အာဆီယံနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ စစ်ကောင်စီ ကြိုးစားနေ

ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိလာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြို့တော်ဖနွမ်းပင်ရှိ ငြိမ်းချမ်းရေးနန်းတော်မှာ လက်ခံတွေ့ ဆုံပြီး အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးပြန်ကောင်းဖို့ ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဟွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eang Sophalleth ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေက ရေးသား ဖော်ပြပါတယ်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ အာဆီယံအရေးကိစ္စ၊ မြန်မာနဲ့ အာဆီယံအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Eang Sophalleth က ပြောပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန် ကိုယ်တိုင်လည်း လာမယ့် ၂၀၂၂ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ နေပြည်တော်ကို လာပြီး အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ Eang Sophalleth က ဆိုပါတယ်။ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတော့မယ့် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံက အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်ရေးတာဝန်ကို ယူရတော့မှာပါ။
အလှည့်ကျဥက္ကဋ္ဌမဖြစ်ခင် တစ်လအလိုမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်မှု၊ ဥက္ကဋ္ဌဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ စီစဥ်မှုတွေဟာ သူ့တစ်ယောက်တည်း ရဲ့ ပုဂ္ဂလိက ရည်မှန်းချက်လား ဒါမှမဟုတ် အာဆီယံရဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့လား ဆိုတာကို စောင့်ကြည့်ရလိမ့်မယ်လို့ ASEAN အရှေ့တောင်အာရှအရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာ က ပြောပါတယ်။
"မစ္စတာ ဟွန်ဆန် အနေနဲ့ သံတမန်ရေးရာအရ သူစတင်ပြီးတော့ လှုပ်ရှားနေတဲ့ အနေအထားတွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ခေါင်းဆောင်တစ်ဦးအနေနဲ့ သူ့ရဲ့ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေကို၊ လက်ရှိအခြေအနေကို အသုံးချနေသလား၊ သို့မဟုတ် အာဆီယံရဲ့အဓိကထားတဲ့ အရေးပါတဲ့ အချက်တွေကို တကယ်ပဲ မြန်မာ့အရေးကိစ္စမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ တခြားသောနိုင်ငံများနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ အာဆီယံ လုပ်ငန်းဆောင်တာအတိုင်း သွားနေသလားဆိုတာ စောင့်ကြည့် သုံးသပ်ရမှာ ဖြစ်ပါတယ်"
ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တက်ခွင့်ရသင့်တယ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုကို အခြားအာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ဘယ်နိုင်ငံကမှ အပြစ်ပေးထုတ်ပယ်တာမျိုး လုပ်ခွင့်မရှိဘူးဆိုပြီး မနေ့က လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်လအတွင်း လုပ်ခဲ့တဲ့ အာဆီယံနိုင်ငံများ အစည်းအဝေး၊ တရုတ်-အာဆီယံ အစည်းအဝေးနဲ့ အီးယူ-အာဆီယံ အစည်းအဝေးတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့် မရခဲ့ချိန်တုန်းကတော့ “အာဆီယံဟာ မြန်မာကို ထုတ်ပယ်ခဲ့တာမဟုတ်ဘဲ မြန်မာကသာ သူ့ရဲ့အခွင့်အရေးကို စွန့်လွှတ်ခဲ့တာသာဖြစ်တယ်” လို့ ဝန်ကြီး ချုပ်ဟွန်ဆန် က ပြောခဲ့ဖူးပါတယ်။
ဒီလိုလေသံပြောင်းသွားတာဟာ တရုတ်အစိုးရရဲ့ ဖိအားတွေကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
