ကျူးကျော်အဖြစ် စွပ်စွဲခံရတဲ့ အဆောက်အအုံ ၁၄၀၀ နီးပါး ဖျက်ဆီးခံရ
၂၀၂၁ ဒီဇင်ဘာလဆန်းကနေ အခု ၂၀၂၂ မတ်လဆန်းအထိ သုံးလအတွင်းမှာ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ မန္တလေးတိုင်း မြစ်ငယ်မြို့၊ ပဲခူးတိုင်း တောင်ငူနဲ့ ရခိုင်ပြည်နယ် စစ်တွေ မြို့က ကျူးကျော်လို့စွပ်စွဲခံရတဲ့ အဆောက်အအုံ ၁၃၉၂ လုံး ဖျက်ဆီးခံရပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ နေအိမ် အဖျက်ခံရသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ရန်ကုန် အရှေ့ဒဂုံမြို့နယ် ထားဝယ်ချောင်ရပ်ကွက်က လူနေအဆောက်အအုံ ၈၇ လုံး၊ အခုနှစ် မတ်လဆန်းမှာ မန္တလေးတိုင်း မြစ်ငယ်မြို့က မီရထားလိုင်းခန်းနဲ့ စျေးဆိုင်ခန်းတွေ အပါအဝင် အဆောက်အအုံ ၁၀၀၀ နီးပါး၊ ပဲခူးတိုင်း တောင်ငူမြို့က ဆိုင်ခန်း ၂၀၀ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အဆောက်အအုံ ၁၀၅ လုံး၊ စုစုပေါင်း အဆောက်အအုံ ၁၄၀၀ နီးပါး ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ပဲခူးတိုင်း၊ တောင်ငူမြို့ ရပ်ကွက်တချို့က ဆိုင်ခန်း ၂၀၀ နီးပါးအပါအဝင် လမ်းနဲ့မလွတ်တဲ့ အဆောက်အအုံတွေကို စစ်တပ်၊ ရဲနဲ့ စည်ပင် ပူးပေါင်းအဖွဲ့တွေက စက်ယန္တရားတွေသုံးပြီး ဖယ်ရှားခဲ့တာလို့ မျက်မြင်တွေ့ရှိသူ တောင်ငူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညတွင်းချင်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ပစ်လိုက်တာ။ တချို့ဟာတွေဆို ကွန်ကရစ်တွေ ဘာတွေနဲ့ အခိုင်အခံ့ လုပ်ထားတာ။ အဲဒါတွေ အကုန်ရှင်းလိုက်တယ်။ ပြီးတော့ ရန်ကုန်-မန္တလေး မိန်းလမ်းမတစ်လျှောက်၊ ပြီးတော့ ကန်လမ်း၊ စျေးလမ်း လမ်းဘေး မြောင်းကျော်တာ တံစက်မြိတ်ကအစ သူတို့က အကုန်လိုက်ဖျက်တာ။ ဖောကား ငါးစီးနဲ့ ဘက်ဟိုးနဲ့။ စစ်သား၊ စည်ပင်နဲ့ ရဲတွေလည်း တစ်အုပ်ကြီး။ အဲဒီမှာ တို့စောင့်ကြည့်ကြ တာပေါ့။ ဆိုင်ခန်းချည်းပဲဆိုရင် ခန့်မှန်းခြေ နှစ်ရာနီးပါးရှိတယ်”
မီးရထားဝန်ထမ်း အများစုနေထိုင်တဲ့ မန္တလေးတိုင်း မြစ်ငယ်မြို့မှာတော့ တစ်မြို့လုံးနီးပါး နေအိမ်တွေ ဖျက်ပေးလိုက်ရပြီး တချို့က မြစ်ငယ်ကနေ အပြီးပြောင်းရွှေ့သွားကြသလို တချို့ကလည်း ဖျက်ထားတဲ့ နေအိမ်အနီးမှာပဲ တဲထိုးပြီးနေထိုင်ကြတယ်လို့ မြစ်ငယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖျက်တာတော့ ဖျက်ကုန်ပြီ တစ်မြို့လုံးနီးပါးပဲ။ ဖျက်သွားကြပြီ။ တိုက်လေးတွေကို ဘက်ဟိုးတွေနဲ့လည်း ကုတ်သွားတယ်။ အဲလိုမျိုးလည်း ကုတ်သွားတယ်။ မြင်ရတယ်။ သူတို့ ဘေးမှာ လက်နက်တွေနဲ့ နေရာယူပြီး ကားတွေနဲ့ ကုတ်သွားတယ်။ ပြောရရင်တော့ မြစ်ငယ်မှာ မီးရထားစက်ရုံဆိုတော့ CDM ဝန်ထမ်းတွေ များတယ်။ စစချင်း သူတို့ အာဏာသိမ်းတဲ့ အချိန်ကစပြီး များတယ်ဆိုတော့ CDM ဝန်ထမ်းတွေကိုလည်း ခြိမ်း ခြောက်ပြီးတော့ ပြန်ပြီးတော့ ဝင်အောင်လို့ လုပ်တဲ့သဘောလည်း ရှိလောက်တယ်”
