တရုတ်ရဲ့ ရပ်တည်ချက်ကြောင့် စစ်ကောင်စီ အပေါ် ပိတ်ဆို့အရေးယူမှုတွေကို အားလျော့စေ

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021.06.12

တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူတွေအတွက် လက်တုံ့ပြန်မယ့် ဥပဒေတစ်ရပ်ကို ဇွန်လ ၁၀ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီညီလာခံကို တက်ရောက်ဖို့ မထွက်ခွာခင်မှာပဲ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ တရုတ်နဲ့ ရုရှား အစိုးရတွေရဲ့ အန္တရာယ် ရှိတဲ့ လုပ်ရပ်တွေကို တုံ့ပြန်နိုင်ဖို့အတွက် ဦးဆောင်နေရာကနေ ပါဝင်ဖို့လိုတယ်လို့ ဝါရှင်တန်ပို့ သတင်းစာမှာ ရေးသားခဲ့ပါတယ်။

ဒီညီလာခံမတိုင်ခင် ဇွန်လ ၁၀ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူတွေအတွက် လက်တုံ့ပြန်မယ့် ဥပဒေတစ်ရပ်ကို သမ္မတ စီကျင်းပင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

“ပြည်ပအရေးယူဒဏ်ခတ်မှုအား တန်ပြန်သည့်ဥပဒေ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီဥပဒေသစ်ဟာ အနောက် တိုင်းနိုင်ငံတွေရဲ့ ဗိုလ်ကျလွှမ်းမိုးမှုဝါဒနှင့် ပါဝါနိုင်ငံရေးတို့ကို တန်ပြန်ဖို့၊ နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ကာကွယ်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေအတွက် ဖြစ်တယ်လို့ ရန်ကုန်မြို့က တရုတ်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီ ဥပဒေသစ်ဟာ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ ပြည်ပကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ သက်ရောက်မှုရှိမှာ ဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေ အနေနဲ့ ဒီဥပဒေပါ ပြဌါန်းချက် တွေကို မလိုက်နာရင် တရုတ်ဈေးကွက်ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

ဒီတရုတ်ရဲ့ ဥပဒေသစ်အရ တရုတ်နိုင်ငံနဲ့ တရုတ် ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတဲ့ နိုင်ငံတွေကို လက်တုံ့ပြန်ရုံတင်မကဘဲ၊ မြန်မာနဲ့ မြောက်ကိုရီးယားတို့လို အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရင်ဆိုင်နေရတဲ့ အခြားနိုင်ငံတွေအတွက်ပါ တိုးချဲ့လာမလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဒီဥပဒေဟာ ဒီမိုကရေစီဖြစ်ပေါ်ရေးကို အားပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ မထိရောက်တော့အောင် တန်ပြန်ဖို့ ကြိုးပမ်းမှု တစ်ခု ဖြစ်တဲ့တာကို တွေ့နိုင်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ အင်အားစုတွေအတွက်လည်း စစ်ကောင်စီအပေါ်မှာ အမေရိကန် ဦးဆောင်တဲ့ အနောက် နိုင်ငံတွေရဲ့ အပြစ်ပေးအရေးယူမှုတွေ ချမှတ်တာဟာ တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေတွေဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှု မရှိသလို၊ စစ်ကောင်စီကို အပြစ်ပေးအရေးယူတဲ့ အထဲမှာလည်း ပါဝင်မှာ မဟုတ်တဲ့အကြောင်း ပြသထားပြီးဖြစ်ပါတယ်။

ဇွန်လ ၈ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီဟာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍ မောင်လွင်နဲ့ ချုံကင်းမြို့မှာ တွေ့ဆုံခဲ့ရာမှာ၊ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဖို့ သဘောတူထားတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေ ဘယ်လိုပဲရှိရှိ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ၊ မြန်မာ ပြည်သူတွေအတွက် အလေးထားမှာဖြစ်ပါတယ်။ တရုတ် နိုင်ငံအနေနဲ့ အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ် သုံးမျိုးစလုံးမှာ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မယ့် လမ်းကြောင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်သွားဖို့အတွက် အားပေးထောက်ခံသွားမှာ ဖြစ်ပါတယ် လို့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောသွားတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကတော့ အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချန်ဟိုင်တို့ နေပြည်တော်မှာ တွေ့ဆုံ ရာမှာ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေကြောင့် တရုတ်၊ မြန်မာ ဆက်ဆံရေး အခြေအနေကို ပျက်ယွင်းစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး၊ ဒီလို တွေ့ဆုံမှုကို တရုတ် သံရုံးက ထုတ်ပြန်ကြေညာရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ အကြီးအကဲ နိုင်ငံ့ ခေါင်းဆောင်လို့ သုံးနှုန်းပြီး ဖော်ပြခဲ့ ပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို အားပေးထောက်ခံပြီး၊ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ တစ်ရပ်အဖြစ် လက်ခံရာရောက်နေတဲ့အတွက် အတိုက်အခံ အင်အားစုတွေက ဝေဖန်နေကြပါတယ်။

NUG အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီဆီကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို ကိုယ်စားမပြုတဲ့အကြောင်းနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်တဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ပြည်သူချင်း ဆက်ဆံရေးကို ပျက်ပြားစေမှာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က တရုတ် သမ္မတ စီကျင်းပင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် မြန်မာ နိုင်ငံကို ဖြတ်သန်း သွားမယ့် ဥရောပ အာရှဖြတ် လမ်းမတွေ ဖောက်လုပ်ရေး စီမံကိန်းနဲ့ ကျောက်ဖြူ ဆိပ်ကမ်း အထူးစီးပွားရေး ဇုန်တွေ တည်ဆောက်မယ့် စီမံကိန်းတွေကို တရုတ်နိုင်ငံ ဦးဆောင်တည်ထောင်ထားတဲ့ AIIB ဘဏ်ရဲ့ ချေးငွေ နဲ့ တည်ဆောက်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု အပြီးမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာခြင်း မရှိရင်တောင် ဒီစီမံကိန်းတွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ တရုတ် အာဏာပိုင်တွေက ပြောခဲ့တဲ့အကြောင်း The Financial Times သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်တဲ့အပြင် စင်္ကာပူပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယ ပမာဏ အများဆုံး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ နိုင်ငံလည်း ဖြစ်တဲ့အတွက် ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ကို ဆက်ထိမ်းထားဖို့ လိုအပ်တယ်လို့လည်း သတင်းစာမှာ ရေးသားဖော် ပြထားပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အာဆီယံ နိုင်ငံတွေဟာ အာဏာသိမ်း စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ မူဝါဒ တွေကို မပြောင်းလဲနိုင်သရွေ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလိုလည်း နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးသပ်ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။