စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်သင်တန်း ပေးနေ
2024.02.14

ဧရာဝတီတိုင်းမှာ ကျုံပျော်၊ မြန်အောင်၊ ကြံခင်း၊ ကျိုက်လတ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ မဲနှိုက်ခေါ်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါဟာ စစ်အင်အားဖြည့်ဖို့ စုဆောင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က RFA ကိုပြောပါတယ်။
“ရှေ့တန်းမှာ သူတို့ရဲ့ စစ်သားတွေအားလုံးလည်း တွေ့နေကြတဲ့အတိုင်းပဲ။ လက်နက်ချ အညံ့ခံတာတွေ၊ နိုင်ငံခြားကို ထွက်ပြေးတာတွေ၊ ရှေ့တန်းမှာ ကျဆုံးတာတွေပေါ့။ အဲဒီလိုမျိုး ဖြစ်နေတဲ့အတွက် သူတို့မှာ စစ်သားလိုအပ်ချက် အရမ်းမြင့်မားနေတယ်ပေါ့။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဧရာဝတီက သူတို့စိုးမိုးနိုင်တဲ့ သူတို့အုပ်ချုပ်နိုင်တဲ့ နေရာဖြစ်တဲ့အခါ အဲဒီနေရာမှာပဲ သူတို့အဓိက စစ်သားလိုအပ်ချက်အတွက် စစ်သား ရှာဖွေတာပေါ့လေ”
မဲပေါက်ပြီး စစ်ထဲမလိုက်နိုင်တဲ့သူတွေကို ငွေဆယ်သိန်းအထိ တောင်းတာလည်းရှိတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
“ရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဇန်နဝါရီလကစပြီး တစ်ရွာကို လူ ဆယ်ယောက်လောက်အထိ ခေါ်နေပါတယ်”
ကျိုက်လတ်မြို့နယ်မှာတော့ ကျေးရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ဆိုပြီး ထားဝယ်မှိုင်း၊ ရုံးဒေါင့်၊ ထရော်ရွာသစ်၊ အိမ်ယာကြီး၊ လှည်းဆိပ်၊ ကလပ်ရပ်၊ ခနောင်ရွာသစ် စတဲ့ကျေးရွာတွေမှာ ဇန်နဝါရီလကစလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ပြည်သူ့စစ်သင်တန်းတက်ဖို့ လူ တစ်ရာလောက် စုဆောင်းနေသလို၊ အဲဒီအထဲက လူ သုံးဆယ်လောက်ကို သင်တန်းပေးနေပြီလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“သူတို့အုပ်ချုပ်ရေးမှူးတွေက ဘယ်လိုပြောပြီး စုဆောင်းနေလဲဆိုရင် PDF တွေက ကိုယ့်ကိုလာမသတ်ခင် ကိုယ်က လက်ဦးအောင်သတ်နိုင်ဖို့ ဒီလိုသင်တန်းတွေ တက်ထားရမယ် ဆိုတဲ့ဟာတွေပေါ့နော်။ ကိုယ့်ရွာကို ကိုယ့်မြို့ကိုကာကွယ်ဖို့ ဆိုတဲ့ဟာမျိုးတွေနဲ့ သူတို့က ဖိအားတွေပေးပြီးတော့ စုဆောင်းနေတာလည်း ဖြစ်ပါတယ်”
မော်လမြိုင်ကျွန်းမြို့နယ်မှာလည်း ဇန်နဝါရီလဆန်းပိုင်းကစပြီး ခလရ ၅၃၄ တပ်ရင်းမှာ စစ်သင်တန်းတက်ဖို့ခေါ်သလို မလိုက်ချင်တဲ့သူကတော့ ငွေဆယ်သိန်းအထိ ပေးရတယ်လို့ အဲဒီဒေသခံကပြောပါတယ်။
အလားတူ ကျုံပျော်မြို့နယ်က မိုးကြိုးပစ်ရွာ၊ အိုင်မရွာ၊ အင်းရဲကျွန်းကျေးရွာနဲ့ ကျုံပျော်မြို့ တောင်ဘက်ပိုင်းက ရွာတွေမှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ ဇန်နဝါရီလကစပြီး တစ်ရွာကို လူ ဆယ်ယောက်လောက်အထိ ခေါ်နေတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