မြစ်ငယ်မြို့ကို မတ်လ ၅ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ကာ လူဝင် လူထွက် တင်းကျပ်ပြီးတဲ့နောက် မတ်လ ၈ ရက်နေ့ကစလို့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်မင်္ဂလာ၊ ဒေါန၊ သာယာကုန်း၊ အောင်သပြေ စတဲ့ ရပ်ကွက်တွေက နေအိမ်တွေ၊ စျေးဆိုင်တွေနဲ့ အဆောက်အအုံတွေကို စက်ယန္တရားတွေသုံးပြီး ဖယ်ရှားခဲ့သလို တချို့ ကတော့ ကိုယ့်အိမ်ကိုယ် ဖျက်ပေးလိုက်ကြရတယ်လို့ သူက ဆိုပါတယ်။
မြို့မှာရှိတဲ့ ရေတွင်းတွေပါ ဖျက်ပေးလိုက်ရတာကြောင့် မြို့မှာကျန်နေတဲ့သူတွေဟာ သောက်သုံးရေကအစ အခက်အခဲဖြစ်နေပြီး ပတ်ဝန်းကျင်ရွာတွေက အလှူရှင်တွေက ရေဘူးနဲ့ ထမင်းထုပ်တွေ လာလှူတာ၊ ကားရှိသူတွေက ပစ္စည်းတွေကို အခမဲ့ သယ်ယူ ရွှေ့ပြောင်းပေးတာ စတဲ့ ဒုက္ခရောက်တဲ့ ပြည်သူအချင်းချင်းပဲ ပြန်ကူညီနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"ဖျက်ကုန်ပြီ တစ်မြို့လုံးနီးပါးပဲ။ တိုက်လေးတွေကို ဘက်ဟိုးတွေနဲ့လည်း ကုတ်သွားတယ်"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျူးကျော်ကိစ္စကို အရင်အစိုးရတွေ လက်ထက်မှာ လက်ရှောင်ခဲ့တာကြောင့် အခု စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်ရတာလို့ RFA ကို ပြောပါတယ်။
“အဓိက က ဘာကြောင့်ဆိုတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လာပြီးရင် တချို့နေရာတွေသည် စိုးရိမ်ရတဲ့ အနေအထားမျိုးပေါ့နော်၊ အဲဒီ နေရာတွေကနေပြီးမှ၊ အဲဒီနေရာတွေနဲ့ ပတ်သက်ပြီးမှ တရားဥပဒေစိုးမိုးရေးနဲ့ ပတ် သက်ပြီး ထိခိုက်လာစရာ အကြောင်းတွေရှိတယ်။ တချို့ ကျူးကျော်နေရာတွေကတော့ ရှင်းလင်းရေးလုပ်တယ်ဆိုပေမယ့် သူတို့ကို နေရာပြန်ချဖို့အတွက်လည်း စီစဉ်ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်”
ရန်ကုန်မှာဆိုရင် အရှေ့ဒဂုံမြို့နယ် အမှတ်(၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်)က ကျူးကျော်လို့ စွပ်စွဲခံရတဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် လူနေတဲအိမ် ၈၇ လုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဖျက်ဆီးလိုက်တာပါ။
ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို သူတို့ကို အခုထိ နေရာပြန်ချပေးတာမျိုး မရှိသလို ဌာနဆိုင်ရာအဆင့်ဆင့်ကို မြေနေရာ အစားပြန်ရောင်းပေးဖို့ လျှောက်ထားပေမယ့်လည်း အဆင်မပြေသေးဘူးလို့ အဲဒီတုန်းက နေအိမ်အဖျက်ခံရသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဇင်ဘာ ၄ ရက်နေ့ အကုန်ရွှေ့ပေးလိုက်ရတဲ့နောက်ပိုင်းမှာ ဘာတစ်ခုမှ ပြန်ပြီးတော့ ရပိုင်ခွင့် မရှိတော့ဘူး။ အဲဒီမှာ မြေကြီးပြန်ရမလား လျှောက်လွှာတင်ကြည့်တယ်။ အစားလေး ပြန်ရောင်းဖို့ပေါ့နော် အစိုးရနှုန်းနဲ့။ ဥပဒေဘောင်နဲ့အညီ ပြန်ရောင်းပေး ဖို့ပေါ့။ ဘာပြန်ပြောလာလည်းဆိုတော့ တစ်ပတ်လောက်ကြာတော့ ဖျက်သိမ်းခံရတဲ့ လူတွေမှန်သမျှကို မည်သည့်ပုံသဏ္ဌာန်နဲ့ အကြောင်းအမျိုးမျိုးနဲ့မှ နေရာပြန်မပေးပါလို့ အကြောင်းပြန်လာတယ်”
