ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီ ဖွဲ့စည်း

RFA Burmese
2024.02.13
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီ ဖွဲ့စည်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။
STR / AFP

Updated 4:40 PM Feb 14, 2024

ပြည်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မယ့် “ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့” ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။

အဲဒီအဖွဲ့ကို စစ်ကောင်စီရဲ့ လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စစ်ဥပဒေချုပ်၊ စစ် ထောက်ချုပ်နဲ့ ရှေ့နေချုပ် အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

"သူတို့ဆီမှာ လက်နက်တွေနဲ့ဆိုတော့ သူတို့ပေးတဲ့ ပညာသင်မယ်၊ အခွင့်အခါရရင်တော့ လွတ်မြောက်နယ်မြေထဲ ဝင်မယ်"

အဲဒီအဖွဲ့ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ (၆) အရ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စတဲ့ စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့တွေကို လိုအပ်သလို ဆက်လက်ဖွဲ့စည်းသွားမှာပါ။ စစ်ကောင်စီဘက်က ဒီလို တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်လာတဲ့အပေါ် စိုးရိမ်ကြောက်လန့်မိတယ်လို့ လူငယ်အများစုက ပြောပါတယ်။

ဒီအချိန် စစ်မှုထမ်းရင် သေမယ်ဆိုတာ သိနေပေမယ့် တခြားရွေးချယ်စရာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

“ဘယ်သူက စစ်မှုထမ်းချင်မှာလဲ။ သူတို့လုပ်နေ ဟုတ်မှမဟုတ်တာ။ နောက်ပြီးတော့ ဒါမှန်လား၊ မှားလား လူတိုင်းသိနေတယ်။ ဝင်ရင် သေမယ့်လမ်းပဲ ရှိတယ်။ အဲတော့ စစ်မှုမထမ်းချင်ဘူး။ သူငယ်ချင်းတွေကလည်း ဒီအတိုင်းပဲလေ၊ အကုန်လုံးက တကယ့်တကယ်တမ်း ဖြစ်သွားရင်လည်း ဝင်ရမှာပဲ။ အဲလိုမဖြစ်မနေ လာခေါ်ပြီဆိုရင် လိုက်ရမှာပဲ။ သူတို့ကို ဘာမှတော့ ပြန်လုပ်လို့ မရဘူး။ သူတို့ဆီမှာ လက်နက်တွေနဲ့ဆိုတော့ သူတို့ပေးတဲ့ ပညာသင်မယ်၊ အခွင့်အခါရရင်တော့ လွတ်မြောက်နယ်မြေထဲ ဝင်မယ်။ ဒါပဲပေါ့”

အမည်လွှဲ ကိုမင်းလွင် လို့ပေးထားသူ မန္တလေးမြို့က အသက်၂၂ နှစ်အရွယ် လူငယ်တစ်ဦးကတော့ လက်ရှိ အခြေအနေမှာ PDF တပ်ဖွဲ့ထဲလည်း မဝင်ချင်၊ စစ်တပ်ထဲလည်း မဝင်ချင်တာကြောင့် လူငယ်တွေမှာ တခြား ရွေးချယ်စရာ လုံးဝမရှိတော့ဘူးလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ ရွေးချယ်စရာ လုံးဝမရှိဘူး။ စစ်ကောင်စီက ချောင်ပိတ်ပြီး တပ်ထဲ ဝင်ခိုင်းနေတာ။ အခုဆို နေ့ရောညပါ အပြင်မထွက်ရဲကြတော့ဘူး။ ပေါ်တာဆွဲတာတွေကလည်း အရမ်းကိုများလာတော့ ကြောက်နေရတာပေါ့။ သူငယ်ချင်းတွေကတော့ PDF ထဲ ဝင်မယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ စစ်မတိုက်နိုင်တော့ ဘာလုပ်ရမလဲမသိဘူး ဖြစ်နေတယ်"

သူဟာ စစ်တပ်အာဏာမသိမ်းခင်က မန္တလေးတက္ကသိုလ်မှာ မြန်မာစာပထမနှစ် တက်ရောက်ခဲ့ပေမယ့် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံတော်ကိုကာကွယ်ဖို့ အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားနိုင်မယ့်အခွင့်အရေးလို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက တစ်ဆင့် ဖေဖော်ဝါရီ ၁၃ ရက်ညက ထပ်ပြောခဲ့ပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆောင်ရွက်တဲ့အခါမှာ အားလုံးပဲ ခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲ သေနတ်ကိုင် ဒီနေ့ပဲ ရှေ့တန်းထွက်ရမလို ပြောနေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပရော်ဖက်ရှင်နယ် စစ်သားတစ် ယောက်၊ ပရော်ဖက်ရှင်နယ် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်တဲ့သူတွေလို စစ်ပညာ၊ နိုင်ငံတော် ကာကွယ်ရေးပညာကို အပြည့်အ၀ သင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်”

၂၀၁၉ သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါး ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ရပ်ကွက်ပေါင်း သုံးထောင်ကျော်နဲ့ ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိပြီး ရပ်ကွက် တစ်ခုမှာ စစ်မှုထမ်းဖို့ လိုအပ်သူ တစ်ဦး၊ နှစ်ဦးထက် မပိုနိုင်တာကြောင့် မိဘတွေ စိုးရိမ်စရာမလိုဘူးလို့လည်း သူက ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် သားတစ်ယောက် ရှိနေတာကြောင့် သားအတွက် စိုးရိမ်နေရတယ်လို့ ရန်ကုန်မြို့ခံ ဦးဝေလွင်ဦး က ပြောပါတယ်။

