အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတ်ဖြတ်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့

2022.07.14
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတ်ဖြတ်မှု ၁၈၀၀ ကျော် ကျူးလွန်ခဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ရုပ်အလောင်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က မြေမြှုပ်သင်္ဂြိုဟ်စဉ်
Photo: Citizen Journalist

အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မှုပေါင်း ၁၈၇၅ ခုကို ကျူးလွန်ခဲ့တယ်လို့ ဒီဖြစ်စဉ်တွေကို အသေးစိတ် လေ့လာနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဇူလိုင် ၈ ရက်နေ့က ထုတ်ပြန်တဲ့ AAPP အစီရင်ခံစာမှာ ဖမ်းဆီးအကျဉ်းချမှု၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု စတာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ နိုင်ငံတစ်ဝန်းက မျက်မြင်သက်သေ၊ အသက်ရှင်ကျန်ရစ်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေအပေါ် အခြေခံပြီး စစ်ကောင်စီရဲ့ တပ်မ ၄၄၊ တပ်မ ၆၆ နဲ့ တပ်မ ၇၇ တို့က အဓိက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ AAPP က အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

"ICC မှာ တရားစွဲဆိုခွင့်ရနိုင်ဖို့အတွက် အဘက်ဘက်ကနေပြီး အားလုံးဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ပါတယ်"

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှာ အရေးယူဖို့ လုံလောက်တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဦးအောင်မျိုးကျော်က ပြောပါတယ်။

"ICC က တရားစီရင်မယ်ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့ နှစ်အပိုင်းအခြားထဲမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျုံးဝင်ပါတယ်။ ဒါကြောင့် NLD အစိုးရ လက်အောက်မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဒီနေရာမှာ သွားပြီးတော့ အကျုံးဝင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ICC မှာ တရားစွဲဆိုခွင့် ရနိုင်ဖို့အတွက် အဘက်ဘက်ကနေပြီး အားလုံးဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ပါတယ်"

လက်ရှိမှာ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်တွင်းတရားရုံးတွေ လွတ်လွတ်လပ်လပ် မလည်ပတ်နိုင်သေးလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတယ်လို့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

AAPP ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေထဲမှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်၊ ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး လူ ၃၅ ယောက် အစုအလိုက်၊ အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။ အဲဒီသတ်ဖြတ်မှုကို ပဲခူးတိုင်း ပြည်မြို့နယ်၊ အင်းမ အခြေစိုက် တပ်မ ၆၆ က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ AAPP က ရေးသားထားပါတယ်။

မိုဆိုရွာအနီး အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မသန်စွမ်းအမျိုးသားတစ်ယောက်ရဲ့ ညီမဖြစ်သူက သူ့အစ်ကိုအတွက် တရားမျှတမှု လိုချင်တယ်လို့ RFA ကို ပြောပါတယ်။

"ဒီ စစ်ကောင်စီကိုလည်း အမြန် အမြစ်ပြတ်စေချင်တယ်။ နောက်ပြီး တရားမျှတမှု လည်း လိုချင်တာပေါ့နော်။ သူတို့ လိမ်လို့ မရဘူးပေါ့နော်။ တကယ်ခံရတဲ့သူက ခံနေရတယ်။ အသက်ပေးသွားသူက ပေးလိုက်ရတဲ့အတွက် ဘယ်လိုပဲနေနေ အဖြေကတော့ ပေါ်မှာပဲ ဒါမျိုးပေါ့နော်"

စစ်ကောင်စီကတော့ မိုဆိုရွာအနီး အစုလိုက်၊ အပြုံလိုက်သေဆုံးမှုဟာ အပြန်အလှန် ပစ်ခတ်ရင်း ဖြစ်ပွားခဲ့တာလို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဇူလိုင် ၈ ရက်က ထုတ်ပြန်ထားတဲ့ AAPP ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ AAPP ရဲ့ အစီရင်ခံစာပါ အချက်အလက် တွေအပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်တွေကို စုဆောင်းပြီး နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ အရေးယူဖို့ ကြိုးစားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုတွေကို အထူးဖွဲ့စည်းပြီးတော့ စစ်ဆေးတဲ့ Ad Hoc Tribunals လို့ ခေါ်တဲ့ အရေးပေါ် ခုံရုံးဖွဲ့ စစ်ဆေးဖို့ကိုလည်း ကျနော်တို့ ကြိုးပမ်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ယူဂိုဆလားဗီးယား၊ ရဝမ်ဒါ စတဲ့ နိုင်ငံတွေမှာ စစ်ဆေးခဲ့တာတွေလည်း ရှိတဲ့အတွက် အဲဒီလမ်းကြောင်းကို ကြိုးစား ပြီးဖော်မယ်။ တစ်ဖက်မှာ (Rome Statue) စာချုပ်အရ တရားခုံရုံးတင်နိုင်သလို နောက်ထပ် နည်းလမ်းတွေနဲ့လည်း ကြိုးပမ်းနေပါတယ်"

ဒီနည်းလမ်းတွေကနေ စစ်ကောင်စီက တာဝန်ရှိတဲ့ ထိပ်သီးခေါင်းဆောင်တွေကို အရေးယူနိုင်လိမ့်မယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

thantlang-fire.jpg
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တွေ့ရစဉ် (Photo: The Chinland Post)

စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တဲ့ မိုဆိုရွာအနီး သတ်ဖြတ်မှု၊ မုန်တိုင်ပင်ရွာအနီး လူသတ်မှုနဲ့ ထန်တလန်မြို့ မီးရှို့မှုတွေကို ဩစတြေးလျနိုင်ငံ တရားရုံးမှာ တရားစွဲဆိုနိုင်ဖို့ ဇူလိုင် ၇ ရက်နေ့ကစပြီး NUG က ကြိုးစားနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် စစ်ကောင်စီ တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ အရေးယူနိုင်ဖို့ မြန်မာနိုင်ငံ တာဝန်ယူမှုစီမံချက်လို့ အဓိပ္ပာယ်ရတဲ့ Myanmar Accountability Project – MAP အဖွဲ့ က တူရကီနိုင်ငံတရားရုံးမှာ ဒီနှစ် မတ်လမှာ တရားစွဲဆိုထားပါတယ်။

ဒီအပြင် အာဏာမသိမ်းခင်ကာလ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားပါတယ်။ အဲ့ဒီအမှုအတွက် စီရင်ခွင့် ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ICJ တရားသူကြီး တွေက ဇူလိုင် ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက် ချဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။