ပြည်တွင်းစက်ရုံ ၂၅ ရုံကနေ စစ်ကောင်စီလက်နက်ထုတ်လုပ်
2023.01.17

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လက်လုပ်တူမီးသေနတ်နဲ့ ၂၀၂၁ စစ်အာဏာသိမ်း စစ်ကောင်စီကို စတင်တော်လှန်မခုခံခင်ကတည်းက မြန်မာစစ်တပ်ဟာ ပြည်တွင်းဖြစ်လက်နက်တွေ ထုတ်လုပ်ပါတယ်။
ကပစလို့ အတိုကောက်ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကနေ လက်နက်တွေ ထုတ်လုပ်တာဖြစ်ပြီး အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ အမှတ်(၂)ကာကွယ်ရေး ပစ္စည်းစက်ရုံကို ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
ဒါပေမဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းပြီး ပေါ်ပေါက်လာတဲ့ နဝတ- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်ကစလို့ လိုအပ်ချက်အရ ပြည်တွင်းမှာ စစ်လက်နက်ထုတ်လုပ်နိုင်ဖို့ အကြီးအကျယ်ရင်းနှီးမြှုပ်နှံပါတယ်။

DDI ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံးလက်အောက်မှာ ကပစ ၂၅ ရုံ လည်ပတ်နေတယ်လို့ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ဒီစက်ရုံတွေက ထုတ်လုပ်တဲ့ စနိုက်ပါရိုင်ဖယ်၊ မောင်းပြန်ရိုင်ဖယ်၊ အူဇီ စတဲ့ ပြည်တွင်းထုတ်လက်နက်တွေနဲ့ စစ်ကောင်စီက နှိမ်နင်းပါတယ်။

ဒီအချိန်မှာ လူထုမှာ လက်နက်ဆိုလို့ အပ်တစ်ချောင်းတောင် မရှိခဲ့ဘဲ နောက်ပိုင်းမှာမှ လက်လုပ်သေနတ်အပြင် ရှော့တိုက်ဒုံး၊ လက်လုပ်မိုင်း၊ ပဒေသာမိုင်း၊ ဒရုန်းစတာတွေ ထုတ်လုပ်ပေမယ့် စစ်ကောင်စီလို စက်ရုံထုတ်တွေ မဟုတ်ပါဘူး၊
စစ်ကောင်စီကတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အစ္စရေး စတဲ့ နိုင်ငံတွေက လက်နက်တွေ သုံးနိုင်ရုံမက ပြည်တွင်းထုတ်လက်နက်တွေပါ သုံးနေတာပါ။ ကပစက ထုတ်လုပ်တဲ့ လက်နက်တွေကို ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအခမ်းအနားမှာ ခင်းကျင်းပြသတာကိုလည်း တွေ့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်တစ်လက်ရဖို့ သိန်း ၂ဝဝ လောက် အကုန်အကျခံရချိန်မှာ နိုင်ငံ့သယံဇာတတွေထုတ်ယူရောင်းချပြီး ငွေပုံအောသုံးနိုင်လို့ ပြည်တွင်းထုတ်လက်နက်တွေသာမက ပြည်ပကပါ လက်နက်တွေ ဝယ်ယူစုဆောင်းပြီး ဆန့်ကျင်သူမှန်သမျှကို မြေပြင်ကရော ဝေဟင်ကပါ နှိမ်နင်းပေမယ့် တော်လှန်ရေးအရှိန်အဟုန်က တုံ့ဆိုင်းမသွားပါဘူး။

ဒါနဲ့ပတ်သက်လို့ အနုနည်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ လူထုနဲ့ပေါင်းစည်းပါဝင်လာတဲ့ CDM တပ်ကြပ်ကြီး ဇေယျ ရှုမြင်တာက ....
“တော်လှန်ရေးကို သူ့ဘက်ကလည်း အဆုံးမသတ်နိုင်ဘူးဆိုတာ ဘယ်စစ်ပွဲမှာဆိုဆို လေကြောင်းဘယ်လောက်ပဲကောင်းကောင်း မြေပြင်မှာ ဝင်မရှင်းနိုင်ဘူးဆိုရင်၊ မြေပြင်မှာတပ်တွေ မသိမ်းနိုင်ဘူးဆိုလို့ရှိရင် အဆင်မပြေဘူးလေ။ ဥပမာ ၁၉၅၀ ကိုရီးယားစစ်ပွဲမှာ စိတ်ကြိုက် ဗုံးကြဲတယ်။ ဗုံးကြဲတယ်ဆိုတာ ခုလိုမျိုးတစ်လုံးချင်း နှစ်လုံးချင်းလာကြဲတာမျိုးမဟုတ်ဘူး။ မဟာဗျူဟာကျ ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ ဗုံးကို အတွဲလိုက် ပဒေသာဗုံး သွန်ချတာ၊ ဗီယက်နမ်လည်း အဲဒီအတိုင်းပဲ၊ သူတို့သေအောင် ဗုံးကြဲတယ်။ သူတို့ဘယ်မှာ နိုင်ခဲ့လို့လဲ။ ခုလည်း အဲဒီလိုပဲ၊ သူတို့ဗုံးကြဲတယ်၊ ကျွန်တော်တို့ကို တိုက်တယ်ဆိုတာက ခဏ နည်းနည်းပါးပါးတန့်သွားမယ်။ ကျွန်တော်တို့က ဗျူဟာကျကျ စည်းစည်းလုံးလုံးနဲ့ စနစ်တကျ ပြန်ပြီး ကာကွယ်နိုင်မယ်ဆိုလို့ရှိရင် စနစ်တကိကာကွယ်နိုင်တယ်ဆိုလို့ရှိရင် သူတို့သေလောက်အောင်ကြဲ ဘာမှ အဆင်မပြေဘူး။ ”
ကပစ စက်ရုံ ၂၅ ရုံကနေ ကျည်ဆန်ကစလို့ လေကြောင်းရန်ကာကွယ်ရေးလက်နက်ကြီးတွေထိ ထုတ်လုပ်နေတာပါ။
မကွေးတိုင်းမှာ ၁၅ ရုံ၊ ပဲခူးတိုင်းမှာ ၇ ရုံ၊ တပ်ကုန်းမှာ နှစ်ရုံနဲ့ တိုက်ကြီးမှာ တစ်ရုံရှိပြီး စက်ရုံအားလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဝေးတဲ့နေရာတွေမှာ ရွေးချယ်တည်ဆောက်ထားပေမယ့် ကပစ စက်ရုံ အများဆုံးရှိပြီး အရင်က ယမ်းငွေ့မသန်းခဲ့တဲ့ မကွေးတိုင်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ လက်နက်ကိုင်ခုခံတွန်းလှန်မှု အားအကောင်းဆုံးဒေသ ဖြစ်လာပါတယ်။