လက်နက်ကိုင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက မဆိုင်တဲ့သူတွေကို ဖမ်းဆီးနေ
အာဏာသိမ်း စစ်ကောင်စီက သူတို့ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ အခုရက်ပိုင်း သိသိသာသာ တိုးလာနေပါတယ်။ ဒီလိုဖမ်းဆီးတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲ တွေထဲမပါတဲ့ သာမန်အရပ်သား လူငယ်တွေကိုလည်း ဖမ်းဆီးခံနေရပြီး မဆိုင်တဲ့ပုဒ်မတွေတပ် အရေးယူခံ နေရတယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက RFA ကို ပြောကြပါတယ်။
ဒီတစ်ပတ်အတွင်းမှာပဲ ရန်ကုန်က လူအယောက် ၅၀ ကျော်ကို ဆက်တိုက်ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီ က ကြေညာပါတယ်။ သူတို့တွေနဲ့အတူ လက်နက်ခဲယမ်းတွေလည်း ဖမ်းမိခဲ့ပြီး သူတို့ဟာ တိုင်းရင်းသားဒေသ တွေမှာ စစ်ပညာသင်ယူခဲ့ပြီး စစ်ကောင်စီကို ပြန်တိုက်နေသူတွေလို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။
"ဆယ်ဂဏန်းလောက် ဖမ်းဆီးထိန်းသိမ်းခံရရုံနဲ့ ရန်ကုန်မှာ လူကုန်ပြီထင်ရင် မှားသွားပါလိမ့်မယ်“
အဲဒီအဖမ်းခံရတဲ့ လူငယ်တွေဟာ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ ထန်းတပင် ရဲကင်းစခန်း ပစ်ခတ် ခံရမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ မိသားစုဝင်ကတော့ သူ့ရဲ့ကလေးဟာ နိုင်ငံရေးတောင် သေချာနားမလည်ဘဲ အကြောင်းမဲ့ ဖမ်းခံရတာလို့ အခုလို ပြောပါတယ်။
“ရန်ကုန်တိုင်း၊ ဥက္ကံနားက ဝံကိုက်ရွာကနေပြန်လာတာ၊ အဲဒီရွာကို အလည်သွားကြတာပေါ့၊ ပြန်လာ ကြတာကို ကားတားတော့ ကြောက်ပြီး မရပ်ဘဲနဲ့ ဆက်မောင်းလာလိုက်တာကို အဲဒီလိုဖြစ်သွားတာ၊ နိုင်ငံရေးအကြောင်းလည်း သိပ်နားမလည်ဘူး၊ တကယ်ဆို သတင်းတွေလည်း မကြည့်ဖြစ်ဘူး၊ ကိုယ့် ကလေးပါသွားတော့မှ စိတ်မကောင်းဖြစ်တာပဲရှိတယ်။ ကျန်တာတော့ ဘာပြောရမှန်းကို မသိဘူး“
နိုဝင်ဘာလ ၁၅ ရက်နေ့က ကို Abdul Wabhav၊ ကိုဇင်ကိုထက်တို့ သူငယ်ချင်းလေးယောက် ရွာကိုအလည် ပြန်လာရင်း သူတို့ စီးနင်းလာတဲ့ Toyota ကားကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကိုဇင်ကိုထက် သေနတ်ကျည်ထိမှန် သေဆုံးသွားပြီး ကျန်တဲ့သူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်တိုက်ခိုက်နေပါတယ်ဆိုပြီး မဆိုင်တဲ့သူတွေကို ဖမ်းဆီး ခံနေရတာ ရန်ကုန်တမြို့တည်းတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးလိုလိုမှာဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
လက်နက်ကိုင်တယ်ဆိုပြီး မဆိုင်တဲ့သူတွေကို ဖမ်းနေတာဟာ လက်နက်ကိုင်လမ်းစဉ်ကို လူထုယုံကြည်မှု ကင်းမဲ့လာအောင် စစ်ကောင်စီက လုပ်နေတာလို့ မန္တလေးမြို့က သပိတ်အင်အားစုဦးဆောင်သူ ကိုသူရ အောင်က ပြောပါတယ်။
