တရုတ်ဖိအားကြောင့် စစ်အုပ်ချုပ်ရေး ကြေညာတာလို့ လေ့လာသူတွေ သုံးသပ်

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021.03.16

မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ခြောက်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန် လိုက်ပြီး မြို့နယ်တွေ တစ်ခုပြီး တစ်ခုတိုးပြီး မာရှယ်လော သတ်မှတ်လာနေတာပါ။ လေ့လာသူတချို့ကတော့ စစ်အုပ်ချုပ်ရေးကြေညာတာဟာ တရုတ်က ဖိအားပေးတာကြောင့်လို့ ပြောကြပါတယ်။ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေ ပြောင်းရွှေ့သွားတာတွေလည်း ရှိလာနေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ်ဆန္ဒပြပွဲမှာ ရန်ကုန်တိုင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ ဆိုတဲ့ မြို့နယ် ခြောက်မြို့နယ်ကိုပဲ သီးခြား ကွက်ပြီး မတ်လ ၁၄ ရက်ကစလို့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး သတ်မှတ်ထုတ်ပြန်ထားပါတယ်။ အဲဒီမြို့နယ်က ပြည်သူတွေ ဟာ စစ်တပ်နဲ့ ရဲကို ပိုပြီးအန်တုရင်ဆိုင်ခဲ့တဲ့အတွက် အသက်ဆုံးရှုံးရတဲ့ သူအများဆုံးရှိခဲ့ရတဲ့မြို့နယ်တွေ လည်း ဖြစ်ပါတယ်။

အဲဒီအပြင် ထူးခြားတာက လက်သည်မပေါ်ဘဲ တရုတ်စက်ရုံ နှစ်ရုံအပါအဝင် စက်ရုံ သုံးရုံ မီးလောင်သွားတဲ့ ဖြစ်ရပ်ပါ။ အဲဒီဖြစ်ရပ်ပြီးပြီးချင်းမှာပဲ တရုတ်အမျိုးသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ တရုတ်သံရုံး က စာထုတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီကလည်း စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက တပ်မတော်နဲ့ ရက္ခိင့်တပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတောင် စစ်အုပ်ချုပ်ရေး သတ်မှတ်တာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ တရုတ် အထည်ချုပ်စက်ရုံတချို့ မတ်လ ၁၄ ရက်က မီးရှို့ခံရပြီးနောက် အဲဒီကိစ္စမှာ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မကြာခင်မှာပဲ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လှိုင်သာယာမြို့နယ်က တရုတ်စက်ရုံတွေ မီးရှို့ခံရတာကို အရေးယူဖို့ တရုတ်နိုင်ငံက တောင်းဆိုလာတာကလည်း စစ်အုပ်ချုပ်ရေးဖြစ်လာစေတဲ့ အချက်တစ်ခု ဖြစ်ကြောင်း သုံးသပ်ပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အာဏာပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မတ်လ ၁၄ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ တရားဝင်အစိုးရ မဟုတ်တဲ့အတွက် ဘယ်လိုအမိန့်တွေပဲထုတ်ထုတ် တရားမဝင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုပါတယ်။

"ဥပဒေအရ စစ်ကောင်စီမှာ သူက အဲလိုလုပ်ပိုင်ခွင့်မရှိဘူး။ သူက တရားဝင်အစိုးရမဟုတ် တဲ့အတွက် ဘာအမိန့်တွေထုတ်ထုတ် ဥပဒေအရ တရားမဝင်ဘူး။ စစ်ကောင်စီက အကြီးမားဆုံး ဥပဒေကို ချိုးဖောက် လိုက်တာဖြစ်တယ်။ အခုသူကလည်း အပြတ်ရှင်းပြီလေ။ လုံးဝနောက် မဆုတ်ဘူး။ ဘယ်သူ စေ့စပ်တာမှ မခံတော့ဘူး။ အတိအလင်းပြောလိုက်ပြီ။ ဒီတော့ CRPH တို့ Gen Z တို့ကလည်း ပိုင်းဖြတ်ပြီးတော့ ဖြစ်နိုင် ရင်တော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဆိုတာကို CRPH က တရားဝင်ဖွဲ့ပြီးတော့ လှုပ်ရှားရမယ်။ ပြည်တွင်းစစ်ကတော့ စပြီလို့ ယူဆတယ်။"

