် ၃ သောင်း ၇ ထောင်ကျော် ရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိတာကြောင့် မဲပေးဖို့ စာရင်းသွင်းသူက ၁ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ ။ အဲဒီထဲမှာ ဘန်ကောက်ဝန်းကျင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေ ၃ သောင်း ၆ ထောင်ကျော်ပါဝင်ပေမဲ့ ထက်ဝက်ကျော် မဲမပေးနိုင်ခဲ့ပါဘူး။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲဆန္ဒရှင် ၁၀၀ ကျော်တို့ဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ကြိုတင်မဲသွားပေးဖို့စီစဉ်ခဲ့ပေမဲ့ ကပ်ဘေးကာလ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာမှု တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားတာကြောင့် အစီအစဉ် ပျက်သွားတယ်လို့ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။
“ တထောင်ကျော်လောက်တော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ် ကျနော်နဲ့သွားမယ် ဆိုပြီးတော့ သွားခါနီး စာရင်းလာပေးတာကတော့ သွားဖို့ အခက်အခဲရှိလို့ ကျနော်ဆီ စာရင်းလာပေးတာကတော့ ၁၀၀ ကျော်ပဲ ရှိတယ်ပေါ့နော်။ အဲဒါကတော့ ကျနော်တို့ ဆောင်ရွက်သေးတယ်။ လောလောဆယ်မှာက ဒီဘန်ကောက်ကို ကျန်းမာရေး ကန့်သတ်ချက်တွေအရ ဘယ်လိုမှ တက်ဖို့ မလွယ်ဘူး။ လော့ဒေါင်းလည်း မိနေတယ်။ အပေါ်ကို အတက်မခံဘူး။ ခွင့်ပြုမိန့်မရဘူး ဖြစ်သွားတာပေါ့ ”
မဲသွားမထည့်နိုင်ခဲ့တဲ့ မဲဆောက်မြို့က မြန်မာလုပ်သား တစ်ရာကျော်ဟာ မဲပေးနိုင်ခွင့်ရဖို့ ပုံစံ ၁၅ ဖြည့်ထားပြီး မြန်မာသံရုံးရဲ့ အကူအညီနဲ့သွားဖို့ ပြင်ဆင်ထားပေမယ့်လည်း ကြိုတင်မဲထည့်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။
“စက်ရုံလုပ်ငန်းခွင်မှာ အလုပ်လုပ်ပြီးတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ နဂိုမူလ သူတို့ သတ်မှတ်ထားတဲ့ ကြေညာတာရှိတယ် ၊ ဘယ်နေ့မှာ လာထည့်မယ်ဆိုပြီ။ အဲဒီလို မထည့်နိုင်တဲ့ ကျန်ခဲ့တဲ့ အလုပ်သမားတွေ အကုန်လုံးကို ၁၄၊ ၁၅ ရက်မှာ စီစဉ်ပြီးပို့မယ်ဆိုပြီးတော့ ဖြစ်ချင်တော့ ဘန်ကောက်မှာ ဆန္ဒပြတယ်။ မဲဆောက်မှာလည်း ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးတော့ တက်လာတယ် ပေါ့နော်။ ရုတ်တရက် နယ်စပ်က ခရီးသွားလာခွင့် ကန့်သတ်တာတွေ ထိုင်းက ထုတ်တဲ့အခါကြတော့ ညှိလို့မရတော့ဘူး။ အဲဒီလို အခြေအနေမှာ ဖြစ်သွားတာပေါ့ ”
မဲ ရုံတည်ရှိတဲ့နေရာက အလုပ်သမားတွေနဲ့ အလှမ်းဝေးတာ ၊ ကြိုတင်မဲပေးကာလအတွင်း လုပ်ငန်းခွင်ကနေ ထွက် ခွင့် မရတာတွေကြောင့် မဲပေးဖို့ဆုံးရှုံးခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
မလေးရှားနိုင်ငံမှာတော့ ထိုင်းနဲ့အခြေအနေ မတူပါဘူး။ မြန်မာနိုင်ငံသား ၅ သိန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ မဲဆန္ဒရှင် ခြောက်ထောင်ကျော် (၆၂၀၀ ဦး) ထဲက သုံးထောင်ကျော် (၃၈၈၆ ဦး) ကြိုတင်မဲ ထည့်နိုင်ခဲ့တယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ဒေသတချို့ မှာ သွားလာမှု ကန့်သတ်ထားတဲ့အတွက် ကြိုတင်မဲတွေ လာမထည့်နိုင်တဲ့ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။