အရှေ့ဒဂုံ အမှတ်(၁) တိုးချဲ့ရပ်ကွက် (ထားဝယ်ချောင်)က ဖျက်ဆီးခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်း ရှစ်ကျောင်း အပါအဝင် လူနေအဆောက်အအုံ ၈၇ လုံး ဖျက်ဆီးခံရပြီး ဘုန်းကြီးကျောင်းမြေနေရာ ပြန်ရဖို့အတွက် သာသနာရေးဝန်ကြီးဌာနထံ အသနားခံ ပြန်လျှောက်ထားပေမယ့် ထူးခြားမှု မရှိဘူးလို့လည်း သူက ဆိုပါတယ်။
နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့သူတွေဟာ ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တွေမှာ အိမ်လခ စျေးကြီးပေးပြီး ငှားနေရသလို စားဝတ်နေရေး အဆင်မပြေတာကြောင့် နေမကောင်းဖြစ် ရင်တောင် ဆေးကုစရိတ် မရှိဘူးလို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ ပေါက်ကွဲမှု၊ အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာတောင် စစ်ကောင်စီက ကျူးကျော်ကိစ္စကို အရေးပေး ရှင်းလင်းနေတာဟာ အဲဒီရပ်ကွက်တွေကို အခြေပြုပြီး ဆန့်ကျင်လှုပ်ရှားတာတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“ခေတ်အခြေအနေ၊ နိုင်ငံရေးအခြေအနေရ အဲဒီလိုမျိုး ရပ်ကွက်တွေကနေ လှုပ်ရှားမှု တွေ ရှိနေတယ်လို့ သံသယရှိတဲ့ ဟာတွေ၊ နိုင်ငံရေးသဘောထားအရ ဒီလိုမျိုးရပ်ကွက် တွေရှိနေတဲ့ဥစ္စာက သူတို့အနေနဲ့ စစ်အာဏာ ထူထောင်ဖို့ ထိန်းချုပ်ဖို့ Government System Structure ကို ပြဋ္ဌာန်းဖို့အတွက် အခက်အခဲရှိတယ်လို့ ယူဆလို့ ဖယ်ရှားတာ လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက သူတို့ရဲ့ အကျိုးအမြတ်ပေါ်မှာ အဲလိုမျိုး သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရင်းနှီးမြုပ်နှံမှု ပိုင်ရှင်တွေ၊ သူဌေးတွေအနေနဲ့ ဒီကိစ္စကို ရှင်း လင်းပေးဖို့ လိုတယ်ဆိုတဲ့ဥစ္စာကို ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ရှင်းလင်းပြတာလည်း ဖြစ်နိုင်တယ်”
စစ်ကောင်စီကတော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကျူးကျော်လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်တွေနဲ့ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းမြေ၊ အစိုးရဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကပိုင်မြေ စတဲ့ မြေနေရာတွေကို ကျူးကျော်တယ်လို့ စွပ်စွဲခံထားရသူတွေကို သတိပေးစာတွေ ထုတ်ပြန်ပြီး ဖယ်ခိုင်းနေသလို တချို့ကိုတော့ ရဲ၊ စစ်တပ်နဲ့ စည်ပင်အရာရှိတွေပေါင်းပြီး ဆက်တိုက်ဆိုသလို အင်အားသုံး ဖယ်ရှားနေတယ် လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူတွေက ပြောပြကြပါတယ်။