ရခိုင်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ မပြေလည်နိုင်သေး

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.05.21

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲနေတာ အချိန် ၇ လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲဖြစ်သလို နှစ်ဘက်လုံးရဲ့ စစ်အင်အားကလည်း အရင်အတိုင်းရှိနေဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။

အခုလို တိုက်ပွဲတွေရပ်စဲနေပေမဲ့ နှစ်ဘက်စလုံးက စစ်အင်အားတွေ လျှော့ချတာမတွေ့ရသလို၊ စစ်ဘေး ဒုက္ခသည်အရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း ထူးထူးခြားတိုးတက်လာတာ မရှိသေးဘူးလို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာသူတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ် ကတော့ အခုလက်ရှိ ရခိုင်မှာ တိုက်ပွဲတွေ မဖြစ်ပေမဲ့၊ တပ်မတော်ရဲ့ စစ်စခန်းတွေက အရင်ကအတိုင်းရှိနေဆဲပဲလို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေသာမဖြစ်တာ တပ်မစခန်းတွေက လျော့သွားတာ သိပ်မတွေ့ရဘူး။ အင်အားကလည်း တိုးတဲ့ အခါတိုးတယ်။ လျော့တဲ့အခါလျှော့တယ် အဲဒီလိုမျိုးတော့တွေ့ရတယ်။ အစိုးရစစ်စခန်းတွေလည်း ဆုတ် မသွားဘူးဆိုတော့ အဲဒီအနီးအနားပတ်ဝန်းကျင်က ရွာတွေက လွတ်လွတ်လပ်လပ် သွားလာလို့မရတာတို့ အစစ်အဆေးတွေလည်းရှိတော့ လယ်ယာလုပ်ငန်းရော ကုန်သွယ်ရေးလုပ်ငန်းတွေရော နှောင်နှေးမှုတော့ ရှိတယ်။ အောက်ခြေမှာတော့ နှစ်ဖက်လုံးက တင်းတင်းမာမာတော့မရှိဘူး။ ဒါပေမဲ့ တခါတခါလှုပ်ရှားတာ၊ အစိုးရဘက်က ကြေညာချက်တွေထွက်တာကတော့ နည်းနည်းအန္တရာယ်ကြီးတယ်။ တစ်စုံတစ်ရာဖြစ်သွား နိုင်တဲ့ အနေအထားရှိတယ်”

ရသေ့တောင်မြို့နယ်က ထီးစွဲ၊ အောင်သာစည်၊ အမျက်တောင် စတဲ့ ကျေးရွာတွေနဲ့ အရင်က တပ်စခန်းချခဲ့တဲ့ ကျေးရွာအနီးမှာ အခုအချိန်ထိ တပ်စခန်းရှိနေဆဲဖြစ်သလို၊ ရသေ့တောင်- ပုဏ္ဏားကျွန်း ကားလမ်းအပြင် တခြားလမ်းတွေမှာလည်း တပ်မတော်စစ်ဆေးရေးဂိတ်တွေ ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။

NLD အစိုးရလက်ထက်က ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ ချန်လှပ်ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်က အပြန်အလှန်သဘောထားတွေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာပါ။

ဒါပေမဲ့ အခုလိုရပ်စဲတာဟာ ရက္ခိုင့်တပ်တော် AA နဲ့ ခိုင်မာတဲ့ကတိကဝတ်နဲ့ အပစ်အခတ်ရပ်စဲထားတာ မဟုတ်ဘဲ ယာယီအပစ်အခတ်ရပ်စဲမှုသာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော် AA ရဲ့ ၁၂ နှစ်မြောက် တပ်မွေးနေ့ သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး စိတ်ချရတဲ့အနေအထား မဟုတ်တဲ့အတွက် စစ်ရေးသတိ လုံး၀ မပေါ့လျော့ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ အခု တိုက်ပွဲတွေရပ်စဲနေတဲ့ကာလမှာ တရားစီရင်ရေးနဲ့ အခွန်အခကောက်တာ တွေကို လုပ်ဆောင်နေတာတွေ့ရတယ်လို့ ရသေ့တောင်မြို့နယ်က ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်စောဝင်း က RFA ကို ပြောပါတယ်။

“အခုက အေအေကလုပ်နေတာကတော့ တရားစီရင်ရေးတို့ နောက်ပြီးတော့ လေယာဥ်နဲ့ ဆည်မြောင်း နောက်ပြီးတော့ အခွန်ကောက်တာတို့ကိုတွေ့ရတယ်။ အဲဒီမှာအမျိုးသားအခွန် တပ်တော်အခွန်ဆိုပြီး တော့လေ။ အဲဒီလိုတော့တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ နိုဝင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံခဲ့ရတဲ့စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်နဲ့ စခန်းပြင်ပက နီးစပ်ရာနေရာအသီးသီးမှာ ခိုလှုံခဲ့ကြရတဲ့ ဒုက္ခသည် တစ်သိန်းငါးသောင်းကျော်၊ စုစုပေါင်း ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပါတယ်။

