အစိုးရနဲ့ တပ် မညှိနှိုင်းဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှု လေ့လာသူတွေ ဝေဖန်

သီဟထွန်း၊ သက်စုအောင်
2020.12.15
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား နှစ်နှစ်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာကနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးခဲ့တာဟာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် လမ်းစဖြစ်စေဖို့ ရည်ရွယ်တာလို့ တပ်မတော်ဘက်က ပြောလိုက်ပါတယ်။
 
NLD အစိုးရနဲ့ တပ်မတော်တို့အကြား ညှိနှိုင်းဆွေးနွေးမူ မရှိဘဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်နေတာက ရေရှည်အတွက် အလားအလာ မကောင်းဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
 
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့  ဒီဇင်ဘာ ၉ ရက်နေ့က UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
 
ဒီဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲစေဖို့ လမ်းစဖြစ်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် AA အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
 
"ဒီ AA အနေနဲ့ သူရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူတို့ဆောင်ရွက်ပေးနိုင်ဖို့ ကိစ္စတွေ လုပ်ပေးနိုင်ဖို့အတွက် တပ်မတော် ကိုရော အစိုးရကိုရော ပထမဦးဆုံး ကြေညာချက်ထုတ်ပြီးတော့ တိုက်တွန်းခဲ့တာတွေ ရှိတယ်၊ မေတ္တာရပ်ခံခဲ့တာတွေရှိတယ်၊ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက် တစ်ခုလည်းဖြစ်တယ်၊ ပြီးရင် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် လမ်းစတစ်ခုလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့သည် ဆောင်ရွက်ခဲ့တာဖြစ်တယ်၊ ဆောင်ရွက်ခဲ့တော့ လက်တွေ့ရလဒ်ကတော့ ရွေးကောက်ပွဲ ကျနော် ခဏခဏပြောဖူးတယ် ဒီကြေညာ ချက်ထုတ်ပြီးတဲ့ နေ့မှာမှ ဖြစ်တာမဟုတ်ဘူး၊ ရွေးကောက်ပွဲ မတိုင်ခင်ပေါ့နော်  နိုဝင်ဘာလ ၇ ရက် ၈ ရက်လောက် ကတည်းက ရခိုင်ပြည်နယ်မှ ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။"
 
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါရဲ့  ကြားဝင်းစေ့စပ်မှုနဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ တောင်းဆိုမှုတွေရှိလာပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် ဖြစ်ပေါ်လာတာပါ။
 
ဒါပေမဲ့ ဒီဆွေးနွေးမှုတွေကို အစိုးရဘက်က ကြိုသိခဲ့သလားဆိုတာနဲ့ အစိုးရရဲ့ အစီအစဉ် ပါ၊ မပါဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
 
AA အဖွဲ့နဲ့ မတွေ့ဆုံခင် အစိုးရနဲ့ ကြိုတင်ညှိနှိုင်းခဲ့သလားဆိုတဲ့ အမေးကို  အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားဖို့ မရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
 
ဒါပေမဲ့  AA အပါအဝင်  မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့လည်း မကြာခင် တွေ့ဆုံဖို့ရှိပြီး၊ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကလည်း တပ်မတော်နဲ့ AA တို့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကိစ္စကို သေချာအောင် လုပ်ဆောင်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်၊ နောက်ထပ်ဆွေးနွေးပွဲတွေလဲ မကြာခင် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တွေ့ဆုံပွဲအပြီး နောက်ရက်မှာ ပြောခဲ့ပါတယ်။
 
တပ်မတော်အနေနဲ့ အစိုးရအပါအဝင် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုပြီးကောင်းမွန် သင့်တော်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
 
"တပ်မတော်က AA အဖွဲ့လို အကြမ်းဖက်အဖွဲ့ လို့ သတ်မှတ်ထားတဲ့အဖွဲ့နဲ့ တွေ့တယ် ဆုံတယ်ဆိုတဲ့ ကိစ္စမှာ အစိုးရအပါအဝင် ပေါ့လေ၊ ကျနော်တို့ ဒီငြိမ်းချမ်းရေး အဲဒီအဖွဲ့တွေကို သူ အကြောင်းကြားဖို့ လိုမယ်လို့ ထင်တယ်။ အခုဟာတော့ အဲဒီအဆင့် ကျော်သွားပြီးတော့ သူတိူ့ အချင်းချင်းပဲ ဆွေးနွေးကြတယ်ပေါ့၊ ကျနော့်အမြင်ကတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ သို့မဟုတ် ဒီငြိမ်းချမ်းရေး ကောင်စီပေါ့လေ၊ ငြိမ်းချမ်းရေးကောင်စီလိုဟာမျိုး အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ရင် ပိုပြီးကောင်းမယ်လို့ မြင်ပါတယ်"
 
