ရန်ကုန်မှာ စစ်ခုံရုံးက အမိန့်ချခံရသူ ၁၂၀ နီးပါးရှိလာ

2021.12.13
ရန်ကုန်မှာ စစ်ခုံရုံးက အမိန့်ချခံရသူ ၁၂၀ နီးပါးရှိလာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာလ ၈ ရက်နေ့က လူငယ်တွေ ဆန္ဒပြစဥ်
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ဝင်းထဲက စစ်ခုံရုံးတွေကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင်၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့သူဟာ RFA က လက်လှမ်းမီ သလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ စုစုပေါင်း ၁၁၇ ဦးအထိ ရှိလာပါတယ်။

အဲဒီအထဲမှာ သေဒဏ်အမိန့်ချမှတ်ခံသူကတော့ ၈၇ ဦးအထိရှိနေပြီး ကျန်တဲ့အယောက် ၃၀ ကတော့ ထောင်ဒဏ် ခုနစ်နှစ်ကနေ တစ်သက်အထိ အသီးသီးအမိန့်ချမှတ်ခံထားရတာပါ။

သူတို့ဟာ ခုခံချေပခွင့်မရှိဘဲ တစ်ဖက်သတ်စီရင်ခံရတဲ့အတွက် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေပါအခွင့်အရေးတွေအားလုံး ဆုံးရှုံးနစ်နာနေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်ခေါင်းဆောင်တွေအပြင် NUG၊ CRPH၊ PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခုံရုံးတွေမှာ သူတို့ကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

သူတို့ဟာ စစ်ခုံရုံးတွေမှာ စီရင်ခံရတဲ့အတွက် အရပ်ဘက်တရားရုံးတွေမှာ စီရင်သလို ဥပဒေအရ ပေးထားတဲ့ အမှုအတွက် ခုခံချေပခွင့်တွေလဲ မရခဲ့ကြဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က အခုလိုပြောပါတယ်။

ဒါကတော့ တစ်သမတ်တည်းကြီး စစ်ခုံရုံးတွေနဲ့ ဆောင်ရွက်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒီဟာကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် မှန်ကန်မျှတမှုမရှိဘဲနဲ့ အမှုမှာ ပေါ်ပေါက်တဲ့အပေါ် အခြေမခံဘဲနဲ့ ခုနက ကြိုတင်ဆုံးဖြတ်ထားတာပေါ့။ Prejudge ပေါ့။ ဒီအမှုနဲ့ ပတ်သက်ရင် ဒီလူကို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ရမယ်ဆိုတဲ့ တသတ်မှတ်တည်း ကြိုတင်ချမှတ်ထားတဲ့ Prejudge သဘော ဖြစ်နေတဲ့အတွက် ဒါလည်းပဲ ပြောမယ်ဆိုရင် ဥပဒေအရတော့ သင့်လျော်မျှတမှုမရှိဘူးလို့ ဒီလိုပဲ သုံးသပ်လို့ရပါတယ်

ထောင် ၁၀ နှစ်၊ ထောင်တစ်သက်နဲ့ သေဒဏ်အထိ ချလို့ရကြောင်း ပြဌာန်းထားတဲ့ပုဒ်မတစ်ခုမှာ အမြင့်ဆုံး သေဒဏ်ကိုသာ ရွေးချယ်ချမှတ်တာ၊ အနည်းဆုံးထောင် ခုနစ်နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ် နိုင်တဲ့ ပုဒ်မတွေလည်း အမြင့်ဆုံးထောင်ဒဏ်တစ်သက်ကိုသာ ရွေးချယ်ချမှတ်နေတာလို့လည်း ရှေ့နေ ဦးခင်မောင်မြင့် က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆန့်ကျင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ် ၆ မြို့နယ်ကို မတ်လ ၁၅ ရက်နေ့ကစလို့  စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး  ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးတွေနဲ့ စီရင်နိုင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလိုစီရင်ခွင့်ပေးလိုက်တဲ့ အမှုတွေထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၂၊ ၁၂၄ (က)(ဂ)(ဃ)၊ ၅၀၅၊ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ၊ လက်နက်အက်ဥပဒေအရ ပြစ်မှုတွေ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၆၃ ခုနှစ် အများနဲ့ သက်ဆိုင်တဲ့ပစ္စည်းများ ကာကွယ်ရေး စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေ၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းဥပဒေအရ ပြစ်မှုတွေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ဥပဒေအရ ပြစ်မှုတွေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအရ ပြစ်မှုတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေလည်း ပါဝင်ပါတယ်။