စစ်ပွဲတွေရပ်စဲနေတဲ့ အချိန် ၇ လနီးပါးကာလမှာ စခန်းပြင်ပ နေထိုင်နေတဲ့ ဒုက္ခသည်အများအပြား နေရပ် ပြန်နိုင်ကြပေမယ့် ဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ ဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

တိုက်ပွဲတွေမရှိခဲ့တဲ့ အချိန် ၇ လနီးပါးကာလအတွင်း စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် တစ်သောင်းကျော် လောက်သာ နေရပ်ကိုပြန်နိုင်သေးသလို စခန်းပြင်ပက နီးစပ်ရာနေရာအသီးသီးမှာလည်း ဒုက္ခသည် ငါးသောင်းကျော်ရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စာရင်းအချက်အလက်တွေ ကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကပြောပါတယ်။

သူတို့တွေဟာ နေအိမ်တွေမီးရှို့ခံရတာ၊ တပ်မတော်စစ်စခန်းတွေချထားတာ၊ မြေမြှုပ်မိုင်းအန္တရာယ်တွေ ရှိနေတာကြောင့် ကျေးရွာတွေကို မပြန်နိုင်ဘဲဖြစ်နေကြတာလို့ ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ဆိုပါတယ်။

“ဒီဒုက္ခသည်စခန်းတွေမှာ နေပြီးတော့မှ နေရပ်မပြန်နိုင်တဲ့သူတွေ တော်တော်များများက သူတို့ရဲ့ရပ်ရွာမှာ နေအိမ်တွေ မီးရှို့ခံထားရတယ်။ တချို့လုံးဝပျက်စီးသွားကြတယ်။ တချို့ရွာတွေမှာဆိုလို့ရှိရင် တပ်က အဲဒီ ရွာမှာ တပ်စွဲထားတာတွေရှိတယ်။ နောက်တစ်ခုက အဲဒီရွာတွေက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွား ခဲ့ပြီးမှ သူတို့ လုပ်ကိုင်စားသောက်တဲ့နေရာက ဘယ်လိုမှမလုံခြုံဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရှိတယ်။ နောက်ပြီးတော့ အနီးအနားမှာ စစ်ရေးလှုပ်ရှားမှုတွေ ခဏခဏတွေ့နေရတယ်။ အဲဒီလိုအနေအထားမျိုးရှိနေတဲ့အခါကျတော့ သူတို့မှာနေရပ်ပြန်နိုင်ဖို့က တော်တော်လေးကို မလွယ်ကူဘူးပေါ့နော်။ နောက်ပြီးတော့ အဲဒီလိုပြန်နိုင်ဖို့ ပံ့ပိုးကူညီမယ့်အပိုင်းမှာလည်း အာမခံချက်မရှိဘူး။ ဒီလိုအခြေအနေတွေကြောင့် ဒီအရေအတွက်က မပြန်နိုင်ဘဲ ကျန်နေခဲ့တာ ဖြစ်ပါတယ်”

တိုက်ပွဲတွေရပ်စဲနေပေမဲ့ ဒုက္ခသည်တွေအားလုံး နေရပ်မပြန်နိုင်ကြသေးသလို၊ မပြီးပြတ်နိုင်သေးတဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်အာသိမ်းမှုဂယက်တွေကြောင့် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကဏ္ဍ ကလည်း ကျဆင်းနေဆဲလို့ ရခိုင်စီးပွာရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

တိုက်ပွဲတွေငြိမ်သက်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေက တိုးတက်မလာသေးဘူးလို့ ရခိုင်စီးပွားရေး ဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက် REIC ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးပြောပါတယ်။