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်သွားတဲ့ ကိစ္စဟာ အလွန်ကောင်းတဲ့ အလား အလာဖြစ်တယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲရပ်စဲမှုဟာ ယာယီသာ ဖြစ်လေ့ရှိပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့  ငြိမ်းချမ်းရေး မရနိုင်ကြောင်း၊ စစ်ရပ်စဲရေးဟာ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ပုံစံ ဖြစ်အောင်ကြိုးစားမယ်လို့ နေပြည်တော်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မီအစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး ဘုံသဘောတူညီချက်ရဖို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်တို့ ခေါင်းဆောင်တဲ့ အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။
 
တိုင်းရင်းသားပါတီတွေဘက်က NLD ပါတီရဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တာကို သတိနဲ့ ကြိုဆိုခဲ့ကြပြီး ဒီမိုကရေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိရေးအတွက် ယေဘုယျ သဘောထုတ်ပြန်ချက် မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ဖြစ်မြောက်အောင် အကောင်အထည် ဖော်စေချင်တဲ့ သဘောထားတွေရှိပါတယ်။
 
NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်တို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ညှိနှိုင်းမှုမရှိဘဲ လုပ်နေကြတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဝေဖန်ထောက်ပြပါတယ်။
 
"ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပ်မတော်အင်အားစုနဲ့ အမျိုးသားဒီမိုကရေစီ အစိုးရတို့ ကြားထဲမှာ အပြိုင်အဆိုင် အလုအယက် လုပ်နေကြတယ်၊ တစ်ယောက်ကိုတစ်ယောက် ညှိနှိုင်းမှုလည်း မရှိဘူး ထောက်ထားမှုလည်း မရှိဘူး၊ ကိုယ်လုပ်သင့် တဲ့ဟာ ကိုယ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေကြတာပါ။ ဒါကြောင့်မို့ အခုက တပ်နဲ့  AA နဲ့က ရွေးကောက်ပွဲတွေ လုပ်ဖို့တက်ကြွ နေပေမယ့် အစိုးရနဲ့ UEC က မတက်ကြွပါဘူး၊ လုပ်တော့လုပ်မယ်ပေါ့ ဒါပေမဲ့ ဥပဒေစည်းကမ်းတွေကို လျစ်လျူရှုပြီးတော့ လုပ်ချင်တိုင်းလုပ်လို့တော့ မရဘူးဆိုတာ တပ်ကို ရည်ညွှန်းပြီး ပြောလိုက်တာပေါ့ "
 
ရခိုင်ပြည်နယ်မှာ လတ်တလော စစ်ရပ်စဲထားတဲ့ အခြေအနေကနေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် တပ်မတော်နဲ့ အစိုးရတို့ကြား ညှိနှိုင်းရမှာဖြစ်ပေမယ့် ကိုယ်ထင်ရာကိုယ်လုပ်နေမယ်ဆိုရင် အခြေအနေတွေ ပြောင်းသွားမှာ စိုးရိမ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အစိုးရနဲ့ တပ်မတော် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ညှိနှိုင်းမှုမရှိကြောင်း ဝေဖန်ပြောဆိုနေတဲ့အပေါ် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က အိမ်တော်သတင်းသမားများ ဖေ့ဘွတ်စ် ဂရုကနေ ဆက်သွယ်မေးမြန်းထားပေမယ့် တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
 
အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ တွေ့ဆုံဖို့ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ပူးပေါင်းကော်မတီ "UPDJC" အဖွဲ့ဝင်၊ ငြိမ်ချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
 