စစ်ခုံရုံးက ချတဲ့အမိန့်တွေနဲ့ ပတ်သက်လို့ အထက်အဆင့်ကို အယူခံတက်လို့ရတယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြေညာစာမှာ ဖော်ပြထားတာကြောင့် အမိန့်ချမှတ်ခံရသူတွေကို အယူခံဝင်ဖို့ ကြိုးစားတဲ့အခါမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ အထက်တန်းရှေ့နေ ဒေါက်တာ ဖိုးဖြူ ကတော့ စစ်ခုံရုံးက ချမှတ်တဲ့အမိန့်ကို အယူခံဝင်ဖို့အတွက် စီရင်ချက်ဓာတ်ပုံမိတ္တူကိုတောင် ကူးယူဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

စစ်ခုံရုံးကနေ လူတစ်ဦးတစ်ယောက်ကို ကလေးတစ်ယောက်ယောက်ကို ချလိုက်ပြီဆိုတာနဲ့ ရှေ့နေ ရှေ့ရပ်တွေက ဘယ်နေ့ဘယ်ရက်မှာ စစ်ခုံရုံးကနေပြီးတော့ အမိန့် ထောင်ဒဏ် ဘယ်လောက်နဲ့ ချမှတ် လိုက်တယ်။ သူနဲ့ပတ်သက်ပြီးတော့ အယူခံတယ်ဆိုတဲ့ အယူခံလွှာတွေကို ပြင်ဆင်ပြီးတော့ ရုံးတွေကို ပို့တယ်။ တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့ ရယ်၊ ပြည်ထဲရေးဝန်ကြီးရယ်၊ စစ်တိုင်းမှူးရယ် ဌာနသုံးခုကို တင်ဖို့ သူတို့က ညွှန်ပြတယ်။ အဲဒီတွေကိုတင်တယ်။ ဒါပေမဲ့ လက်ခံရရှိခြင်း၊ လက်ခံမရရှိခြင်း ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်တော့ဆုံးဖြတ်မယ်၊ မဆုံးဖြတ်ဘူးဆိုတာမျိုးတွေတော့ အကြောင်းပြန်ကြား ခြင်းလည်း မရှိသလို သိရှိရခြင်းလည်း မရှိပါဘူးခင်ဗျ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ကာလအတွင်းမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက ပြစ်မှုဆိုင်ရာ မှုခင်းတွေကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားတဲ့ တရားရုံးတွေမှာဖြစ်ဖြစ်၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းထား တဲ့ စစ်ခုံရုံးတွေမှာဖြစ်ဖြစ် စစ်ဆေးစီရင်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ခုံရုံးက ချမှတ်တဲ့အမိန့်တွေကို အယူခံတက်တာဖြစ်ဖြစ်၊ ပြင်ဆင်မှုတက်တာပဲဖြစ်ဖြစ် လျှောက်ထားချင်ရင် ၁၉၅၉ ခုနှစ်၊ တပ်မတော်ဥပဒေအရ သက်ဆိုင်ရာစစ်တိုင်းမှူးတွေဆီမှာ အယူခံတင်ရမှာဖြစ်ပါတယ်။

"သူတို့လက်ထဲမှာပဲ သူတို့ ဥပဒေလေ။ သူတို့ လုပ်ချင်တိုင်းလုပ်တာဗျ"

