လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာမယ်လို့ PDF တပ်တွေ သုံးသပ်

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ)
2021.12.22
လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာမယ်လို့ PDF တပ်တွေ သုံးသပ် မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရပ်သားလက်နက်ကိုင်ပြည်သူ့စစ်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်သုံးပြီး လေကြောင်းကနေ တိုက်ခိုက်မှုတာတွေ ဒီလထဲမှာ အရှိန်မြင့်လာခဲ့ပါတယ်။ မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးတွေများနေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း အတွင်းက ကျေးရွာတွေမှာ အခုလို တိုက်ခိုက်တာ ပိုများလာတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား စစ်ဖြစ်ရာမှာသာ အသုံးပြုလေ့ရှိတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို အရပ်သားတွေအပေါ် သုံးနေတာဟာ နိုင်ငံတကာကျင့်ဝတ်နဲ့မညီတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီအပေါ် ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။

စစ်တပ်က ပြည်သူတွေအပေါ် လေကြောင်းသုံး တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရားရုံး ICJ တို့မှာ အရေးယူနိုင်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“စစ်လေယာဉ်တွေက တကယ်တမ်းကျတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား တိုက်ပွဲတွေဖြစ်တဲ့အခါမှ သုံးရတဲ့ဟာ ဖြစ်တယ်။ တူမီးသေနတ်တွေ ကိုင်တဲ့သူတွေကို စစ်လေယာဉ်တွေသုံးတယ်ဆိုတာ တကယ်တမ်း War Crime ဖြစ်တယ်။ ဒေတာအချက်အလက်တွေ၊ သက်သေတွေ ယူပြီး ICC နဲ့ ICJ အတွက် တင်ပြနိုင်ဖို့ လိုတယ်”

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေလုပ်လို့ ရွာထဲက နေအိမ်တွေ မီးလောင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က နှမ်းခါးနဲ့ မွေ့လည်ရွာကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့လို့ လူ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့က မကွေးတိုင်း၊ ဆောမြို့နယ် တောမရွာအနီးမှာ စစ်ကောင်စီက ဒေသခံ တပ်ပေါင်းစုအဖွဲ့ကို လေကြောင်းသုံး တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၇ ရက်က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ စတဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နှိမ်နင်းခဲ့တဲ့အတွက် PDF တပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြည်သူ့စစ်သားများရဲ့ ကာကွယ်ရေးအင်အားစု PSDF ရဲ့ စစ်ဗျူဟာအကြံပေး ဗိုလ်ကြီးညီသုတက စစ်တပ်အနေနဲ့ စစ်ကူအချိန်မီ မပို့နိုင်တဲ့အခါ လေကြောင်း သုံးလေ့ရှိပြီး ထိုးစစ်မဟုတ်ဘဲ ခုခံစစ်အနေနဲ့သာ အသုံးပြု တိုက်ခိုက်လေ့ရှိတယ်လို့ ရှင်းပြပါတယ်။

“စစ်ကောင်စီက သူ့တပ်တွေကို စစ်ကူ မြန်မြန်ဆန်ဆန် မပို့နိုင်ဘူးဆိုတဲ့အခါ ယာယီထိန်းတဲ့ သဘောအနေနဲ့ သုံးတယ်။ စစ်ကူပို့ရတဲ့လမ်းကြောင်း ရှည်တဲ့အခါ ရက်သတ္တပတ်နဲ့ ချီပြီးတော့ ပို့ရတာပေါ့နော်။ ဒီအခက်အခဲတွေမှာ သူတို့ဟာ လေကြောင်းထိုးစစ်ကို အသုံးချတာပေါ့ဗျာ။ လေကြောင်း သုံးပြီဆိုတာနဲ့ စစ်ကောင်စီအနေနဲ့ မြေပြင်တပ်တစ်ခုတည်းနဲ့ ရင်ဆိုင်လို့ မရဘူးဆိုတဲ့ အခြေအနေရှိတာကြောင့် စစ်ကောင်စီအနေနဲ့ အထိနာနေပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရတယ်”

လေကြောင်းတိုက်ခိုက်မှုရဲ့အားနည်းချက်က ပျံသန်းချိန်ကြာမြင့်စွာ မပျံနိုင်တာ၊ လေယာဉ်မှူးကန့်သတ်ချက် ရှိတာနဲ့ လေယာဉ်ပျံသန်းရာမှာသုံးတဲ့ လေယာဉ်ဆီတွေကလည်း ဈေးကြီးတဲ့ အချက်တွေရှိတာကြောင့် အချိန်ကာလတစ်ခု အရောက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေက ရပ်တန့်သွားစရာရှိတယ်လို့ သူက တွက်ဆပါတယ်။

