ရခိုင်မောင်တောပြဿနာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု
2016.11.08
ရခိုင်မောင်တောပြဿနာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု
ရခိုင်မောင်တောပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပြန်ရုပ်သိမ်းရေးအထိ ခြိမ်းခြောက်ဖိအားပေးလာနိုင်သလားဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
~~~~~~~~~~~~~
သောတရှင်များခင်ဗျား
မောင်တောဒေသမှာ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခံရမှုပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်အတွက် နိုင်ငံတကာရဲ့ဖိအားနဲ့ အကြီးမားဆုံး ရင်ဆိုင်ရမယ့် လမ်းစသစ်အဖြစ် နဖူးတွေ့ ဒူးတွေ့ စတင်ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
မောင်တောပြဿနာဟာ တကယ်တော့ လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းပေးဖို့အထိ တောင်းဆိုခြိမ်းခြောက်မှုတွေ ကျယ်ပြန့်လာနေတာပါ။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် ကျီးကန်းပြင်၊ ကိုးတန်ကောက်နဲ့ ငါးခူရနယ်မြေရုံးတွေကို အောက်တိုဘာ ၉ ရက် မနက်ခင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး လက်နက် ၄၈ လက်၊ ကျည် ၆ ထောင်ကျော်၊ လှံစွပ် ၅၀ နီးပါး၊ ကျည်အိမ် ၁၆၀ ကျော် ပါသွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အကြမ်းဖက်သမားတွေဘက် ၈ ဦးကျဆုံးပြီး၊ ၂ ဦးကို အရှင်လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် မြန်မာလူထုအများစုက နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးမှုလို့ ထင်မြင်ခဲ့ကြပေမယ့်လည်း ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစိုးရအာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ BROUK (Rohingya President of Burmese Rohingya Organisation UK) အဖွဲ့ဥက္ကဌ ဒေါက်တာထွန်းခင်ကဆိုရင် ဒီမောင်တော ဖြစ်ရပ်ဟာ NLD အစိုးရနဲ့ စစ်တပ်ရဲ့ တမင်တကာဖန်တီးလုပ်ဆောင်တဲ့ လှည့်ကွက်တစ်ခုအဖြစ် သံသယရှိကြောင်း ပြောပါတယ်။
“ဒါက တဖက်ကနေ အစိုးရက လှည့်ကွက်တစ်ခုဆင်သလားလို့ ကျွန်တော်တို့အနေနဲ့ ဒါကိုလည်း သံသယဖြစ်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရိုဟင်ဂျာလူမျိုးတွေက နှစ်ပေါင်းများစွာ ဒီလိုအကျဉ်းစခန်းထဲမှာ နေရတဲ့အခြေအနေတစ်ခုမှာ ဒီလိုမျိုး စခန်းကို တိုက်မယ်ဆိုပြီးတော့၊ တိုက်တယ်ဆိုတဲ့ဟာတစ်ခုက တုတ်တွေ လက်နက် ဓါးတွေနဲ့ တိုက်ပြီးတော့ လက်နက်တွေ ယူသွားတယ်ဆိုတာ ဒါကြီးကတော်တော်လေးကို