“အခြေအနေကတော့ တိုက်ပွဲမဖြစ်တာတော့မှန်တယ်။ ဒါပေမဲ့ ငြိမ်သက်တယ်လို့ပြောလို့မရဘူး။ စိတ်မချ ရတဲ့ အနေအထားတစ်ရပ်ပေ့ါနော်။ အဲဒါကြောင့်မို့ လူတွေရဲ့ စီးပွားရေး အလုပ်အကိုင် အနေအထားတွေ ဟာ ဘာတစ်ခုမှ ပုံမှန်အနေအထားတွေ မဟုတ်ဘူး။ ရခိုင်က နဂိုကတည်းကလည်း ဆင်းရဲတယ်။ အခုအခြေ အနေမျိုးတွေမှာ ဘဏ်ရဲ့ငွေကြေးဆိုင်ရာသက်ရောက်မှုတွေ ကုန်သွယ်ရောင်းဝယ်မှုတွေ အကုန်လုံးက တုံ့နှေးသွားတဲ့အနေအထားတွေရှိတယ်။ နောက်ပြီးတော့ ရှေ့ဆက်ပြီး တိုက်ပွဲအခြေ အနေတွေ နိုင်ငံရေးအခြေအနေတွေ စီးပွားရေးအခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ဥစ္စာကို စိုးရိမ်းရတဲ့အခြေအနေမှာရှိတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ အခုမေလအထိ စီးပွားရေးကဏ္ဍအလိုက် ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကတော့ ရခိုင်မှာ တိုက်ပွဲတွေရပ်စဲနေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ရိက္ခာအဆင်ပြေအောင် ဆောင်ရွက် နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားဖွံ့ဖြိုးရေးကိစ္စတွေလုပ်ဖို့အတွက်တော့ အာမခံချက်ရှိတဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့လိုကြောင်း RFA ကိုပြောပါတယ်။

“အရင်တုန်းက တိုက်ပွဲတွေဖြစ်နေတဲ့အခါ သူတို့က စစ်ဘေးသာရှောင်ရတယ်။ စစ်ဘေးရဲ့ စက်ကွင်းနဲ့ လုံးဝလွတ်သွားသလားလို့ ပြောလို့မရဘူး။ အခုကတော့ နှစ်ဖက်လုံးအပစ်အခတ်တွေ မရှိတဲ့အတွက် ကြောင့် သူတို့ငြိမ်းချမ်းတယ်။ ကျွန်တော်တို့လည်း ရိက္ခာတွေဝေငှတဲ့အခါမှာ အဆင်ပြေတယ်။ သွားလို့ လာလို့လည်း အဆင်ပြေတယ်။ စီမံခန့်ခွဲရတာလည်းကောင်းတာပေါ့။ ကျန်တဲ့ဖွံ့ဖြိုးရေးအပိုင်းကို သွားမယ်ဆိုလို့ရှိရင် ဒီလိုတစ်လနှစ်လ ငြိမ်းချမ်းရေးနဲ့ အဆင်မပြေဘူး။ ရေရှည်ငြိမ်းချမ်းမှု အာမခံချက် ရှိလာမှ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”

ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးကိုလည်း ဆောင်ရွက်နေပြီး၊ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း မြောက်ဦး မြို့နယ် လက္ကာကျေးရွာနဲ့ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာမှာ မီးရှို့ခံခဲ့ရတဲ့ လူနေအိမ် ၂၃၀ ကျော်ကို ငွေ ၅၀ သိန်းစီ ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပြန်ဖို့တင်ပြလာရင် အထောက်အပံ့ပေးမှာဖြစ်ပြီး၊ တိုက်ပွဲတွေ လုံးဝရပ်စဲတဲ့ အခြေအနေမဟုတ်လို့ လမ်းမှာ စစ်ဆေးရေးဂိတ်တွေရှိနေတာဖြစ်တယ်လို့လည်း ပြည်နယ် ကောင်စီဝင် ဦးလှသိန်း က ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲနေတဲ့ကာလအတွင်း ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က မေးမြန်းခဲ့ပေမဲ့၊ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလောလောဆယ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား နှစ်ဘက်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းအလားအလာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့  ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ပွဲတွေရပ်စဲနေတဲ့ကာလအတွင်း တပ်မတော်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစလို့ အမ်း စစ်တွေ၊ ရသေ့တောင် အငူမော်စတဲ့ကားလမ်းတွေနဲ့ အနီးအနားတွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် ကျေးရွာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာတော့ မိုင်းရှင်းလင်းတာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတွင်း NLD အစိုးရလက်ထက်က အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့က စစ်ကောင်စီကနေ အကြမ်းဖက်အုပ်စုအဖြစ်ကနေ ရုပ်သိမ်းကြောင်း ကြေညာ ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံရသူတချို့ကို ပြန်လွတ်လာတာတွေရှိသလို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ကလေးသူငယ်အမှုတွေကိုလည်း စစ်တွေခရိုင်တရားရုံးမှာ ရုပ်သိမ်း လွှာတင်ထားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံ နှစ်ရာကျော်ကတော့ အကြမ်းဖက်ဥပေဒေတွေနဲ့ ဖမ်းဆီး တရားစွဲခံနေရစဲပဲလို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့စာရင်းတွေအရ စစ်ရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ မိုင်း၊ လက်နက်ကျည်တွေအပြင် နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၃၁၆ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၇၂၉ ဦးရှိခဲ့ပါတယ်။

အဲဒီအထဲက အခုတိုက်ပွဲတွေရပ်စဲနေတဲ့ အချိန် ၇ လနီးပါးကာလအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ နဲ့ ထိခိုက်ဒဏ်ရာရသူ ၄၈ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။