သက်ဆိုင်ရာစစ်တိုင်းမှူးတွေက အယူခံ ဒါမှမဟုတ် ပြင်ဆင်ချက်ကို ပယ်ချလိုက်ပြီဆိုရင် နောက်တစ်ဆင့်မှာ စစ်ကောင်စီဥက္ကဋ္ဌ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ဆီကိုပဲ တိုက်ရိုက်တင်ရမှာဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေရဲ့ ပြဌာန်းချက်အရ စစ်ခုံရုံးတွေနဲ့ စစ်ဆေးတဲ့အမှုအခင်းတွေ အားလုံးကို အရပ်ဘက်အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဝင်ရောက်စွက်ဖက်လို့မရဘဲ စစ်ခုံရုံးမှာ အမြင့်ဆုံးအခွင့်အာဏာပိုင်ကတော့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေ၊ နည်းဥပဒေတွေအရ အရပ်ဘက်အထူးတရားရုံးတွေနဲ့အတူ စစ်ခုံရုံးတွေ လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပေမယ့် လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ခုံရုံးတွေကတော့ အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီး တရားလိုဘက်က တင်ပြချက်အပေါ် မှာပဲ အဓိကအခြေခံထားပြီး အပြစ်ရှိတယ်လို့ ကောက်ချက်တွေ ဆွဲနေတာလို့ ရှေ့နေတွေက ထောက်ပြကြပါတယ်။

စစ်ခုံရုံးနဲ့ အရပ်ဘက် တရားရုံး ကွာခြားချက်တွေကတော့ အရပ်ဘက် တရားရုံးတွေမှာဆိုရင် ရှေ့နေငှားရမ်း ခွင့်၊ တရားခွင်မှာ ခုခံချေပခွင့်၊ သက်သေပြခွင့်တွေရှိပြီး စစ်ခုံရုံးတွေမှာတော့ အဲဒီလိုအခွင့်အရေးတွေ လုံးဝမရတဲ့အပြင် အမြင့်ဆုံးချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကိုလည်း အယူခံတင်ခွင့်ပါမရရှိလို့ တရားမျှတမှုမရှိ ဖြစ်နေရတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

လှိုင်သာယာ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀(ဈ)အရ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကိုသားဇော်ရဲ့ မိသားစုဝင်တစ်ဦးကတော့ ကိုသားဇော်ကို စဖမ်းခံရတဲ့နေ့ကတည်း က စစ်ခုံးရုံးကနေ အမိန့်ချပြီးတဲ့အထိ လုံးဝ အဆက်အသွယ်မရခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

ကျနော်တို့က အခုချိန်ကျမှတော့ သူတို့ စစ်ခုံရုံးကို ဘာမှလည်း ပြောစရာလည်း မရှိတော့ဘူး။ ဘာပြော လို့ရမှာလဲ။ သူတို့ လုပ်ချင်တဲ့အတိုင်း လုပ်နေတဲ့ကိစ္စကို။ မပြောတတ်ဘူးပေါ့။ ကျနော် ဘာပြောရမလဲ ဆိုတာ။ မတရားတာကတော့ မတရားတာပေါ့။ ကိုယ်တစ်ဦးတည်းမှ မဟုတ်တာ။ အများဆိုတော့။ သူတို့လက်ထဲမှာပဲ သူတို့ ဥပဒေလေ။ သူတို့ လုပ်ချင်တိုင်းလုပ်တာဗျ

ကိုသားဇော်ဟာ လှိုင်သာယာသပိတ်စခန်းတွေမှာ ခေါင်းဆောင်မှု၊ NUG ၊ CRPH တို့နဲ့ ဆက်သွယ်မှုတွေနဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ခုံရုံးကနေ လွတ်ရက်မရှိ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ကိုသားဇော်ဟာ အခုနောက်ပိုင်းမှာလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ အပါအဝင် အမှု နှစ်မှုနဲ့ အင်းစိန် ထောင် အထူးတရားရုံးမှာ ဆက်ပြီးရင်ဆိုင်နေရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ ပရဟိတသမား အသက် ၃၁ နှစ် အရွယ် ကိုရန်ပိုင်ထွန်းလည်း၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ဈ) နဲ့ စစ်ခုံရုံးတစ်ခု ကနေ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

သူ့သား ကိုရန်ပိုင်ထွန်းအတွက် အယူခံဝင်နိုင်ဖို့ ရှေ့နေ ဒေါက်တာ ဖိုးဖြူကနေတစ်ဆင့် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ မိခင် ဒေါ်ဌေးဌေးဝင်းက RFA ကို ပြောပါတယ်။