“ အခက်အခဲအချို့က ဒီကာလ ကိုဗစ်ဖြစ်နေတဲ့ကာလဆိုတော့ တချို့စက်ရုံက မလွှတ်တာလည်းပါတယ်။ တချို့ ဝေးလို့ သံရုံးကို မလာနိုင်တဲ့လူတွေလည်းပါတာပေါ့နော်။ အခုတော်တော်များများ လာကြတာတွေက လူမှုအဖွဲ့အစည်းတွေက ဝိုင်းဝန်းကမကထပြုပြီးတော့ လာ ကြတဲ့လူတွေက နည်းနည်း လေး အရေအတွက်က ပိုများတယ်။ ၂ ထောင်ကျော်လောက် ကျန်ခဲ့ပါတယ်။ မဲက နည်းနည်းရှုံးသွားတယ်လို့ ပြောရမှာပေါ့နော် ”
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲ လာပေးသူ ၅၀၀ လောက်သာ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီနှစ်မှာ မဲဆန္ဒရှင် ၃ ပုံ ၂ ပုံလောက် မဲလာပေးတာဟာ ကောင်းတဲ့ရလဒ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ စင်ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန်တွေနဲ့ အမေရိကန်နိုင်ငံတွေမှာ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၈ ရက် အတွင်း ကြိုတင်မဲတွေ ပေးခွင့်ရခဲ့ကြပါတယ်။
အဲဒီထဲမှာ အတက်ကြွဆုံးကတော့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပါပဲ။ ဒီနှစ် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ သုံးသောင်းကျော် (၃၃၄၂၈) ဦး ထဲက နှစ်သောင်းကျော် (၂၉ ၆၅၆) ဦး မဲလာပေးခဲ့ကြလို့ ၈၉ ရာခိုင်နှုန်း ကြိုတင်မဲပေးနိုင်ခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံ မြန်မာသံရုံးက အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တောင်ကိုးရီးယားရောက် မြန်မာပြည်သား သုံးသောင်းဝန်းကျင်မှာ တသောင်းကျော်က မဲထည့်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ မဲထည့်နိုင်သူ ကိုးထောင်ကျော် (၉၈၉၃ ဦး) ထဲ က ခုနှစ်ထောင်ကျော် (၇၈၇၈ဦး) ဦး မဲလာထည့်ခဲ့တယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံးက အောက်တိုဘာလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ မဲထည့်မယ်ဆိုပြီး စာရင်းပေးထားသူတွေရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
တောင်ကိုးရီးယားနိုင်ငံရောက် မဲဆန္ဒရှင်တွေရဲ့ စိတ်အားထက်သန်မှုကြောင့် အခုလို ကြိုတင်မဲ အများအပြား ရရှိတာလို့ ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီရဲ့ တာဝန်ခံ ဦးဝင်းပေါ်မောင်က ပြောပါတယ်။ မဲလက်မှတ် ၂၀၀၀ ကျော် မဲမထည့်နိုင်ခဲ့တာက တချို့မဲဆန္ဒရှင်တွေက မြန်မာပြည် ပြန်သွားကြသူတွေနဲ့ အများစုက အလုပ်မအားတာကြောင့်နဲ့ မဲပေးဖို့ အလှမ်းဝေးတဲ့အတွက် လာရောက်မထည့်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးဝင်းပေါ်မောင်က ပြောပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင် ရှစ်ထောင်ကျော်(၈၁၆၂) ဦးထဲက ငါးထောင်ကျော် (၅၉၃၅) ဦး မဲထည့်နိုင်ခဲ့လို့ တိုကျိုမြို့ မြန်မာသံရုံးက အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါဟာ မဲထည့်ခွင့်ရှိသူရဲ့ ၇၂ ရာခိုင်နှုန်းကျော် ပါတယ်။
ကပ်ဘေးကာလမှာ အခက်အခဲတွေကြားက ကြိုတင်မဲကောက်ခံမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။
-------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)