စစ်တွေမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးခံနေရ

RFA Burmese
2024.06.18
စစ်တွေမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးခံနေရ
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ကျက်တောပြင်၊ ကြွီတဲ၊ ရေချမ်းပြင်၊ ပလ္လင်ပြင်အစရှိတဲ့ ရွာ ၁၂ ရွာက ဒေသခံတစ်သောင်းကျော်ဟာ ပြီးခဲ့တဲ့အပတ်က မြို့ပေါ်ကို အတင်းအကျပ်ပြောင်းရွှေ့ခံခဲ့ရသလို မြို့ပေါ်မှာလည်း အရပ်သားတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးခံနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇွန် ၁၅ ရက်နေ့ညက စစ်တွေမြို့ မင်းဂံရပ်ကွက်က ဒေသခံ နှစ်ရာခန့် နေအိမ်တွေကနေ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေအထဲက အစိုးရဝန်ထမ်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ဝန်ထမ်းတွေကိုတော့ ဇွန် ၁၇ ရက် မနေ့ညနေနဲ့ ဒီနေ့မနက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ အများစုကတော့ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲမှာ ဖမ်းဆီးခံထားရဆဲပဲလို့ ပြောကြပါတယ်။

ဒေသခံတွေဟာ ဘယ်အချိန် ဖမ်းဆီးခံရမလဲဆိုတာ အချိန်နဲ့အမျှ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တွေမြို့ခံတွေကတော့ ကျီးလန့်စာစားပေါ့နော်။ လက်နက်ကြီးပဲ ကျမလား။ ဘယ်နေ့ အဖမ်းခံရမလဲ။ အကြောက်တရားတွေ လွှမ်းမိုးပြီး နေရသလိုမျိုး ဖြစ်နေတာပေါ့နော်။ ဘယ်ကနေ လာပြီးတော့ ခေါ်မလဲ။ သူတို့က မြို့ထဲမှာပဲ အကုန်လုံးကို ထိန်းသိမ်းထားသလိုမျိုး ဖြစ်နေတာပေါ့နော်။ စစ်တွေမှာဆိုရင် လေကြောင်းလမ်းတစ်ခုပဲ ထွက်ပေါက်ရှိတယ်။ လေကြောင်းလမ်းလည်း ပိတ်သွားရင် စစ်တွေတစ်မြို့လုံး ပိတ်ကုန်ပြီပေါ့”

စစ်ကောင်စီတပ်ဟာ မြို့အနီးအနားနဲ့ မြို့ပေါ်တွေမှာ လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းထားတာတွေ တွေ့ရပြီး ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်တိုင်းမှာလည်း ဝင်ရောက်စစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၄ ရက်နေ့ကလည်း စစ်တွေမြို့နယ် ရွှေပြည်သာရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီးနောက် ဒေသခံ ဆယ်ဦးကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

“စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အရပ်သားတွေအပေါ်မှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာပါ”

ပြီးခဲ့တဲ့မေလအတွင်းကလည်း စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့လူငယ် နှစ်ရာခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေအပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ် ရှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိမှာ စစ်တွေနဲ့ မောင်တော နှစ်မြို့သာ ကျန်ရှိတော့ပါ။ AA အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲတွေ မကြာခင် စစ်တွေမြို့ကိုပါ ရောက်လာနိုင်တဲ့အတွက် စစ်ကောင်စီက AA အဖွဲ့နဲ့ပတ်သက်လို့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးတာနဲ့ AA အဖွဲ့ မခိုလှုံနိုင်အောင်ဆိုပြီး ကျေးရွာတွေကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

မြို့ပေါ်ကို အတင်းအကျပ် ပြောင်းရွှေ့ခံရသူတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရပြီး အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ အတင်းအကျပ်ပြောင်းရွှေ့ခံရသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တွေမြို့ထဲမှာပဲ ပိတ်မိနေပါတယ်။ စားဖို့ သောက်ဖို့ကလည်း အခက်အခဲ၊ နေဖို့ထိုင်ဖို့ကလည်း အခက်အခဲ၊ မိုးရွာရင် နေစရာကလည်း အခက်အခဲ။ အိမ်ကနေ ဘာမှယူလာခဲ့လို့ မရဘူး။ ထဘီတစ်ထည်၊ အင်္ကျီတစ်ထည်နဲ့ပဲ။ ကလေးတွေမှာလည်း ဘောင်ဘီတစ်ထည်ပဲ ပါတယ်”

စစ်တွေမြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို ကူညီထောက်ပံ့ပေးမယ့် အလှူရှင်တွေလည်း မရှိတာကြောင့် ပိုပြီးအခက်အခဲဖြစ်နေတာလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်ကနေတစ်ဆင့် တွေ့ရစဥ်။ (Photo: RFA)
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဝေဟင်ကနေတစ်ဆင့် တွေ့ရစဥ်။ (Photo: RFA)

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အရပ်သားတွေအပေါ်မှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာလို့ ရခိုင်ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို လူသားဒိုင်းကာအနေနဲ့ လုပ်မယ်ဆိုတဲ့သဘော မြင်တွေ့ရတယ်။ ဒီလိုလုပ်တာဟာ ပြည်သူတွေအတွက် နစ်နာမှုသာဖြစ်တယ်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘဲနဲ့ သူတို့အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။ ဒါဟာ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်နေတာပဲလို့ မြင်ပါတယ်”

ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ခုနစ်လအတွင်း မြို့နယ် ဆယ်မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

ဆက်လက်ပြီးတော့လည်း အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေကိုပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တွေမြို့ကိုလည်း မကြာမီအချိန်အတွင်းမှာ AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။