"ဟွန်ဆန်အနေနဲ့ တရုတ်ရဲ့ လမ်းစဉ်အရ ဆက်လုပ်စရာရှိတာ လုပ်မှာပဲ"
အိမ်နီးချင်းဖြစ်သလို နိုင်ငံရေးစနစ်ချင်းတူတဲ့ ကမ္ဘောဒီးယားဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ဩဇာ ကို လွန်ဆန်မှာ မဟုတ်ဘူးလို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော် က သုံးသပ် ပါတယ်။
"ဟွန်ဆန် အာဏာရကတည်းက တောက်လျှောက် တရုတ်က ရပ်လာတာဖြစ်တော့ ဟွန်ဆန်အနေနဲ့ တရုတ်ရဲ့ လမ်းစဉ်အရ ဆက်လုပ်စရာရှိတာ လုပ်မှာပဲ။ တရုတ်ရော ကမ္ဘောဒီးယားရောက လက်မှတ် ထိုးပြီးသား RCEP က ဒီနှစ်ကုန်မှာ အသက်ဝင်မှာ။ Supply Change တစ်ခုလုံးက အာဆီယံနိုင်ငံ ၁၀ နိုင်ငံလုံးပါမှ ဖြစ်မှာကိုး။ အဲဒီအတွက် ဗမာပြည်ကို ပြန်ပါလာဖို့ သူတို့ကြိုးစားပုံရတယ်"
တရုတ်နိုင်ငံဦးဆောင်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (The Regional Comprehensive Economic Partnership – RCEP) ဟာ လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် အသက်ဝင်တော့မှာပါ။ ဒီစာချုပ်ကို မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် တို့ ပါဝင် လက်မှတ်ထိုးထားပါတယ်။ တရုတ်က ဒီစံမံကိန်း စတင်နိုင်ရေးအတွက် မြန်မာကို အာဆီယံအုပ်စုထဲမှာ ပြန်မြင်ချင်နေတာလို့ ဒေါက်တာ လှကျော်ဇော်က သုံးသပ်ပါတယ်။

မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လာမယ့် ဇန်နဝါရီ ၇ ရက် နေပြည်တော် ခရီးစဉ်အပါအဝင် အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီနိုင်ငံခြာရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ ထိပ်တန်းအရာရှိတစ်ဦးကတော့ စစ်ကောင်စီ အနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို ပြန်တက်ခွင့်ရဖို့ မျှော်လင့်နေပြီး၊ ကမ္ဘောဒီးယားက ခန့်အပ်မယ့် အာဆီယံ အထူးသံတမန်အသစ်ကို ဘရူနိုင်းက ခန့်ထားတဲ့ လက်ရှိ သံတမန်ထက် စစ်ကောင်စီ ဘက်က အခွင့်အရေး ပိုပေးဖို့ရှိတယ်လို့ RFA ကို ပြောပါတယ်။ အာဆီယံ အထူးသံတမန်အသစ် မြန်မာနိုင်ငံ လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရ၊ မရ ဆိုတာကိုတော့ သူက တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
မြန်မာ့အရေးအတွက် ထိရောက်တဲ့ ကြားဝင်မှုဖြစ်ဖို့ဆိုရင်တော့ အာဆီယံဟာ အခုရထားတဲ့ ဘုံ သဘောတူညီ ချက်တွေကို အသေးစိတ် ထပ်ညှိနှိုင်းဖို့ လိုအပ်သလို၊ နှစ်ဖက်မျှတတဲ့ အဖြေတစ်ခုကို ရှာဖွေရလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်ပါတယ်။
"ကမ္ဘောဒီးယားအနေနဲ့ အလုပ်ဖြစ်ချင်တယ်ဆိုရင်၊ အဲဒီဆုံးဖြတ်ချက် ငါးရပ်ကို အကောင် အထည်ပေါ် စေချင်တယ်ဆိုရင် ဒါကို ရှင်းလင်းအောင် အရင်လုပ်ရမယ်။ ဒါကို ဒီအဖွဲ့ဝင်နိုင်ငံတွေက ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ပြီးမှ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။ အခြေအနေတွေက ပျော့ပြောင်းလာလို့ ကြားအဖြေတစ်ခု တွေ့တယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ်က ရှေ့တိုးလာနိုင်တာပေါ့။ အဲဒီလို မဟုတ်ရင် ရှေ့တိုးတက်ဖို့ အလားအလာ မဖြစ်ဘူး"
မြန်မာ့အရေးနဲ့ပတ်သက်ရင် ဒေသတွင်း အာဆီယံအဖွဲ့က ကြားဝင်ညှိနှိုင်းတာကို ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးက ဆန္ဒရှိနေပါတယ်။ ဒါကြောင့် မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အသစ်ခန့်အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အနေနဲ့ မြန်မာ့အရေးကို ဘယ်လောက်ထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။