ပုဂ္ဂလိကမီဒီယာကို လျစ်လျူမရှုဖို့ အစိုးရကို မီဒီယာကောင်စီတိုက်တွန်း
2020.06.16
ဒီမိုကရေစီဖော်ဆောင်မှုအတွက် အရေးပါတဲ့ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန် ရပ်တည်ရေးဟာ ကပ်ဘေးကာလမှာ ပိုပြီး ခက်ခဲလာနေပါတယ်။ ဒီအခြေအနေမှာ အစိုးရမီဒီယာတွေပဲ အားကောင်းမောင်းသန်ဖြစ်နေရုံနဲ့ မလုံလောက်ဘဲ ပုဂ္ဂလိကမီဒီယာတွေ လဲပြိုမသွားအောင် အစိုးရက ဆောင်ရွက်ပေးသင့်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောလိုက်ပါတယ်။
သတင်းဌာနတွေ ရှင်သန် ရပ်တည်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို အစိုးရအနေနဲ့ မျက်ကွယ်မပြုသင့်ဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။
"သတင်းမီဒီယာတွေ အားကောင်းမှ ဒီမိုကရေစီအားကောင်းမှာ။ ဒါကို အစိုးရက မေ့နေတယ်။ အစိုးရ မီဒီယာပဲ အားကောင်းနေရင် ရပြီ ထင်နေတယ်။ ပုဂ္ဂလိက သတင်းမီဒီယာ အားမကောင်းရင် ဒီမိုကရေစီ ကျဆုံးမှာ။ နောက်တစ်ခုက ကောလဟာလသတင်းတွေ ပပျောက်ဖို့အတွက် ပုဂ္ဂလိက သတင်းမီဒီယာသမားတွေက ရပ်တည်ပေးရတာ။ ဒါကြောင့် ပုဂ္ဂလိက သတင်းမီဒီယာတွေ ကျဆုံးသွားပြီ ဆိုရင် ဒီမိုကရေစီလည်း ကျဆုံးမယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒါကို မျက်ကွယ်မပြုစေချင်ဘူး။ ပုဂ္ဂလိက သတင်း မီဒီယာတွေ လဲပြိုနေတာကို နိုင်တဲ့ဘက်ကနေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်"
ကောင်စီက ရပ်တည်ဖို့ ခက်ခဲနေတဲ့ သတင်းသမားတွေ၊ သတင်းဌာနတွေကို ကူညီနိုင်ဖို့ သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အတွေ့အကြုံများတဲ့ သတင်းသမား ၁၅ ဦးနဲ့ ဇွန်လ ၁၂ ရက် နေ့က ဖွဲ့စည်းလိုက်ပါတယ်။
ကော်မတီက အခုလက်ရှိမှာတော့ သတင်းမီဒီယာဌာနတွေ ရပ်တည်နိုင်ရေး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကြံပြုချက်တွေကို စုစည်းနေပြီး ဒီအထဲကအရေးကြီးတဲ့ အချက်အလက်တွေကိုယူပြီး သက်ဆိုင်ရာအဖွဲ့ အစည်းနဲ့ အစိုးရကို တင်ပြဆွေးနွေး အကူအညီ တောင်းခံသွားမယ်လို့ ကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားချိန်ကာလ အတွင်းမှာလည်း သတင်းမီဒီယာ ဌာနအသီးသီးက သတင်းသမား ၃၀၀ ကျော် ထိခိုက်နစ်နာနေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရရှိတဲ့စာရင်းတွေအရ သိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်နဲ့ မန္တလေး စည်ပင်သာယာရေးကော်မတီတို့က သတင်းစာ၊ ရုပ်သံ၊ ရေဒီယို နဲ့ အွန်လိုင်း မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။
အစိုးရဌာနဆိုင်ရာတွေ ချုပ်ကိုင်တဲ့ မီဒီယာလုပ်ငန်း အများအပြား အဆက်မပြတ် လုပ်ကိုင်နေချိန်မှာ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေကတော့ တစ်ခုပြီးတစ်ခု ရပ်ဆိုင်းသွားတာ တွေ့ရမှာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာမှာလည်း ဒီနေ့ ညနေ ၆ နာရီအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