စဉ်းစားစရာဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒါကိုတောင်းဆိုထားတာက နိုင်ငံတကာကနေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို စေလွှတ်ပြီးတော့မှ ဒါကို သေသေချာချာ အစီရင်ခံစာ ထွက်လာမှ ကျွန်တော်တို့ ပြောလို့ရမယ်ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုမြန်မာအစိုးရအနေနဲ့ ကြမ်းကြမ်းတမ်းတမ်း ဒါကတော့ အကြမ်းဖက်သမား ဘာညာပုံစံအသွင်ဆိုပြီးတော့ ပြောတာတွေက ဒါက ကျွန်တော်တို့ ယုံလို့ မရဘူးခင်ဗျ။”
“တဖက်ကနေ ဒါက ဖြစ်နိုင်တာက မြန်မာအစိုးရရဲ့ လှည့်ကွက်ဆိုတဲ့ဟာတစ်ခုကလည်း ဘယ်လိုဖြစ်လဲဆိုတော့ အခုကျွန်တော်တို့ ညီနောင် ကချင်တိုင်းရင်းသားတွေ၊ ရှမ်းတွေကလည်း သူတို့ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ဒါ မြန်မာနိုင်ငံမှာ ဒီလိုပေါ့ အာရုံလွှဲမှုတွေက စစ်တပ်က နှစ်ပေါင်းများစွာ သူတို့က လူတွေရဲ့ mind (စိတ်) ကိုတိုက်ပြီးတော့ တဖက်က အာရုံလွှဲနိုင်တဲ့ အနေအထားတွေလည်းရှိတယ်။ အဲဒါကြောင့် စစ်တပ်ကရော တမင်တကာ ဖန်တီးနေသလားဆိုပြီးတော့ ကျွန်တော်တို့အနေနဲ့ အဲဒါကိုလည်း သံသယဖြစ်တယ်”
အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်ခံရပြီး အစိုးရ အာဏာပိုင်တွေဘက်က အကြမ်းဖက်သမားတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ရာမှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင် အမျိုးသမီးတွေအပေါ် မုဒိန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း၊ ရိုဟင်ဂျာရွာသားတွေကို ဥပဒေမဲ့သတ်ဖြတ်နေပြီး ရိုဟင်ဂျာ ကျေးရွာတွေကို မီးရွှိ့နေကြကြောင်း စွပ်စွဲထားတဲ့ ကြေညာချက်တွေကို ဆက်တိုက်ဆိုသလို ထုတ်ပြန်ပြီး စုံစမ်းစစ်ဆေးဖို့ ဖိအားပေးခဲ့ကြပါတယ်။ အင်တာနက် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေမှာလည်း မွတ်ဆလင် ဒုက္ခသည်တွေ ထွက်ပြေးနေကြတဲ့ ဗီဒီယိုမှတ်တမ်းတွေ ပြန့်နှံ့ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်မှာရှိတဲ့ HRW (Human Rights Watch) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ Burma Campaign UK အဖွဲ့၊ Fortify Rights စတဲ့ လူအခွင့်အရေးအဖွဲ့တွေကလည်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားတွေ အခိုင်အလုံရှိကြောင်း ပြောဆိုပြီး စုံစမ်းဖော်ထုတ်ဖို့ ဖိအားပေးတောင်းဆိုခဲ့ကြပါတယ်။