မမှန်ကန်တာနဲ့ အမှုနဲ့ မတန်တဲ့ဟာကို အချခံရတော့လည်း ကလေးရဲ့ ဘဝက ရိုက်ချိုးထားပြီးတော့ အဆင်မတန်ကြီး ရိုက်ချိုးထားပြီးတော့ ဒီကလေးရဲ့ဘဝက တအားကြီး နစ်နာသွားတာပေါ့။ ကျမလည်း မပြောပြတတ်အောင် ဖြစ်သွားပါပြီ။ ပထမ ကျမပြောပြတတ်သလောက်လည်း ပြောပြပြီးသွားပြီ။ ဒီက လေးလုပ်တဲ့ ဥစ္စာနဲ့ ပြန်လည်ပြောဆိုချေပခွင့်မရှိဘူးဆိုတော့ ဒီအမှုတစ်ခုက ကျနော်လုပ်ရင်မလုပ်ဘူး။ လုပ်ရင်လုပ်တယ်။ မှန်တယ်၊ သက်သေ ဒီလိုမျိုး ရှိရမယ်လေ။ ဒီလို မပါဘူး။ စစ်ကြည့်တယ်။ ပြီးတယ် ထောင်ချဆိုတာမျိုးကတော့ အဲဒါတော့ လူတွေ အခွင့်အရေး မနစ်နာဘူးလား

၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်က စစ်ကာင်စီတပ် ဖမ်းထားတဲ့ ဆန္ဒပြသူတွေကို အချုပ်ကားပေါ်မှာ တွေ့ရစဥ်
၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်က စစ်ကာင်စီတပ် ဖမ်းထားတဲ့ ဆန္ဒပြသူတွေကို အချုပ်ကားပေါ်မှာ တွေ့ရစဥ်

အာဏာသိမ်း စစ်တပ်ဟာ သူတို့ကို တော်လှန်မယ့်လူတွေကို ဖိနှိပ်ဖို့အတွက် စစ်ခုံရုံးတွေကို ယန္တရားတစ်ခု အဖြစ် အသုံးချနေတာဖြစ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူ ကိုနစ်ကီ ဒိုင်းမွန်း က ပြောပါတယ်။

တရားစီရင်ရေးစနစ်မှာ အမှုရင်ဆိုင်နေရသူတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုက တရားမျှတတဲ့ တရား ရင်ဆိုင်ရမှုမျိုးမနေဘူး။ ရှေ့နေငှားခွင့်တွေ ဆုံးရှုံးတာတွေ၊ ခုခံချပခွင့်တွေ ဆုံးရှုံးတာတွေ သူတို့က ပြောမယ်ဆိုရင် ဒါက မတရားစီရင်ရေးပဲ။ လူထုကို သူတို့ကို တော်လှန်မယ့်လူတွေကို ဖိနှိပ်တဲ့အတွက် ဖိနှိပ်ဖို့အတွက် အသုံးပြုတဲ့ ယန္တရားတစ်ခုသာဖြစ်တယ်။ တကယ်ကို စစ်မှန်တဲ့ တရားစီရင်ရေးစနစ် ဆိုတာကို ဘယ်သူမှ ဘယ်နိုင်ငံကမှ လက်မခံနိုင်ဘူး။ ကျနော်တို့လို လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့လည်း လက်ခံနိုင်တာမျိုးမရှိဘူး

သေဒဏ်ပေးတဲ့ပြစ်ဒဏ်ဟာ နိုင်ငံတော်တော်များများမှာ ပပျောက်သွားပြီဖြစ်ပါတယ်။ ဒီကြားထဲမှာ မဖြစ် မနေ  သေဒဏ်ပေးရမယ်ဆိုရင်တောင် အယူခံဝင်ခွင့် အဆင့်ဆင့်ထားပြီး၊ အထပ်ထပ်စိစစ်ပြီး နောက်ဆုံး သေချာပြီဆိုတော့မှ အခုလို သေဒဏ်အမိန့်မျိုးကို ချမှတ်တာလို့ ကိုနစ်ကီဒိုင်းမွန်း က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ထုတ်ပြန် ချက်အရ အမိန့်ချမှတ်ခံရပြီးသား ၃၈၅ ယောက်ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်းက တစ်သောင်းကိုးရာနီးပါး ရှိတယ်လို့ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။