"ဒီမြောက်ပိုင်းလေးဖွဲ့နဲ့ ပတ်သက်ပြီးတော့ တစ်ဖွဲ့ချင်းနဲ့ Bi Lateral ပဲ တွေ့တွေ့  လေးဖွဲ့လုံးနဲ့ ပေါင်းတွေ့တွေ့ဆိုတဲ့ မူကတော့ ချပြီးသားဖြစ်တယ်၊ မူဝါဒအသစ်တော့မဟုတ်ဘူး၊ နောက်တစ်ခုကတော့ ဒီလေးဖွဲ့နဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် ရေးထိုးဖို့တွေ ကျနော်တို့ Draft မူကြမ်းတွေ ဘာတွေကလည်း ကျနော်တို့ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိတယ်၊ ဒါတွေကတော့ ကောင်းတယ်၊ ဒါကြောင့်မို့လို့ ခုအချိန်မှာ တစ်ဖွဲ့ချင်းနဲ့ပဲတွေ့တွေ့ လေးဖွဲ့နဲ့ပဲတွေ့တွေ့ နဂိုကတည်းက ချမှတ်ပြီးတဲ့ မူဝါဒ ဖြစ်တယ်ပေါ့လေ၊ အဲအတိုင်းကျနော်တို့ ဆက်ပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် သွားနိုင်ဖို့ ကျနော်တို့ကတော့ မျှော်လင့်တယ်ပေါ့။"
 
AA အပါအဝင် မြောက်ပိုင်း လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ သူက မပြောပါဘူး။
 
အစိုးရနဲ့ တပ်မတော်တို့ကြား ဘုံသဘောတူညီချက် နားလည်းမှု မရှိဘဲ ငြိမ်းချမ်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျူ  MIPS အမှုဆောင်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။
 
"အဓိကကတော့ တပ်မတော်နဲ့ အစိုးရတို့ကြားမှာ ဘုံမဟာဗျူဟာ တစ်ခုမရှိဘဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ချဉ်းကပ်မယ်ဆိုရင်တော့ ကျနော်တို့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်၊ ဒါကတော့ တပ်မတော်က သူ့ပုံစံနဲ့ချဉ်းကပ် အစိုးရက သူ့ပုံစံနဲ့ ချဉ်းကပ်တော့ လုပ်လို့ မရဘူးပေါ့နော်၊ ကျနော်တို့ အပစ်အခတ် ရပ်စဲရေးကတော့ တပ်မတော်နဲ့ အဆင်ပြေရင် အပစ်အခတ်ရပ်စဲရေးက  အဆင် ပြေနိုင်ပါတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်း ရှိတာမဟုတ်ဘူးလေ၊ နိုင်ငံရေးအရ သဘောတူညီမှု ယူရတာတွေအများကြီး ရှိတယ်ဆိုတော့ အဲဒီအပိုင်းတွေ ပါလာပြီဆိုရင် အစိုးရ တပ်မတော် နှစ်ခု နားလည်မှုရဖို့ အရမ်း အရေးကြီးတယ်၊ သူတို့ နှစ်ခုလုံး နားလည်မှုမရှိဘဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်သွားတယ်ဆိုတာ ဘယ်နိုင်ငံမှ မရှိဘူး"
 
AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးနိုင်ရင် နောက်ပိုင်းဆွေးနွေးပွဲတွေမှာ အစိုးရ ဦးဆောင်ပါဝင်လာနိုင်မယ်လို့ ယူဆကြောင်း ရခိုင်အမျိုးသားပါတီ ANP နိုင်ငံရေး ဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
 
"အစိုးရအနေနဲ့ကတော့ AA ကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ထားတဲ့အခါမှာ အဲဒီ သတ်မှတ်ချက်ကို မပယ်ဖျက်ဘဲနဲ့တော့  သူ့အနေနဲ့ ဝင်ပြီးတော့ ဒီကိစ္စမှာပေါ့နော်၊ ဒီဂိမ်းမှာ ဝင်ကစားလို့တော့ ရမှာမဟုတ်ဘူးပေါ့၊ ဒါကြောင့် အဓိကတော့ အစိုးရဘက်က ပါလာနိုင်မယ်ဆိုရင် အစိုးရကိုယ်တိုင်က AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အရင်ဆုံး ဒါ ပယ်ဖျက်ပေးဖို့ ဒါ ပထမခြေလှမ်း လှမ်းနိုင်ဖို့လိုတယ်၊ အဲလို ပယ်ဖျက်ပေးနိုင်တယ်ဆိုရင်တော့ အစိုးရလည်း ဝင်ပြီးတော့ ဒီကိစ္စတွေမှာ ပါဝင်ဆွေးနွေးလာလိမ့်မယ်လို့ ကျနော်တို့က ထင်ပါတယ်။"
 
တိုက်ပွဲတွေ ရပ်ဆိုင်းနေတာ တစ်လကျော်ကြာနေပြီဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း မကြာခင် တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။