အစိုးရပိုင်းကလည်း မွတ်ဆလင်အမျိုးသမီးတွေ အပေါ် မုဒိန်းမှုကျူးလွန်တာ မရှိကြောင်း၊ ရွာတွေကို သူတို့မွတ်ဆလင်ရွာသားတွေကိုယ်တိုင် မီးရွှိ့နေကြတာ ဖြစ်ကြောင်း၊ အင်တာနက် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေ မှာပြန့်နှံ့ထွက်ပေါ်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးနေကြတဲ့ ဗီဒီယိုမှတ်တမ်းတွေဟာ ၂၀၁၂ ခုနှစ်က ရခိုင်နဲ့ မိတ္ထိလာပဋိပက္ခတွေက ဗီဒီယိုဖိုင်အဟောင်းတွေသာဖြစ်ကြောင်း တုံ့ပြန်ပြီး စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ မောင်တော ဒေသခံတစ်ဦးကတော့ ရွာတွေကို မီးရွှိ့တာဟာ နိုင်ငံတကာကသိအောင် ရွာသားတွေ ကိုယ်ဖာသာ ရွှိ့ကြတာလို့ ဆိုပါတယ်။
“ကျွန်တော်တို့ သိရတာကတော့ မွတ်ဆလင်ရွာတွေကို တပ်ကနေပြီးတော့ မီးရွှိ့တာမရှိဘူး၊ သူတို့ဟာနဲ့ သူတို့ မီးရွှိ့ပြီးတော့ ဒါကိုအကြောင်းပြပြီးတော့ တပ်မတော်သားတွေ မီးရွှိ့တယ်ဆိုပြီးတော့ အဲလိုစွပ်စွဲပြီးတော့ နိုင်ငံတကာ သိအောင် သူတို့က အဲလိုလုပ်နေတာပဲ”
“သူတို့ ယနေ့အချိန်မှာ ရိုဟင်ဂျာအနေနဲ့ သူတို့တောင်းဆိုနေတဲ့အချက်တွေမှာ အခုနိုင်ငံတော် အကြီးအကဲတွေနဲ့ သမ္မတကနေ ကျွန်တော်တို့ နိုင်ငံတော်အကြံပေးအရာရှိတွေအကုန်လုံးကနေပြီးတော့ ဒီရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ကမ္ဘာကို ကြေညာလိုက်တဲ့အချိန်မှာ ဒီဟာတွေဟာ သူတို့အတွက် နည်းနည်းအားနည်းချက် ဖြစ်သွားတာပေါ့။ ဒီအားနည်းချက်ကို ဘယ်လိုလုပ်ပြီး ပြန်ဖော်မှာလဲဆိုတော့ အဲလို ရည်ရွယ်ချက်တစ်ခုနဲ့ ဒါကိုလုပ်တယ်လို့ ကျွန်တော်အဲလိုပဲ မြင်တယ်”
မောင်တောက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီး မရှေးမနှောင်းမှာပဲ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျာမနီ၊ မလေးရှား၊ ဆွီဒင်၊ နော်ဝေ၊ ဆွတ်ဇာလန်၊ ဒိန်းမတ်၊ အီတလီ၊ နယ်သာလန် စတဲ့ နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ၁၆ ဖွဲ့လောက်က အောက်တိုဘာ ၁၆၊ ၁၇ ရက်တွေမှာ ကြေညာချက်တွေ ထုတ်ပြန်ပြီး ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အစုအပြုံလိုက် သတ်ဖြတ်ခံနေရကြောင်း ကြေညာချက်တွေထုတ်ပြန် ဖြန့်ဝေခဲ့ကြပါတယ်။ ဒါ့ပြင် ရိုဟင်ဂျာအဖွဲ့အစည်းတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအပေါ် အားကိုးမျှော်လင့်ထောက်ခံနေပေမယ့်လည်း အစိုးရသက် ၆ လအတွင်း NLD အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် လုပ်ဆောင်ပေးနိုင်တာ မရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားနေတဲ့ BROUK အဖွဲ့ ဥက္ကဌ ဒေါက်တာ ထွန်းခင်က ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားအားလုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ၁၉၉၀ ခုနှစ်ကတည်းက ကျွန်တော်တို့အနေနဲ့ ထောက်ခံလာပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ ရိုဟင်ဂျာ်တွေအားလုံးက ပြည်ပကရော ပြည်တွင်းကရော အားလုံးက ကျွန်တော်တို့အနေနဲ့ လိုလိုလားလားနဲ့ ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် NLD အစိုးရတက်တာ အခု ၆ လနီးပါး ရှိပါပြီ၊ ဒါပေမယ့် အခုထိ Humanitarian Aid လို့ ခေါ်တဲ့ စားနပ်ရိက္ခာ ဖြတ်တောက်မှုတွေ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရကြဘူး၊ ပြီးတော့ လူတွေက သွားလာခွင့်တွေ ပိတ်ပင်ထားမှုတွေ အခုထိသူတို့က မရပ်တံ့သေးဘူး။ ကျောင်းတက်ခွင့်တွေလည်း မရသေးဘူး၊ လက်ထပ်ခွင့်တွေလည်း မရသေးဘူး၊ အဲလိုကျတော့ အခြေခံလူ့အခွင့်အရေးတွေကို NLD အစိုးရအနေနဲ့တစ်ခုခုတော့ လုပ်နိုင်ပြီးတော့ အခုထိတော့ မလုပ်သေးတာကို ကျွန်တော်တို့အနေနဲ့ အင်မတန်မှ စိတ်ပျက်တယ်”
ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရရှိထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်ရုတ်သိမ်းပေးဖို့ဆိုပြီး အင်တာနက်မှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကြီးတစ်ခု ပေါ်ပေါက်နေပါတယ်။ ဒီကနေ့အထိ လက်မှတ်ပေါင်း ၈၈၀၀၀ ခန့် ရရှိထားပြီဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ မွတ်ဆလင်လူဦးရေအများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံကနေ ပါဝင်လက်မှတ်ရေးထိုးသူကြတွေလည်း ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။
မြန်မာအစိုးရကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စတဲ့ နိုင်ငံ ၈ နိုင်ငံက သံအမတ်ကြီးတွေကို နိုဝင်ဘာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ သွားရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။
အဲဒီလေ့လာရေး သံတမန် အဖွဲ့ရဲ့ နိုဝင်ဘာ ၃ရက်နေ့ ခရီးစဉ်အပြီး စစ်တွေလေဆိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Ms. Renata က သတင်းထောက်တွေကို အခုလိုပြောသွားခဲ့ပါတယ်။
“ကျမတို့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း မဟုတ်သလို၊ စုံစမ်းဖော်နိုင်စွမ်းလည်း မရှိပါဘူး။ (အခြေအနေတွေကို) ချင့်ချိန်အကဲဖြတ်ဖို့ သွားရောက်ခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ရဲ့အရေးကြီးဆုံးက အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပထမဆုံးအကြိမ် သွားရောက်လေ့လာခွင့်ရခဲ့တာပါဘဲ”
ဒေသခံရခိုင်တိုင်းရင်းသားတွေကတော့ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုဟာ အချုပ်အချုပ်အာဏာကိုထိပါးတဲ့လုပ်ရပ်လို့ ရှုမြင်ထားကြပါတယ်။ ANP ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကဆိုရင် အခြေအနေနိမ့်ပါးတဲ့ ဒေသခံမွတ်ဆလင်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက အသုံးချပြီး ဝါဒဖြန့်ဖန်တီးနေကြတာလို့ ဆိုပါတယ်။