“သပိတ်တွေပြတယ်။ မဆိုင်တဲ့သူတွေ ဈေးထဲသပိတ်လုပ်လို့ ဗိုက်ကြီးသည်ကအစ ဖမ်းသွားတာတို့ လုပ်တယ်။ မဆိုင်တဲ့သူတွေ ဖမ်းတယ်ဆိုတာ ပြည်သူလူထုနဲ့ တော်လှန်ရေး ရဲဘော်တွေကြားမှာ ထင် ယောင်ထင်မှာဖြစ်စေနိုင်တဲ့ ရည်ရွယ်ချက်တွေပါပါတယ်။ တော်လှန်ရေး ရဲဘော်တွေက ဒီလိုလုပ်လိုက်လို့ ဒီလိုဖမ်းရတာပါဆိုတာမျိုး လုပ်ပြီးတော့ မသက်ဆိုင်တဲ့သူတွေကို ဖမ်းဆီးတာကြုံရတယ်။ ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့အပေါ် နားလည်မှုမလွဲဖို့ မေတ္တာရပ်ခံပါတယ်“
လက်နက်ကိုင် ခုခံဖို့ ကြိုးစားနေတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့သူတွေထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော် တို့လို ထင်ရှားသူတွေလည်း ပါပါတယ်။
သူတို့တွေကို လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတဲ့ ဓာတ်ပုံတွေကိုလည်း စစ်ကောင်စီက ထုတ်ပြန်နေပါတယ်။
ဒီလိုထင်ရှားတဲ့ ခေါင်းဆောင်တွေ အဖမ်းခံလိုက်ရပေမယ့်လည်း ကျန်နေသေးတဲ့ တော်လှန်ရေးအဖွဲ့တွေ ကတော့ တော်လှန်ရေးအတွက် လုပ်စရာရှိတာဆက်လုပ်နေမှာပါလို့ လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကိုဖြိုးဇေယျာသော် ပါသွားလို့ ကျွန်တော်တို့ ရန်ကုန်တစ်မြို့လုံးအနေနဲ့ အားအရမ်းနည်းသွားတာပေါ့၊ တော်လှန်ရေးရဲဘော်တွေက ဘယ်သူပါသွားမှဆိုပြီး တစ်ဦးတစ်ယောက်ကို မီခိုအားထားရတဲ့ အနေအ ထားမျိုးတော့ အခုလူငယ်တွေထဲမှာတော့ ခံယူထားတာမရှိဘူးဗျ၊ ဟိုးအရင်ကတည်းကပြင်ဆင် ထားပြီး သားပေ့ါဗျာ၊ ကျွန်တော် မရှိဘူးဆိုပြီးတော့ ဘာမှမဖြစ်သွားဘူး၊ နောက်ထပ်ထပ်လုပ်မယ့်ဟာတွေ ထပ်ရှိပြီးသားပဲ တော်လှန်ရေးမှာတော့ တစ်ခြားကြီးကြီးမားမား ပြောင်းလဲသွားတာတော့ မရှိဘူး၊ ကြီးမားတဲ့ဆုံးရှုံးမှုတော့ ဖြစ်တယ်ပေါ့ဗျာ’’
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ပြပျောက်ကြား အဖွဲ့ဝင်တစ်ယောက်ကလည်း မဆိုင်သူတွေကို ဖမ်းနေပေမယ့် စစ်အာဏာရှင်ကို ဆက်လက်ပုန်ကန်နေဦးမယ်လို့ ဆိုပါတယ်။

“အဖမ်းခံရသူတွေထဲမှာ မဆိုင်တဲ့ အရပ်သား ပြည်သူတွေလည်း ပါဝင်နေတယ်ဆိုတာ ဖြေထားပြီးသား ဖြစ်ပါတယ်။ ရှေ့နှစ်လှမ်းတိုးဖို့ နောက်တလှမ်းဆုတ်လိုက်ရတယ်လို့ပဲ သတ်မှတ်ပါတယ်။ ဆက်လက် ပုန်ကန်နေဦးမယ့် ရန်ကုန်ပါ၊ စိတ်လျှော့လည်း တခဏပါ တဘဝစာအတွက် ကြိုးစားတော်လှန်ဖို့ အားအင်တွေပြည့်နေကြပါပြီ၊ ဆယ်ဂဏန်းလောက် ဖမ်းဆီးထိန်းသိမ်းခံရရုံနဲ့ ရန်ကုန်မှာ လူကုန်ပြီထင်ရင် မှားသွားပါလိမ့်မယ်“
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကတည်းက လမ်းပေါ်ထွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်း ဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်ကို ရတဲ့နည်းလမ်းသုံးပြီး ဖယ်ရှားမယ်ဆိုပြီး လူငယ်တွေဟာ လက်နက်ကိုင် လမ်းစဉ်နဲ့ တော်လှန်ရေး တိုက်ပွဲဆင်နွှဲနေကြတာလို့ တော်လှန်ရေးအဖွဲ့အစည်းက အဖွဲ့ဝင်တွေက ပြောကြပါတယ်။
စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၁ ရက် ဒီကနေ့အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၁၂၈၁ ယောက်ရှိပြီး၊ ဖမ်းဆီးခံထားရသူ ၇၄၃၆ ယောက်ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။