စစ်အုပ်ချုပ်ရေးဆိုတာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို သက်ဆိုင်ရာ တိုင်းမှူးတွေကို အာဏာကုန် လွှဲအပ်လိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ ဒေသတွေအတွင်းမှာ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးဆိုင်ရာတွေကို တိုင်းမှူးကိုယ်တိုင်ကဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုင်းမှူးက လွှဲအပ်တဲ့ စစ်နယ်မြေမှူး တွေက ဆောင်ရွက်နိုင်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲတဲ့ နည်းလမ်းကို ရွေးချယ်လာတာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဆက်တိုး လာနေပါတယ်။ စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် မလုပ်သင့် မလုပ်ထိုက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအားလုံးကို ကျူးလွန်ဖို့ အသင့်ဖြစ်နေတာကို အရေးယူ နိုင်ဖို့ ကြိုးစားနေတယ်လို့ Fortify Rights အဖွဲ့က လူ့အခွင့်အရေး လှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက ဆိုပါတယ်။

"အဆုံးစွန်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ဖို့ သူကပြင်ဆင်ထားပြီးပြီ။ တွေ့ရတာက မြို့နယ်တိုင်းမှာ စစ်တပ် အထိုင်ချထားတယ်။ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နင်းတာတွေ သတ်ဖြတ် တာတွေ တောက်လျှောက်လုပ်နေတယ်။ ဒီလိုကျူးလွန်တာကို ကြည့်ခြင်းအားဖြင့် လူသားမျိုးနွယ်ပေါ်မှာ ရက်စက် ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပြီးတော့ အောက်ခြေမှာရှိနေတဲ့ ရဲနဲ့စစ်သား တွေက အထက်ကလူတွေရဲ့ အမိန့်ပေးစေခိုင်းမှု မရှိဘဲနဲ့ ဒီလိုကျူးလွန်မှုတွေကို ကျူးလွန် မှာ မဟုတ်ဘူး။ ဒီကျူးလွန်မှုတွေက သူတို့လက်နက်ကိုင်ထားတဲ့အချိန်မှာ ကျူးလွန်လို့ရနေတာဖြစ်ပေမယ့် ကျူးလွန်ဖို့ စေခိုင်းသူတွေရော ကျူးလွန်သူတွေရော ရာဇဝတ်ဘေး ပြေးမလွတ်ဘူး။ တစ်ချိန်ချိန်မှာ အရေးယူ ခံရအောင် ကျွန်တော်တို့ ကြိုးစားနေတယ်။"

စစ်အုပ်ချုပ်ရေးကြေညာတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံထောက်ပြကြတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြား ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေမှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီက လူတွေကို ကြောက်လန့်အောင် လမ်းပေါ်မထွက်လာရဲအောင် ဘယ်လောက်ပဲ အကြမ်းဖက် နေပေမယ့် လူထုက မကြောက်လန့်သွားဘဲ လူထုလှုပ်ရှားမှုတွေက အရှိန်အဟုန်မြင့် လာနေမှာပဲလို့ စစ်အုပ်ချုပ်မှု ကြေညာခံထားရတဲ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ဆိုပါတယ်။

"ပြည်သူတွေက ပိုပြီးတောင် လမ်းပေါ်ထွက်လာတဲ့ အနေအထားရှိတယ်။ ဖိလေကြွလေပဲ ဖြစ်မှာပဲ။ စစ်ကောင်စီ လုပ်တဲ့ဟာက ပိုထူးလာမယ်လို့ မထင်ဘူး။ စစ်ကောင်စီလုပ်သမျှက မတရားတာပဲ။ ပြည်သူ့ဘ၀ လုံခြုံမှုက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။ သူတို့ကို အသေတိုက်ရမယ့် အနေ အထားလို ဖြစ်နေတယ်။ ပြည်သူတွေကလည်း ဒီလိုခံယူလာတဲ့ အနေထားကို ရောက်နေတဲ့အခါ ကျွန်တော်တို့ ဘယ်လိုဆုံးဖြတ်ရမှန်း မသိဘူးဖြစ်နေတယ်။"

အာဏာသိမ်းပြီး တစ်လကျော်အကြာ မြို့နယ်အချို့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ ဒီထက် အခြေအနေတွေ ဆိုးလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့ထိ ၄၄ ရက်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ရိုက်နှက်သတ်ဖြတ် တာကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ အနည်းဆုံး ၁၇၀ ကျော်နေပြီး၊ ဒဏ်ရာရတဲ့သူလည်း ရာနဲ့ချီ ရှိခဲ့သလို၊ လူပေါင်း နှစ်ထောင်ကျော် အဖမ်းခံထားရပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်မှာ မနေချင်တဲ့ ပြည်သူတွေကတော့ အရှိန်အဟုန်နဲ့ဆက်ပြီး ဆန့်ကျင်နေကြဆဲပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ZAY
2021-03-16 06:22

This is serious crime against humanity, they all should be punish. we must unite regardless of race and religion. CPRH start lead all civilian and ethnic armed force who trust and believe in federal democracy. we, all citizen must take responsible and accountable to fight against this evil regime. we do need R2P, we need genuine leader who are willing to work together to avoid dragging civil war while our democratically elected leaders under their hands. lets fight together to against those evils.