“ဒီကိစ္စက ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂကအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကိုယ်တိုင်ရောက်လာပြီးတော့ အခင်းဖြစ်တဲ့မောင်တောဒေသကို ဒီဘင်္ဂါလီမွတ်ဆလင်တွေနေတဲ့ နေရာတွေကို သူတို့ကိုယ်တိုင်လည်းရောက်ရှိပြီးတော့ စစ်ဆေးခဲ့တာပဲ။ စစ်ဆေးခဲ့တဲ့အခါ လည်ပင်းမှာဆွဲပြီးတော့ ပိုစတာတွေ၊ ကြော်ငြာတွေ အဲဒီကြော်ငြာတဲ့ဟာတွေကို သူတို့ ဘာလဲလို့မေးတဲ့အခါ သူတို့မသိဘူး၊ မသိပဲနဲ့ ချိတ်ဆွဲထားတာရယ်၊ နောက်ပြီးတော့ မုဒိန်းကျင့်ခံရတယ်လို့ ပြောတဲ့နေရာမှာလည်း ဘယ်သူတွေ ဘယ်နေရာမှာ ဘာညာသူတို့မေးတဲ့အခါ ဒီသတင်းသူတို့ တကယ်သူတို့ ကြွေးကြော်ထားတဲ့ဟာ စုံစမ်းစစ်ဆေးလို့ မရဘူးဆိုတဲ့သတင်းတွေပေါ်လာပဲ။ အဲဒီတော့ ဒီဒေသကလူတွေက မကြေနပ်တာတွေတော့ ရှိကြမှာပေါ့လေ။ မကြေနပ်တာတွေကို အမျိုးမျိုးလုပ်ကြံပြီးတော့ ပြောတဲ့စကားတွေလို့ပဲ ကျွန်တော်တို့ အဲလိုပဲ နားလည်ရမှာပေါ့၊ သူတို့ကို ကြီးကြပ်တဲ့သူ ကြိုးကိုင်တဲ့သူတွေက အချင်းချင်း ဒီမွတ်ဆလင်ကမ္ဘာနဲ့ ချိတ်ဆက်ပြီးတော့ ဝါဒဖြန့်ဖို့ အလုပ်တွေကို လုပ်တယ်၊ အဲဒီလိုလုပ်တဲ့အလုပ်တွေကို ဒီမှာ ဘုမသိဘမသိတဲ့လူတွေက စေခိုင်ခံရတဲ့သဘောပေါ့လေ၊ အဲဒီလိုပဲ ကျွန်တော်တို့ နားလည်ရမှာပေါ့”
“ဘာပဲဖြစ်ဖြစ် ဒီဒေသမှာရှိတဲ့ ဘင်္ဂါလီ မွတ်ဆလင်တွေရဲ့ သူတို့ရဲ့ နိမ့်ကျတဲ့အခြေအနေကတော့ တကယ်ရှိပါတယ်၊ ဒါက ကျွန်တော်တို့က မကွယ်မဝှက်ပြောရမှာလေ၊ သူတို့နိမ့်ကျနေရတဲ့အခြေအနေ ဒါကတော့ မှန်ပါတယ်၊ မသိနားမလည်တဲ့သူတွေကတော့ ပိုပြီးတော့ အသုံးချခံရတာပေါ့၊ အသုံးချတာကတော့ OIC (အစ္စလာမ္မာစ်နိုင်ငံများအဖွဲ့) အပါအဝင် ဒီရခိုင်ဒေသကို Islamization (အစ္စလာမ်လွှမ်းမိုးရေး) လုပ်ချင်တဲ့လူတွေ၊ လုပ်ချင်တဲ့လူတွေဆိုတဲ့နေရာထဲမှာ မွတ်ဆလင်အစွန်းရောက်တွေလည်းပါမှာ၊ မွတ်ဆလင်ပညာတတ်တွေလည်းပါမှာ၊ နောက်မွတ်ဆလင် ပိုက်ဆံရှိတဲ့သူတွေလည်းပါမှာ။ ဒီလူတွေက သူတို့ တဖက်စောင်းနင်းပြောတဲ့ ပြောဆိုချက်တွေကို ခိုင်မာအောင် သေချာအောင်ဆိုပြီးတော့ မဟုတ်မှန်းသိလျက်နဲ့ပေါ့၊ ဘင်္ဂါလီမွတ်ဆလင်တွေကို ရိုဟင်ဂျာမွတ်ဆလင်ဆိုပြီးတော့ ဖန်တီးတဲ့ အလုပ်ကို သူတို့ကိုယ်တိုင် သိသိကြီးနဲ့ လုပ်နေကြတာပဲ၊ ကျွန်တော်တို့ကလည်း ဒီလုပ်ငန်းကို နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်ဆိုပြီးတော့ ဗမာခေါင်းဆောင်၊ ဗမာအစိုးရအုပ်ချုပ်တဲ့သူတွေကို ကွျှန်တော်တို့ အစဉ်သဖြင့် ဒီကိစ္စတွေကို ပြောနေကြတာပဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် အရင်ကထက် ဗမာအစိုးရ အုပ်ချုပ်တဲ့သူတွေက အရင်ကထက်ပိုပြီးတော့ နားလည်လာကြပုံပေါ်ပါတယ်”