“ဒေသခံတွေကတော့ အဲဒီလိုပေါ့နော်။ မလိုက်ဘူးပေါ့နော်။ ငွေထည့်ရမယ်ဆိုလည်း ငွေလောက်ကိုတော့ ပေးနိုင်တယ်။ လူကတော့ မလိုက်နိုင်ဘူးပေါ့။ အလုပ်အကြောင်းပြပြီး သားသမီးရှိတဲ့သူတွေဆိုရင်တော့ ခရီးသွားနေကြတာ များတယ်။ အဲဒီလိုမျိုး ရှောင်ထွက်ကုန်ပြီပေါ့နော်”
မြန်အောင်မြို့နယ်မှာလည်း တစ်ရပ်ကွက်ကို အနည်းဆုံး လူသုံးယောက် စာရင်းပေးဖို့ ညွှန်ကြားထားလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကြံခင်းမြို့နယ်မှာလည်း လူ သုံးဆယ်ရွေးချယ်ပြီး မြန်အောင်နဲ့ ပုသိမ်မှာ စစ်သင်တန်း တစ်လခွဲတက်ဖို့ ပြည်သူ့စစ်ခေါင်းဆောင်ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့က လိုက်ပြောနေတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
ပုသိမ်ခရိုင်မှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ခေါ်တာ တစ်မြို့နယ်ကို အယောက် ငါးဆယ်နှုန်းလောက်ရှိမယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ချောင်းသာ၊ ငွေဆောင်၊ ပုသိမ်၊ ကံကြီးထောင့် ဘာညာ အဲဒါတွေအထိပါပြီးတော့ မနှစ်က သင်တန်းတွေ ခေါ်ပေးတာရှိတယ်။ ဒီမြို့နယ်အကုန်လုံး ခုနစ်မြို့နယ်လုံးမှာဆိုရင် ပျမ်းမျှ တစ်မြို့နယ်ကို ငါးဆယ်လောက်တော့ ရှိမယ်အစ်ကို။ တချို့မြို့နယ်တွေက ပိုများနိုင်တယ်။ ကျောင်းကုန်းတို့ ဘာတို့ဆိုရင် ပြည်သူ့စစ်အင်အားက စစ်ကောင်စီ ထောက်ခံတဲ့အင်အား ကောင်းတယ်လေ”
စစ်သင်တန်းကို ပုသိမ်မြို့က ခလရ (၂၇၁) တပ်ရင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှာ ပေးနေတာလို့ ဒေသခံတွေကပြောပါတယ်။
ပြည်သူ့စစ်သင်တန်းဆင်းတွေကို လူသားဒိုင်းအဖြစ် အသုံးချတာတွေလည်း ရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ကျွန်တော်တို့ရရှိထားတဲ့ သတင်းအရဆိုရင်လည်း တချို့နယ်မြေတွေမှာ ပြည်သူ့စစ်အနေနဲ့ စုဆောင်းထားတဲ့သူတချို့ကို ရှေ့ကနေပြီးတော့ သွားခိုင်းတာမျိုးပေါ့နော်။ လူသားဒိုင်း လုပ်တာမျိုးတွေလည်း ကြုံတွေ့ခဲ့ရပြီးတော့ အဲဒီမှာလည်း ကျဆုံးမှုတွေ အများအပြားရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားသိထားရတာ ရှိပါတယ်ဗျ”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ဒီနေ့ဖြစ်နေတဲ့ အခြေအနေအရ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသား စစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ လိုအပ်လာတယ်”လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်တဲ့အကြောင်း ကြေညာအပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်တပ်မီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါတယ်။
ဒီဥပဒေ ကြေညာလိုက်တဲ့အချိန်ကစလို့ မိဘတွေ၊ လူငယ်တွေကြားမှာ ဒေါသတွေ၊ စိုရိမ်းသောကတွေ များနေတာလည်း တွေ့ရပါတယ်။