အာဏာသိမ်းပြီးကတည်းက တစ်ရက်မပျက်လုပ်လာခဲ့တဲ့ ကလေးမြို့သပိတ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေသလို မြို့ပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့ဆိုရင် အချိန် ကိုးလခွဲ ကျော် ရှိလာပါပြီ။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံနဲ့အဝှမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့သလို စစ်ကိုင်းတိုင်း ကလေး မြို့မှာလည်း ရဟန်းရှင်လူ နိုင်ငံဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ဖေဖော်ဝါရီလ ၇ ရက်နေ့ ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နေ့စဉ်မပျက်လုပ်လာခဲ့တာ ဒီနေ့ဆိုရင် ရက်ပေါင်း ၂၈၄ ရက်ရှိလာနေပါပြီ။
"ဒီဆန္ဒပြပွဲ နှစ်ငါးလုံးပြည့်နောက်ပိုင်းမှာ ကလေးဝလမ်းမှာ တစ်ခါ အဲဒီတုန်းကတော့ မျက်ရည်ယိုဗုံးခွဲတာ ခွဲပြီးတော့လူစုခွဲတယ်ပေါ့။ အဲဒီတစ်ခါကြုံတယ်။ နောက်ဗိုလ်ချုပ်လမ်းမကြီး ကလေးမြို့ လမ်းဆုံအနီးမှာ တစ်ခါကြုံတယ်။ အဲဒီမှာတော့ တစ်ယောက် ကျသွားတယ်ပေါ့နော်။ သေနတ်ကျည် အစစ်တွေနဲ့ပစ်တယ်။ အဲဒီမှာတော့ တစ်ယောက် ကျသွားတယ်။ နောက်ပြီးတော့ တာဟန်း ခံတပ်တွေဖြိုတယ်။ နောက်ပြီးတော့ မြို့လှဘက်မှာလည်း ထိတွေ့မှုဖြစ်ပြီး ပစ်ခတ်တာတွေ ဖမ်းဆီးခံရတာတွေတော့ ရှိတယ်ပေါ့နော်။ နောက် ပြီးတော့ သြဂုတ်လ ၂၆ ရက်ဆိုရင် ကလေးမြို့ လျှပ်စစ်ရုံးနောက်ကျောနားမှာ ပစ်ခတ်တာတော့ မရှိပေ မယ့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးလို့ ရှစ်ယောက် အနည်းဆုံး အဖမ်းခံလိုက်ရတယ်ပေါ့နော်"
ဒီလိုလုပ်ရတာဟာ ရှေ့မှာကျဆုံးသွားတဲ့သူတွေ CDM ဝန်ထမ်းတွေ၊ တောတောင်တွေထဲ ဒုက္ခဆင်းရဲခံပြီး လွတ်မြောက်ဖို့အတွက် ကြိုးစားနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အားလုံးကို ကိုယ်စားပြုပြီးတော့ သွေးမအေးဘူးဆိုတာနဲ့ စစ်အာဏာရှင်ကို အရှုံးမပေးဘူးဆိုတာကို ထုတ်ဖော်ပြသနေတာလို့လည်း သူက ဆိုပါတယ်။
ဒါကြောင့် ရတဲ့နေရာမှာ ရနဲ့နည်းတွေနဲ့ ဆန္ဒထုတ်ဖော်သွားမယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
နောက်ထပ် ဆန္ဒပြသပိတ်ဦးဆောင်သူ အမျိုးသမီးတစ်ဦးကတော့ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းမပေါ်တွေနဲ့ နေအိမ်တွေထိ လိုက်လံဖမ်းဆီးတာတွေကြောင့် ဆန္ဒပြ သပိတ်တွေမှာ အရင်ကထက် လူအင်အားနည်းနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရှိတဲ့လူအင်အားနဲ့ စစ်အာဏာရှင်ကို ပြုတ်ကျတဲ့အထိ ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
“ခက်ခဲတဲ့အတွေ့အကြုံကတော့ လူအင်အားနည်းသွားတာမျိုးပေါ့နော်။ လူအင်အားတော့ တော်တော် နည်းသွားပါတယ်။ လူတိုင်းကလည်း ကြောက်တာပေါ့။ ဖမ်းခံရမှာမျိုးတို့ ကြောက်ကြတဲ့အခါမျိုးဆိုတော့ မလိုက်ကြတော့ဘူးပေါ့။ ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ လူအင်အား ပြန်များလာခဲ့ပါပြီ။ သူတို့ကိုလည်း မကြိုက်ကြတော့လေ။ ပြန်ထည့်လူအင်အား များလာခဲ့ပါတယ်။ အခက် အခဲကတော့ တော်တော်များ ပါတယ်။ များပေမယ့်လည်း ဆက်လုပ်သွားမှာပါ”
ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အမြဲလိုက်ပါတတ်တဲ့ အမျိုးသမီးတစ်ဦးကတော့ ပြည်သူတွေ သွေးမအေးကြဖို့ တောင်းဆိုချင်ကြောင်း ပြောပါတယ်။
ဆန္ဒပြပွဲမလိုက်တဲ့ နေ့ရက်တွေမှာဆိုရင် သေဆုံးသွားသူတွေနဲ့ ဖမ်းဆီးနှိပ်စက်ခံရသူအတွက် တာဝန်မကျေ သလို ခံစားရတယ်လို့လည်း သူက ပြောပါတယ်။
“ကျမတို့ပြည်သူတွေ သွေးမအေးဖို့ ဒီဟာက အောင်မြင်တော့မှာလေ။ ကျမတို့ဆိုလည်း အောင်ဖို့က အများကြီးပဲ ဖြစ်နေပြီလေ။ အောင်ဖို့နည်းလမ်းက အများကြီးပဲဖြစ်နေပြီ။ အဲဒီအချိန်မှာတချို့တွေက သွားမြဲသွားကြတယ်။ စားမြဲစားကြတယ်။ နည်းနည်းသွေးအေးတဲ့ ပုံစံမျိုးတွေ တွေ့လာတယ်။ သူတို့ကို သွေးမအေးစေချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ရှေ့မှာ အများကြီးပေးဆပ်ခဲ့တဲ့ ကလေးတွေဆို အသက် တွေ သေခဲ့တယ်နော်။ နှိပ်စက်ခံခဲ့ရတယ်။ ကျမမျက်စိရှေ့မှာတင်လေးနော်။ ကျမတို့ ကလေးမြို့မှာဆိုရင် ပထမဆုံးသွေးမြေကျခဲ့တဲ့ ကလေးလေး စက်မှုဇုန်က ကလေးလေးဆို ကျမတို့ မျက်စိရှေ့မှာတင်ပဲ ကျခဲ့တာ ဒီလမ်းဆုံမှာလေ။ ကျမတို့ရှေ့မှာတင်ပဲ ဒဏ်ရာရပြီးတော့ ကျမတို့နဲ့ သိပ်မကွာဘူး နည်းနည်းပဲ။ လမ်းဆုံမှာပဲ ဖြစ်တဲ့ဟာလေ။ အဲဒီကလေးတွေအတွက် တာဝန်မကျေသလိုမျိုး ခံစားရတယ်။ တစ်ရက် ကျမ မလိုက်ဘူးဆို သေတဲ့သူအတွက် တာဝန်မကျေသလိုပဲနော်”
ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူ ၆၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိတယ်လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
အခုလို ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပေမယ့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ဆန္ဒပြပွဲတွေကို ရတဲ့နည်းလမ်းနဲ့ နေ့စဉ်ဆက်လက် ပြုလုပ်သွားမယ်လို့လည်း သူတို့တွေက ပြောကြပါတယ်။