ဘယ်လိုပဲဖြစ်ဖြစ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခုပြဿနာဟာ ငြိမ်းငြိမ်းချမ်းချမ်း ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတဲ့ ဒေသခံမွတ်ဆလင်တွေအတွက်ပါ ထိခိုက်မှုတွေရှိတယ်လို့ စောစောက မောင်တောမြို့ခံလုပ်ငန်းရှင်က ပြောပါတယ်။
“ဒီမှာ ကျွန်တော်တို့နဲ့ အတူတူ စီးပွားရေးလုပ်ကိုင်နေသူတွေလည်း အများကြီးရှိသလို လယ်လုပ်နေတဲ့သူတွေ၊ လယ်ပိုင်ရှင်တွေ၊ ပုစွန်ကန်ပိုင်ရှင်တွေ၊ သူ့ဟာနဲ့သူ အေးအေးချမ်းချမ်းနေချင်တဲ့သူက မွတ်ဆလင်တွေထဲ မှာလည်း ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီလူတွေက ဒီပြဿနာကို လုံးဝမလိုလားဘူး။ ဒီပြဿနာ ဖြစ်သွားတဲ့အတွက်ကြောင့် သူတို့ သွားရေးလာရေး ခက်ခဲသွားတယ်၊ သွားရေးလာရေး ခက်ခဲပြီးတော့ စီးပွားရေးတွေ အများကြီး အနှောင့်အယှက်ဖြစ်တယ်၊ စီးပွားရေးတွေ အများကြီး ချွတ်ခြုံကျသွားတယ်၊ အဲဒါကို သူတို့က ဘယ်လောက်ထိပြောလဲဆိုတော့ ဒါက ဒီအစိုးရကို လုပ်တာ မဟုတ်ဘူး၊ ငါတို့ကိုပဲ ဒုက္ခပေးတာနဲ့ အတူတူပဲ ဆိုပြီးတော့ သူတို့အထဲက ပြောတဲ့စကားတွေကို ကျွန်တော့နားထဲ ကြားရပါတယ်”
သေချာတာကတော့ ဒီမောင်တောအကြမ်းဖက်မှုဟာ ဒီမှာတင်ပြီးသွားမှာမဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အပြီးတိုင်ရုတ်သိမ်းပေးဖို့အထိ နိုင်ငံတကာကနေ လက်မှတ်ရေးထိုးဖိအားပေးတောင်းဆိုတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာပါ။ ဒါပေမယ့် မြန်မာ့အရေးကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာ နဲ့ဂင်းပေါင် ကစ်ဂင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်ကလို ဒီမိုကရေစီ လူ့အခွင့်အရေးလှုပ်ရှားသူသက်သက်မဟုတ်တော့ပဲ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာတဲ့အတွက် နိုဘယ်လ်ဆု ရုပ်သိမ်းရေးလှုပ်ရှားမှုတွေ ဘယ်လောက်ရှိလာလာ အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်က အခြေအနေနဲ့ လက်ရှိအခြေအနေ မတူတော့ဘူး၊ အရင်တုန်းကဆိုလို့ရှိရင်သူက ဒီမိုကရေစီရနိုင်ဖို့၊ ဒါမှမဟုတ် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အလုပ်လုပ်တယ်၊ ဦးစားပေးလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် အခုတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ သူက