"မိဘတွေကတော့ စိတ်ပူတာပေါ့ အင်မတန်မှ။ အဓိက ကတော့ ရွေးချယ်စရာ နှစ်ခုပဲ ရှိတာပေါ့နော်။ သားတွေ သမီးတွေကို မိဘတစ်ယောက်အနေနဲ့ နောက်ဆုံးပြောချင်တာက ဘယ်လမ်းကို ရွေးမလဲ။ အဲဒီလိုမှ မရွေးဘူးဆိုရင် ဒါကို တွန်းလှန်တိုက်ထုတ်မလား။ မေးခွန်းနှစ်ခုပဲ ရှိတယ်။ အဲဒီတော့ မိဘတွေကတော့ (ပြည်သူ့စစ်မှုထမ်းဥပဒေကို) ကြည်ဖြူတဲ့မိဘ တစ်ယောက်မှ မရှိဘူး။ တစ်ယောက်မှလည်း ကြည်ဖြူမှာလည်း မဟုတ်ဘူး။ လက်ရှိအနေအထားမှာ အကုန်လုံးကို (သူတို့) ယုတ်မာတာ လမ်းဆုံးသွားပြီ"

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ မဖြစ်မနေ စစ်မှုထမ်းရမယ့်အသက်ကို အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ သတ်မှတ်ထားပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား တွေ့ရစဉ်။ (Photo: AFP)
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား တွေ့ရစဉ်။ (Photo: AFP)

ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေကတော့ ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္နလေးမြို့မှာ လူငယ်အများစု ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သွားလာတာ နည်းသွားတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ လက်တွေ့လုပ်ဆောင်တော့မှာဖြစ်ပြီး အပတ်စဉ် တစ်ခုတိုင်းအတွက် လူသစ်ငါးထောင် ခေါ်ယူသွားမယ်လို့ သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတော့ ဒီကိစ္စကို အတိအကျ ထုတ်မပြောသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူတွေ လိုက်နာစရာ မလိုဘူးလို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ချက်ချင်း ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။ နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မြေပြင်မှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးချဖို့ ဒီဥပဒေကို ရည်ရွယ်ချက်ရှိရှိ အသက်သွင်းလာတာလို့ ဆိုပါတယ်။

စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ လွတ်မြောက်နယ်မြေကို ထွက်ပြေးလာရင် ကူညီစောင့်ရှောက်ဖို့ ပြင်ဆင်နေ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ် က ပြောပါတယ်။

“ကျွန်တော်တို့ အခုအမှန်တိုင်းပြောရင်တော့ လွတ်မြောက်နယ်မြေတွေ ရှိနေပါပြီ။ တော်လှန်ရေးအင်အားစုတွေရယ်၊ ကျွန်တော်တို့ NUG ရယ် နှစ်ခုစလုံးမှာ ကျွန်တော်တို့ လွတ်မြောက်နယ်မြေ ၄၄ မြို့နယ်ကျော် ရှိနေပြီပေါ့။ တိုင်းရင်းသားနယ်မြေတွေလည်း ရှိနေတဲ့အနေအထားပေါ့နော်။ ဒါတွေမှာ တကယ်လို့များ ပြည်သူတွေအနေနဲ့ ဒီလိုနယ်မြေတွေကို ရောက်ရှိလာမယ်ဆိုရင် ကျွန်တော်တို့ NUG နဲ့တကွ တိုင်းရင်းသားအင်အားစုတွေက ပူးပေါင်းပြီးတော့ ဘယ်လိုကူညီစောင့်ရှောက်မလဲဆိုတဲ့ အစီအမံတွေလည်း ကျွန်တော်တို့ စဉ်းစားပြင်ဆင်နေတာတွေရှိနေပါပြီ”

စစ်ကောင်စီဟာ ပြည်သူတွေကို ပေါ်တာဆွဲ၊ စစ်မြေပြင်ကို အတင်းအကျပ်စေလွှတ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုမယ့်ကိစ္စကို ဥပဒေညီတယ်၊ တရားဝင်တယ်လို့ သုံးနှုန်းချင်တာကြောင့် အခုလိုလုပ်ဆောင်နေတာလို့ ဦးနေဘုန်းလတ် က ဖေဝန်ပါတယ်။

စစ်ကောင်စီဟာ “ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့” ကို ဖွဲ့စည်းကြောင်း ကြေညာတဲ့အပြင် အငြိမ်းစား စစ်မှုထမ်းနဲ့ နုတ်ထွက်စစ်မှုထမ်းတွေကို ငါးနှစ်အထိ စစ်မှုပြန်ထမ်းနိုင်တဲ့ အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ အတည်ပြုအသက်သွင်းကြောင်း ကြေညာခဲ့ပါတယ်။

စစ်မှုထမ်းဟောင်းတွေထဲက ခေါ်သင့်ခေါ်ထိုက်သူတွေကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး စစ်မှုထမ်းဖို့ ငြင်းဆန်မယ်ဆိုရင်တော့ သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်နဲ့ ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။