လေကြောင်းသုံး တိုက်ခိုက်မှုတွေဘာကြောင့် လုပ်ဆောင်နေသလဲဆိုတဲ့အပေါ် စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုတိယဝန်ကြီးဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်ပွဲဖြစ်တဲ့အခါ ထိုက်သင့်တဲ့အင်အားတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“စစ်တိုက်တာပဲလေ။ တိုက်ပွဲဖြစ်တဲ့အခါမှာတော့ ပြည်တွင်းမှာ ရှိနေတဲ့ အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေးပဲ။ NUG၊ PDF၊ CRPH အဖွဲ့တွေနဲ့ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပြီးသားဖြစ်တယ်။ အကြမ်းဖက်အဖွဲ့ရဲ့ ရှိမှုနဲ့ သူတို့ရဲ့ တုံ့ပြန်မှုပေါ်မှာ လိုက်ပြီးတော့ လိုအပ်တဲ့ အင်အားတော့ အသုံးပြုမှာ ဖြစ်ပါတယ်။ အကြမ်းဖက် အဖွဲ့တွေအနေနဲ့ကတော့ ချောင်းမြောင်းပြီးတော့ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ အရပ်ဝတ်နဲ့ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ အနိုင်ရရင်တော့ ဘယ် PDF အဖွဲ့ကလုပ်တယ် ဆိုတာမျိုး ပြောလို့ရတာပေါ့ဗျာ။ သေပြီ ဆိုရင်တော့ ရွာသားလို့ နာမည်တပ်တာမျိုး။ တစ်ခုခု ဖြစ်လာပြီဆိုတာနဲ့ အဲ့မှာရှိနေတဲ့ သာမန်ရွာသူရွာသားတွေ ဆိုတာလည်း ရွာထဲမှာ မနေကြတော့ဘူး။ အရပ်ဝတ်နဲ့ပဲ PDF တွေ လှုပ်ရှားနေတာ ရှိပါတယ်”

ပြည်သူတွေဘက်က ရေခွန်၊ မီးခွန်တွေ မဆောင်တာလို စစ်ကောင်စီရဲ့ငွေဝင်လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာရှိပြီး ဒါတွေကလည်း စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်နိုင်မှုအပေါ် ထိခိုက်နိုင်စရာရှိတယ်လို့ ဗိုလ်ကြီးညီသုတ ယူဆပါတယ်။

နည်းပညာအားမြင့်တဲ့ တပ်အနေနဲ့ ဘယ်လိုလက်နက်ပဲ အသုံးပြုနေနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေအနေနဲ့ ကြောက်စိတ်မရှိ ဆက်လက်တွန်းလှန်သွားမှာသာ ဖြစ်တယ်လို့ တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစုက ကိုဇေယျာလွင်က ပြောပါတယ်။

“စစ်တပ်ကို ကြောက်တဲ့စိတ်က အမြစ်ပြတ်သွားပြီး ကျွန်တော်တို့အတွက်က လေယာဉ်မကလို့ ဘာပဲလာလာ၊ လက်နက်ကြီး ကြိုက်သလောက်ထု၊ ရေထဲကနေ ကြိုက်သလောက်ထု၊ ရေငုပ်သင်္ဘောကြီးတွေနဲ့ပဲ လာပစ်ပစ် ကြိုက်တဲ့လက်နက် သုံးပါစေ နည်းပညာအား မြင့်တဲ့ဟာ။ ကျွန်တော်တို့ ရဲဘော်တွေက ကြောက်တဲ့စိတ် လုံးဝရှိမှာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် အဲ့လက်နက်တွေ သုံးနေရတာက သူတို့တော်တော်လေး အရေးနိမ့်နေလို့ သုံးရတာ”

1afd0200-4470-426c-92a7-d951c6ff911c.jpeg
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ရဟတ်ယာဉ်တစ်စင်းကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ PDF အဖွဲ့ဝင် ဗိုလ်နဂါးကလည်း စစ်ကောင်စီဘက်က ရှေ့လျှောက် အစွမ်းကုန်သုံး တိုက်ခိုက်လာနိုင်စရာရှိပြီး သူတို့အနေနဲ့လည်း ရရာလက်နက်နဲ့ တွန်းလှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေအနေနဲ့လည်း သူတို့အောက်မှာ မနေချင်ကြဘူး။ သူတို့ကလည်း ပြည်သူတွေ တစ်ယောက်မှ မကျန်ချင်နေ တစ်တိုင်းပြည်လုံးသတ်ပစ်ရပစ်ရ တစ်တိုင်းပြည်လုံး မီးရှို့ပစ်ရပစ်ရ ဒီအလုပ်ကို လုပ်မယ်။ လူတစ်ယောက်မှ မကျန်ချင်နေပါစေ။ တိုင်းပြည် သယံဇာတနဲ့ သူတို့ကျန်ခဲ့ရင် ပြီးရောဆိုတဲ့ စိတ်နဲ့ ဆက်ပြီး လုပ်နေကြမှာဆိုတော့ သူတို့အောက်မှာ ဆက်နေပြီး အညံ့ခံလိုက်ရင် ပိုဆိုးဖို့ရာပဲ ရှိတော့တယ်။ လူယုတ်မာတွေအောက်တော့ ဒူးမထောက်တော့ဘူး ဆိုတဲ့စိတ်နဲ့ ဆက်ပြီး ရရာလက်နက်နဲ့ တွန်းလှန်မှာပဲ”

စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုဟာ ပြောက်ကျားစနစ်သုံး တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပေါ် ထိခိုက်မှု နည်းပါးပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေသာ ဆုံးရှုံးထိခိုက်မှုတွေ များလာနိုင်စရာရှိတယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-23 20:08

Min Aung Hlaing's Army will defeat and distinguish soon