တကယ့်နိုင်ငံရေးခေါင်းဆောင်ဖြစ်လာတဲ့အခါကျတော့ သူ့အတွက် အဓိကဖြစ်တာက မဲပေါ့လေ၊ မဲဆိုတော့ အများစုက ကျွန်တော်တို့ မြန်မာပြည်မှာက ဗမာ မြန်မာဆိုတဲ့လူမျိုးက အများစု ရှိတဲ့အခါကျတော့ သူတို့ရဲ့ အလိုအလိုက်ကိုလည်း သူ့မှာလိုက်ဖို့ နိုင်ငံရေးအရ၊ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် အဲဒါတွေကိုလည်း သူက စဉ်းစားတယ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့်ပြောရသလဲဆိုလို့ရှိရင် မြန်မာပြည်မှာ အခုလောလောဆယ် နိုင်ငံရေးအခြေအနေအရဆိုလို့ရှိရင် တော်တော်များများက ရိုဟင်ဂျာကို စကားလုံး အဲဒီနာမည်တောင်မှ မခေါ်ချင်တဲ့ အခြေအနေမျိုးရှိတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါတွေကိုကြည့်ပြီးမှ တဖြေးဖြေးနဲ့ အစီအစဉ်များ ရှိရင်ရှိလိမ့်မယ်။ ဒါပေမယ့် အခု ဒီသူ့ရဲ့ နိုဘယ်လ်ဆု ပြန်ရုတ်သိမ်းမယ့်အဆင့်တော့ ကျွန်တော် အဲလောက်ထိတော့ မမြင်ဘူး။ သူ့မှာလည်း လုပ်နိုင်တဲ့အရာရှိသလို မလုပ်နိုင်တဲ့အရာတွေကလည်း ရှိသေးတဲ့အတွက်ကြောင့် တဖြေးဖြေးနဲ့လုပ်လာမယ်လို့ ကျွန်တော်မြင်ပါတယ်”
မောင်တောကို ကုလသမဂ္ဂနဲ့ သံတမန်အဖွဲ့တွေ မောင်တောကို သွားရောက်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်းမှာ မောင်တော နူရူလာ မွတ်ဆလင်ကျေးရွာအနီးက ရဲကင်းတစ်ခုကို နောက်ထပ်ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ဒုတပ်ကြပ်အဆင့် ရဲဝန်ထမ်းတစ်ဦး သေနတ်ဒဏ်ရာ ၄ ချက်နဲ့ ကျဆုံးခဲ့ရသလို၊ နောက်ထပ် တပ်ကြပ် တစ်ဦးလည်း သေနတ်ဒဏ်ရာ ၂ ချက်ထိမှန်ဒဏ်ရာရရှိထားပါတယ်။
သောတရှင်များခင်ဗျား
ဒီမောင်တောအကြမ်းဖက်တိုက်ခိုက်မှုဟာ Aqa Mul Mujahidin အဖွဲ့လက်ချက်လို့ အစိုးရဘက်က ကြေညာထားပါတယ်။ လောလောဆယ် အဲဒီအဖွဲ့ဝင်တွေလို့ ယူဆရသူ ၆၀ နီးပါးကို ဖမ်းဆီးထားပြီး၊ အလယ်အလတ်အဆင့် ခေါင်းဆောင် ၂ ဦးကို စစ်တွေအကျဉ်းထောင်မှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ လှုပ်ရှားမှုခေါင်းဆောင်နဲ့တကွ ရွာတွေထဲမှာ ထွက်ပြေးခိုလှုံနေသူ အဖွဲ့ဝင် ရာဂဏန်းအထိရှိနေပါသေးတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလက်ထဲက ယူဆောင်သွားတဲ့ လက်နက် ၄၈ လက်ထဲက အလက် ၂၀ လောက်ပဲ ပြန်ရသေးတဲ့အတွက် လက်နက် အစိတ်လောက် ပျောက်နေသေးသလို ကျော်၊ ယူဆောင်သွားတဲ့ ကျည်ဆန် ၆၆၀၀ ကျော်ထဲက ပြန်ရတာ ၃၀၀၀ လောက်ပဲရှိသေးတာကြောင့် ကျည်ဆန် ၃၆၀၀လောက်နဲ့ လှံစွပ်တွေအပါအဝင် လက်နက်ကိရိယာအတော်များများ အကြမ်းဖက်သမားတွေ လက်ထဲမှာ ရှိသေးတာမို့ နေ့ရောညပါ စိုးရိမ်ပူပန်နေရဆဲပဲလို့ မောင်တောဒေသခံတွေက RFA ကို ထုတ်ဖော်ပြောဆိုကြပါတယ် ခင်ဗျာ။