နိုင်ငံသားတို့ရဲ့ အခွန်ဘဏ္ဍာငွေနဲ့ နိုင်ငံပိုင် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေး ယန္တရားတို့ကို အသုံးပြုနိုင်တဲ့ အစိုးရ မီဒီယာတွေက ကြော်ငြာလုပ်ငန်းကနေလည်း ဝင်ငွေအများအပြား ရနေပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာ လွတ်လပ်ခွင့် ပိုမိုရရှိလာတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေကတော့ ကြော်ငြာဝင်ငွေရလမ်း နည်းပါးတာကလည်း ရပ်တည်မှု ပြိုလဲစေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ရန်ကုန်အခြေစိုက် The Voice daily သတင်းစာ တာဝန်ခံအယ်ဒီတာ ကိုအောင်ကျော်စိုးက ကြော်ငြာအများစု နိုင်ငံပိုင်သတင်းစာတွေဆီသာ ဆက်ပြီး ဦးတည်သွားနေတယ်လို့ ပြောပါတယ်။
"ကြော်ငြာမှာ သူတို့က ထင်သာမြင်သာရှိတာ နာရေး ရှိမယ်၊ ဥပေဒ၊ အမိန့်၊ ကြေညာချက်တွေ ရှိမယ်၊ လူတွေအားလုံးရဲ့ ကြော်ငြာနဲ့ပတ်သက်တဲ့ အသိစိတ်ကိုက နိုင်ငံပိုင်သတင်းစာမှာ ထည့်မှ အတည် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တချို့ဟာတွေက ဥပဒေအသိုင်းအဝိုင်းနဲ့ပါ သွားပြီး ပတ်သက်နေတယ်။ နိုင်ငံပိုင် သတင်းစာတွေကြောင့် ပုဂ္ဂလိက သတင်းစာတွေ တိုက်ရိုက်ထိခိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း သွယ်ဝှိုက်တဲ့ သဘောအားဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်း ဥပဒေလောကရဲ့ သတ်မှတ်ထားတဲ့ ဟာပေါ့နော်၊ ဥပမာ လိုင်စင်ပျောက်တာ၊ ပတ်စပို့ပျောက်တဲ့ ကြော်ငြာတွေကို နိုင်ငံပိုင် သတင်းစာမှာ ထည့်မှရတယ် ဆိုတာမျိုးပေါ့။ ဘယ်သူမှလည်း သတ်မှတ်ထားတာ မဟုတ်ပေမယ့် အဲဒီ သဘောတရားမျိုး ဖြစ်နေတယ်။ ဒါကြောင့်လည်း ဆိုင်တယ်"
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားခင် ကာလကတည်းက ပုံနှိပ်မီဒီယာအပါအဝင် အွန်လိုင်း မီဒီယာတွေပါ ကြော်ငြာဝင်ငွေ ကျဆင်းလာတာ၊ သတင်းစာစောင် ရောင်းချရမှု လျော့နည်းလာတာတို့ကြောင့် သတင်းမီဒီယာ လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး ကပ်ဘေးကြောင့် လုပ်ငန်းနဲ့ ဝင်ငွေ အကြီးအကျယ် ထိခိုက်နစ်နာ လာကြချိန်မှာ သတင်းဌာနတွေက သတင်းသမားအများအပြားကို လုပ်ငန်း ရပ်ဆိုင်းခံရသူတွေ၊ လစာမဲ့ ခွင့်ပေးခံရသူတွေ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဧရာဝတီသတင်းဌာနရဲ့ မန္တလေးအခြေစိုက် သတင်းထောက် ကိုဒီလှိုင်းဝင်းလည်း ပါဝင်ပါတယ်။
"၅ လပိုင်းကတည်းက စပြီး နားမယ်လို့ ပြောတဲ့အခါမှာ ဗြုန်းစားကြီးလေ။ ဒီကာလအတွင်းမှာ ဘယ်မှလည်း ကူးဖို့မလွယ်တဲ့အခါကျတော့ အကုန်ဒုက္ခတွေ ရောက်ကုန်တယ်။ မိသားစု ရပ်တည်ဖို့ တော်တော်ကို ဒုက္ခရောက်တယ်။ လစာနဲ့ရပ်တည်နေရတဲ့ ဝန်ထမ်းတွေဆိုတော့ စားဝတ်နေရေးအတွက် ဘာလုပ်ရမလဲဆိုပြီး အကုန် စီစဉ်ရတယ်။ ကြားကာလမှာ ကူညီတဲ့အဖွဲ့တွေ ရှိတယ်။ အဲဒီကရတဲ့ဟာလေးတွေကို မိသားစုကိုပေး၊ ဒီလို ရပ်တည်နေရတယ်။ အလုပ်ကတော့ ဝင်ငွေ မရှိတော့ဘူးဖြစ်သွားတာ"
၂၀၁၃ ခုနှစ်မွာ ပုဂ္ဂလိက သတင်းစာတွေ ပေါ်ပေါက်လာပြီး ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် ရပ်နားခဲ့ရတဲ့ သတင်းစာ၊ ဂျာနယ် အရေအတွက် တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ ရုပ်သံသတင်းဌာနတွေလည်း ကြော်ငြာရရှိမှု လျော့နည်းလာပါတယ်။
လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းမီဒီယာကဏ္ဍ အားနည်းလာတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှုကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။